backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ


Dr. Thant Zin မှ ရေးသားသည်။ · 12/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

စိတ်ဓာတ်ကျနေသူကို ဘယ်လိုအားပေးမလဲ

လူအများဟာ ကိုယ်တိုင်ဖြစ်စေ၊ မိမိပတ်ဝန်းကျင်က မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေသူငယ်ချင်းဖြစ်စေ စိတ်ဓာတ်ကျချိန်နဲ့ ရင်ဆိုင်ဖူးကြပါလိမ့်မယ်။ စိတ်ကျခြင်းဝေဒနာကို ခံစားရချိန်မှာ အနီးအနားမှာရှိသူများဟာ အရေးကြီးပါတယ်။ စိတ်ကျခြင်းကို သက်သာစေဖို့ အားပေးကူညီသူများ လိုအပ်ပါတယ်။

ယနေ့ကမ္ဘာမှာ စိတ်ဖိစီးမှုများလာတာနဲ့အတူ စိတ်ကျဝေဒနာခံစားရသူများလည်း များပြားလာပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ မိမိပျော်ရွှင်နေကြအရာတွေကို စိတ်မဝင်စားတော့ခြင်း စတဲ့လက္ခဏာတွေ ဝင်လာရင်တော့ စိတ်ကျခြင်းဖြစ်ပွားလာတဲ့ အခြေအနေဖြစ်နိုင်လို့ သတိပြုသင့်ပါတယ်။

ယခုဆောင်းပါးမှာတော့ မိမိအနားက မိတ်ဆွေသူငယ်ချင်း တစ်ဦးဦး စိတ်ကျဝေဒနာ ခံစားရချိန်မှာ ဘယ်လိုနှစ်သိမ့်ကူညီသင့်သလဲ ဖော်ပြသွားမှာ ဖြစ်ပါတယ်။

စိတ်ကျနေသူကို ဘယ်လိုသတင်းမေးသင့်သလဲ

မိမိရဲ့မိတ်ဆွေ စိတ်ကျခြင်း ဘယ်လောက်ထိ ဖြစ်နေသလဲ သိရှိနားလည်မှသာ သူ့နေ့စဉ်ဘဝမှာ ဘယ်လောက်ထိ ထိခိုက်ခံစားနေရမယ်ဆိုတာကို သိရှိနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ဒီလိုမေးမြန်းခြင်းဟာ သူ့ရဲ့ခံစားချက်တွေ၊ တွေ့ကြုံနေရတာတွေကို စိတ်ဝင်စားပေးရာ ရောက်ပါတယ်။

မေးမြန်းသင့်တဲ့ အရာတွေကတော့

– မင်း ဘာတွေခံစားနေရသလဲ ငါ့ကိုပြောပြနိုင်မလား

– ခုချိန် ဘာလုပ်ရရင် ပျော်နိုင်မလဲ

– တခြားသူတွေနဲ့ အတူရှိရတာ ပျော်ရဲ့လား

– မင်းမှာ အင်အား ဘယ်လောက်ရှိသေးလဲ

– အရင်ကထက် ပိုအိပ်ဖြစ်လား၊ အရင်လောက်ရော အိပ်ဖြစ်ရဲ့လား

– အရင်ကထက် ပိုစားဖြစ်လား၊ အရင်လောက်ရော စားဖြစ်ရဲ့လား

– အခုဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေအပေါ် အာရုံစိုက်နိုင်ရဲ့လား

– သေခြင်းအကြောင်းတွေ၊ ကိုယ့်ဖာသာ အဆုံးစီရင်ဖို့အကြောင်းတွေ တွေးဖြစ်နေလား စတာတွေ ဖြစ်ပါတယ်။

မမေးသင့်သော မေးခွန်းများ

စိတ်ကျနေသူကို ကူညီရာမရောက်ဘဲ ဝေဖန်ရာရောက်တဲ့၊ အပြစ်တင်ရာရောက်တဲ့ မေးခွန်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။ စိတ်ကျနေသူများဟာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေ၊ သူတို့မှားတယ်ထင်တာတွေအတွက် သူတို့ကိုယ်သူတို့ အပြစ်တင်ပြီးသားဖြစ်လို့ နောက်ထပ်ဝေဖန်ပြစ်တင်တာတွေ မလုပ်သင့်တော့ပါဘူး။ စိတ်ကျခြင်းဟာ စိုးရိမ်သင့်တဲ့ ရောဂါအခြေအနေတမျိုးဖြစ်တာမို့ ဂရုစိုက်သင့်ပါတယ်။

ရှောင်ရှားသင့်တဲ့ မေးခွန်းတွေကတော့

– မင်း ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ

– ငါ မင်းကို ပျော်အောင် လုပ်မပေးနိုင်ဘူးလား

– မင်း ဘယ်တော့မှ နေလို့ကောင်းမှာလဲ

– ဒါ မင်းစိတ်သက်သက်ကြောင့် ဖြစ်နေတာ နားမလည်ဘူးလား

– ဒီကိစ္စလေးကို မင်း ဘာလို့ ဒီလောက်ထိ စဉ်းစားနေရတာလဲ

– တခြားသူတွေ အခြေအနေက မင်းထက် ပိုဆိုးတာရော သိရဲ့လား စတာတွေ ဖြစ်ပါတယ်။

ဘယ်လိုနှစ်သိမ့်မလဲ

စိတ်ကျသူကို ကူညီနှစ်သိမ့်မယ်ဆိုရင် စိတ်ကျခြင်းရဲ့ သဘောတရားကို သိထားဖို့ လိုပါတယ်။ စိတ်ကျခြင်းရဲ့ လက္ခဏာတွေကို ဦးစွာ လေ့လာသိရှိထားရပါမယ်။ လက္ခဏာတွေ အမျိုးမျိုးကွဲပြားနိုင်ပေမယ့် အဓိကအားဖြင့်

– ဝမ်းနည်းခြင်း၊ တန်ဖိုးမရှိသလို ခံစားရခြင်း၊ အပြစ်ရှိသလို ခံစားရခြင်း

– ယခင်ကပျော်ရွှင်ခဲ့ဖူးသည့်အရာများကို စိတ်မဝင်စားတော့ခြင်း

– အစားအသောက်/ကိုယ်အလေးချိန် ပြောင်းလဲလာခြင်း

အိပ်စက်ပုံ ပြောင်းလဲလာခြင်း

ပင်ပန်းနွမ်းနယ်ခြင်း၊ အားအင်မရှိခြင်း

– အာရုံစူးစိုက်ရန် ဆုံးဖြတ်ချက်ချရန် ခက်ခဲခြင်း

– သေခြင်းအကြောင်း၊ မိမိကိုယ်ကို သတ်သေခြင်းအကြောင်းများ တွေးလာခြင်း စတာတွေ ဖြစ်ပါတယ်။

စိတ်ကျသူကို ကူညီရာမှာ သူတို့ကို စာနာပေးဖို့ လိုအပ်ပါတယ်။ ကိုယ်ချင်းစာစိတ်ကို ပြသဖို့ကတော့ စကားပြောပေးခြင်းဟာ အကောင်းဆုံးပါပဲ။ အားပေးစကား ပြောပေးရပါမယ်။ အရေးကြီးတာက သူတို့နေရာက ဝင်ကိုယ်ချင်းစာပြီး အလေးအနက်ပြောပေးဖို့ပါပဲ။

သင့်ဆီကနေလည်း ဘာအကူအညီလိုတယ်ဆိုတာ သိရှိဖို့လိုပါတယ်။ သူတို့ကို ကိုယ်တိုင် ဖွင့်မေးနိုင်သလို မိမိဖာသာ သိရှိအောင်လည်း ကြိုးစားသင့်ပါတယ်။ အသေးအဖွဲတွေကအစ ကူညီနိုင်အောင် ကြိုးစားသင့်ပါတယ်။ ဥပမာအားဖြင့်

– ဆေးသောက်ချိန် သတိပေးခြင်း

– ဆရာဝန်ပြသရာမှာ၊ ဆေးရုံဆေးခန်းပြရာမှာ အဖော်ပြုပေးခြင်း

အစားအစာအချို့ချက်ပြုတ်ပေးခြင်း

လေ့ကျင့်ခန်းလုပ်ဖို့၊ လူတွေနဲ့ စကားပြောဖို့ တိုက်တွန်းအားပေးခြင်း

– လက်ကို ဆုပ်ကိုင်အားပေးခြင်း

– တစ်ခါတစ်ရံမှာ တစ်ဦးတည်းနေချင်စိတ်ပေါ်စဉ် နားလည်မှုပေးခြင်း စတာမျိုးတွေ ဖြစ်ပါတယ်။

ဒါ့အပြင် ကုသမှုခံယူဖို့ တိုက်တွန်းသင့်ပါတယ်။ စိတ်ကျသူများဟာ စိတ်အားထက်သန်မှု ပျောက်ဆုံးနေတတ်ပါတယ်။ ဆေးဝါးကုသမှု ခံယူလိုစိတ်လည်း ပျောက်နေတတ်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ ပြသဖို့ အာပေးတိုက်တွန်းသင့်ပါတယ်။

ဆေးဝါးကုသမှုခံယူနေချိန်နဲ့ ပြန်လည်သက်သာလာချိန်မှာလည်း အထူးဂရုစိုက်သင့်ပါတယ်။ အဆိုပါနေ့ရက်တွေမှာ ကိုယ်လက်လေ့ကျင့်ခန်း အတူပြုလုပ်ပေးခြင်း၊ အစားအသောက်အတူ စားသောက်ပေးခြင်း၊ ပျော်စရာများ အတူဖန်တီးခြင်း၊ အပြင်ကို အတူထွက်ပေးခြင်း စတာတွေ ပြုလုပ်ပေးသင့်ပါတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေ၊ အတွေးတွေကို မျှဝေခံစားပေးသင့်ပါတယ်။

အဓိကကတော့ သင်ဟာ သူတို့အတွက် အသင့်ရှိနေပေးတယ်ဆိုတာ သူတို့သိမြင်နေဖို့ပါပဲ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။




Dr. Thant Zin မှ ရေးသားသည်။ · 12/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement