စိတ်ဖိစီးမှုကြောင့် ခံစားရနိုင်တဲ့ရောဂါများ

လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။ စိတ်ဖိစီးမှုများလာတဲ့အခါ ဒီရောဂါတွေခံစားလာရနိုင်ပါတယ်။

နှလုံးရောဂါ – ကာလရှည်ကြာစိတ်ဖိစီးတာကြောင့်သွေးပေါင်ချိန်မြင့်ရာကနေနောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်း နဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီးသွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။

ပန်းနာရင်ကျပ် -လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။

အဝလွန် – စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့်နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။

ဆီးချို – အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်သလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီးသွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။

ခေါင်းကိုက် – စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာကခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာကခေါင်းကိုက်စေတဲ့အပြင်ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါခံစားရစေနိုင်ပါတယ်။