တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။ စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် ….. စိတ်ဖိစီးမှုကြောင့် ဘာတွေဖြစ်နိုင်လဲ ဆက်ကြည့်လိုက်ရအောင်နော်။
စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ်
လူတွေရဲ့ ခန္ဓာကိုယ်က စိတ်ဖိစီးမှုကို ခံစားတုံ့ပြန်နိုင်စွမ်းရှိကြပါတယ်။ ဒါပေမယ့် ဘယ်လောက်ကြာကြာသိမ်းထားမလဲဆိုတာကတော့ ကိုယ့်ရဲ့ စိတ်ဆုံးဖြတ်ချက်ပေါ်မှာ မူတည်နေမှာပါ။ လူတစ်ယောက်ဟာနေ့စဉ်နဲ့အမျှ စိတ်ဖိစီးမှုကို ခံစားလာရမယ်ဆိုရင်တော့ အပြုသဘောမဆောင်နိုင်တော့ဘဲ အပျက်သဘောဆောင်လာပြီး ခန္ဓာကိုယ်မှာရောဂါတွေဝင်လာတော့တာပေါ့။ စိတ်ဖိစီးမှုများရင် ဒီရောဂါတွေဖြစ်နိုင်တယ် ။
နှလုံးရောဂါ – ကာလရှည်ကြာစိတ်ဖိစီးတာကြောင့်သွေးပေါင်ချိန်မြင့်ရာကနေနောက်ပိုင်းမှာ နှလုံးရောဂါခံစားရနိုင်ပါတယ်။ စိတ်ဖိစီးမှုက နှလုံးခုန်နှုန်း နဲ့ သွေးစီးဆင်းမှုကို တိုးစေနိုင်ပြီးသွေးတွင်းကိုလက်စထရောများလာစေတာကြောင့် နှလုံးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။
ပန်းနာရင်ကျပ် -လေ့လာမှုတွေအရ စိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါကို ပိုဆိုးစေနိုင်ပါတယ်။ ကာလရှည်ကြာစိတ်ဖိစီးမှုက ပန်းနာရင်ကျပ်ရောဂါ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။
အဝလွန် – စိတ်ဖိစီးမှုများတာက ကိုယ်တွင်းမှာကော်တီစောဟော်မုန်းပမာဏကို တိုးစေပြီး ဝမ်းဗိုက်၊ တင်ပါးနဲ့ခြေထောက်တွေမှာ အဆီတွေစုစေရာကနေတဆင့်နောက်ဆုံးမှာ အဝလွန်တာအထိဖြစ်စေနိုင်ပါတယ်။
ဆီးချို – အချိုစားများမှ ဆီးချိုဖြစ်တာမဟုတ်ပါဘူး။ စိတ်ဖိစီးမှုကြောင့် ဆီးချိုဖြစ်နိုင်သလို ဆီးချိုရှိသူတွေမှာလည်း ပိုဆိုးစေနိုင်ပါတယ်။ စိတ်ဖိစီးမှုများလာတဲ့အခါ ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်မှုပုံစံတွေဖြစ်လာစေပြီးသွေးတွင်းအချိုဓာတ်ကိုမြင့်တက်စေမှုကနေတဆင့် ဆီးချိုရောဂါကို ခံစားရစေပါတယ်။
ခေါင်းကိုက် – စိတ်ဖိစီးမှုများလာတဲ့အခါ အရင်ဆုံးခံစားရမှာကခေါင်းကိုက်တာပါ။ စိတ်ဖိစီးမှုများတာကခေါင်းကိုက်စေတဲ့အပြင်ခေါင်းတစ်ခြမ်းကိုက်ရောဂါကိုပါခံစားရစေနိုင်ပါတယ်။