backup og meta

အိမ်ထောင်ရေး ဖောက်ပြန်မှု ကနေ နာလန်ထူနိုင်စေမယ့် နည်းလမ်း (၉) ခု

အိမ်ထောင်ရေး ဖောက်ပြန်မှု ၊ သမီးရည်းစား ဖောက်ပြန်မှု တစ်ခုကို ကြုံရတဲ့အခါ တုံ့ပြန်ပုံက အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ကိုယ့်ရဲ့ အဖော်နဲ့ သူရဲ့ နောက်တစ်ယောက်ကို ဒေါသထွက်တာ၊ ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တာ၊ ဘယ်သူ့ကို အပြစ်တင်ရမှန်းမသိဘဲ ရင်ဘတ်ထဲမှာ တင်းကျပ်နေတာတွေက ကိုယ့်ကျန်းမာရေးကို ဖျက်လိုဖျက်ဆီး ဖြစ်စေပါတယ်။ ဖောက်ပြန်မှုနဲ့ ကြုံတွေ့ရတာက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အတွေ့အကြုံဖြစ်တာကြောင့် ဒီကနေ  နာလန်ပြန်ထူနိုင်ဖို့ အချိန်လိုပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှုကို တုံ့ပြန်ပုံ အမျိုးမျိုး

ဘာကြောင့်ပဲ ဖြစ်ပါစေ။ ဖောက်ပြန်မှု ဖြစ်တာက ဖြစ်ပြီးခဲ့ပါပြီ။ ဖောက်ပြန်မှု တစ်ခုနဲ့ ကြုံတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တုံ့ပြန်မှုက မတူပါဘူး။

စစချင်းမှာတော့ ဒေါသဖြစ်မယ်၊ ငါ့ကျမှ ဘာလို့ ဖြစ်တာလဲဆိုပြီး မချင့်မရဲတွေ ဖြစ်မယ်။ ငါဘာများ မှားလို့လဲဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မယ်။ သစ္စာဖောက်ခံရတာကြောင့် ကျားနာကျသလို အကုန်လုံးကို ရန်တွေ့ချင်နေမယ်။ တုံဏိဘာဝေနဲ့ ဒါဟာ အိပ်မက်တစ်ခု ဖြစ်မှာပါဆိုပြီး အဖြစ်မှန်ကို လက်မခံရဲတာလည်း ဖြစ်နိုင်ပါတယ်။

နည်းနည်းလေး စိတ်နဲ့ လူနဲ့ ကပ်လာချိန်မှာတော့ ဒီဆက်ဆံရေးကို ရပ်လိုက်တာမျိုးလည်း ရှိနိုင်သလို တစ်ခါလောက် အခွင့်အရေး ပေးကြည့်တာပေါ့လို့ ဆုံးဖြတ်လိုက်တဲ့ အတွဲတွေလည်း ရှိမှာပါ။ အိမ်ထောင်သည်တွေဆိုရင်တော့ ကိုယ့်ခံစားချက်အပြင် ကလေးတွေကိုပါ ထည့်သွင်းစဉ်းစားကြမှာပါ။

ဒီနေရာမှာ အရေးကြီးတာက အပြင်လူအနေနဲ့  ဝေဖန်တာ၊ အကြံပေး တိုက်တွန်းတာတွေ မလုပ်မိဖို့ပါပဲ။ ဒီလို ဖောက်ပြန်တတ်တဲ့သူနဲ့ ကွဲလိုက်ပါလားလို့လည်း မပြောသင့်သလို၊ ကလေးရဲ့ မျက်နှာလည်းရှိသေးတယ် သည်းခံလိုက်ပါလို့လည်း မတိုက်တွန်းသင့်ပါဘူး။

ဒီအိမ်ထောင်ရေး၊ ဒီဆက်ဆံရေးကို ဒီနှစ်ဦးက လွဲပြီး ဘယ်သူကများ ပိုသိဦးမှာလဲ။ ဒါကြောင့် ကွာရှင်းသည်ဖြစ်စေ၊ ဆက်ပေါင်းသည်ဖြစ်စေ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို လေးစားပေးရမှာ ဖြစ်ပါတယ်။

အိမ်ထောင်ရေး ဖောက်ပြန်မှု ကနေ နာလန်ထူနိုင်စေဖို့

တတိယလူ ပေါ်လာတဲ့အချိန်မှာ ဖောက်ပြန်ခံရသူက အနာကျင်ဆုံး ဖြစ်မှာပါ။ ဖောက်ပြန်တဲ့သူက ကိုယ့်ရဲ့ အသိတွေထဲက ဖြစ်နေမယ်ဆိုရင် စံပယ်ရယ် သူငယ်ချင်းတွေမို့ဆိုပြီး ပိုပြီးတောင် ခံရခက်မှာပါ။

ဖောက်ပြန်ခံရတာက ဘဝရဲ့ ကြီးမားတဲ့ အပြောင်းအလဲပါ။ ကိုယ်ချစ်ရင် ချစ်ခဲ့သလောက်၊ ယုံကြည်ခဲ့သလောက် ပိုပြီး နာကျင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ စိတ်ရော လူပါ ဂျုံးဂျုံးကျသွားနိုင်ပါတယ်။

ဒါပေမဲ့ ဒါက ဘဝရဲ့ အဆုံးသတ်မဟုတ်ပါဘူး။ ဒီကနေ ပြန်ပြီး နာလန်ထဖို့ အတူတူ ကြိုးစားလို့ ရပါသေးတယ်။

  • လက်ခံလိုက်ပါ။

ဒါက ဖြစ်ပြီးသွားပြီဆိုတာကို အရင်လက်ခံလိုက်ဖို့ လိုပါတယ်။ ခက်ခဲတယ်ဆိုပေမယ့် အမှန်တရားကို လက်ခံလိုက်ပြီဆိုတာနဲ့ ဘာဆက်လုပ်မလဲဆိုတဲ့ လမ်းကြောင်းက ပွင့်လာမှာ ဖြစ်ပါတယ်။

  • လက်တုံ့ပြန်မယ်လို့ မတွေးပါနဲ့။

သူတောင် ဖောက်ပြန်တာ၊ ငါလည်း ဖောက်ပြန်မယ်လို့ မတွေးပါနဲ့။ မလုပ်ပါနဲ့။ ဒါက နောက်ဆုံးမှာ သင့်ကိုယ်ပဲ နာကျင်စေမှာပါ။ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်မှာ မဟုတ်ပါဘူး။ လက်တုံ့ပြန်ချင်စိတ်ကြောင့် အတွဲခံရသူအတွက်လည်း မတရားပါဘူး။

  • အပြစ်မတင်ပါနဲ့တော့။

ဖောက်ပြန်ခံရပြီဆိုတာနဲ့ လူတိုင်းက ‘ငါဘာများ မှားခဲ့လို့လဲ’ လို့ ကိုယ့်ကိုယ်ကို မေးလေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း အပြစ်မတင်ပါနဲ့။ အဖော်နဲ့ သူ့ရဲ့ နောက်လူကိုလည်း အပြစ်မတင်ပါနဲ့တော့။ အပြစ်တွေတင်ပြီး အဖြေတွေ အတင်းရှာနေတာက ကိုယ့်ကိုပဲ စိတ်ပင်ပန်းစေမှာပါ။

  • ကိုယ့်ကိုယ်ကို အချိန်ပေးပါ။

ဒီအဖြစ်အပျက်တွေကို လက်ခံဖို့ရော၊ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားဖို့ရော အချိန်တစ်ခုလိုပါတယ်။ အလျင်စလို မဆုံးဖြတ်လိုက်ပါနဲ့။ တစ်ယောက်တည်း သီးသန့်နေတာဖြစ်ဖြစ်၊ ခရီးသွားတာဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အချိန်ပေးပြီး ခေါင်းအေးအေးထား ဆုံးဖြတ်ပါ။

  • ကိုယ့်အဖော်နဲ့ စကားပြောပါ။

ဒီနေရာမှာ နှစ်‌ယောက်သားဆုံပြီး တစ်ယောက်နဲ့ တစ်ယောက် အပြစ်တင်ဖို့၊ အတိတ်က ကိစ္စတွေကို ပြန်တူးဆွဖို့ မဟုတ်ပါဘူး။ ရှေ့ဆက်ပြီး ဘာလုပ်ကြမလဲဆိုတာကို တိုင်ပင်ဖို့ပါ။ ကလေးရှိတဲ့ အိမ်ထောင်သည်တွေဆို ပိုပြီး အရေးကြီးပါတယ်။ ကလေးနဲ့ ပတ်သက်ပြီး ဘယ်လိုတွေ အုပ်ထိန်းမယ်ဆိုတာကိုပါ ဆွေးနွေးကြဖို့ လိုပါတယ်။

  • ပြီးရင်တော့ ကိစ္စတွေကို ဖြတ်လိုက်ပါတော့။

ပြန်ပေါင်းမလား၊ လွှတ်ပေးလိုက်တော့မလား ဆုံးဖြတ်ပြီးသွားရင် ဒီနွံထဲက တဖြည်းဖြည်း ရုန်းထွက်နိုင်ဖို့ ကြိုးစားပါတော့။ သူတို့အကြောင်းကို တတ်နိုင်သမျှ စိတ်မဝင်စားမိအောင် နေပါ။ ဆိုရှယ်မီဒီယာမှာလည်း သွားသွားမကြည့်ပါနဲ့။ ပို့စ်တွေ shareပြီးလည်း သွားမခနဲ့ပါနဲ့တော့။ ဖုန်းဆက်တာတွေ၊ စာပို့တာတွေလည်း မလုပ်ပါနဲ့။ သူတို့ စက်ဝန်းထဲကို ဝင်မသွားမိအောင် ကိုယ့်ကိုယ်ကို ထိန်းပါ။

  • ကိုယ့်ကိုယ်ကို ပြန်တည်ဆောက်ပါ။

ကိစ္စတွေ ဖြတ်ပြီးရင်တော့ ကိုယ့်အတွက်ကိုယ် ပြန်ကြည့်ဖို့ လိုပါပြီ။ ဒီတလောမှာ အအိပ်အစားတွေ ပျက်ထားရင် ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပါ။ လေ့ကျင့်ခန်းလုပ်တာ၊ တရားထိုင်တာတွေ လုပ်ပါ။ အသစ်အဆန်းတွေ သင်ယူပါ။ ကိုယ်ချစ်တဲ့သူတွေကို အချိန်ပိုပေးပါ။

ကိုယ့်ကိုယ်ကို ချစ်ပါ။ ဂရုစိုက်ပါ။ ဒီလိုအချိန်မှာ ကိုယ့်ထက်အရေးကြီးတာ ဘာများရှိဦးမှာလဲ။

  • နှစ်သိမ့်ဆွေးနွေးဖို့ ဝန်မလေးပါနဲ့။

စိတ်ပင်ပန်းလွန်းတဲ့အခါ နှစ်သိမ့်ဆွေးနွေးမှု ခံယူပါ။ အနည်းဆုံးတော့ လုံလုံခြုံခြုံ ရင်ဖွင့်စရာ ရတာပေါ့။ အအိပ်အစားတွေ ပျက်လွန်းပြီး ကိုယ့်ကိုယ်ကို မဟုတ်တဲ့ အတွေးတွေ တွေးလာရင် စိတ်ရောဂါဆရာဝန်ရဲ့ အကူအညီကို ရယူပါ။

ဒါတွေက သင်ပျော့ညံ့လို့ ဖြစ်တာ မဟုတ်ပါဘူး။ သူတို့ကို ရှုံးသွားတာလည်း မဟုတ်ပါဘူး။  တုန်လှုပ်စရာကောင်းတဲ့ အဖြစ်အပျက်ကြောင့် နေမကောင်းဖြစ်သွားတာကို ကုသတယ်လို့ပဲ တွေးပါ။

ငါသန်မာမှရမယ်၊ ပြိုလဲသွားလို့ မဖြစ်ဘူးဆိုပြီး အတင်းကြီး သန်မာချင်ယောင် မဆောင်ပါနဲ့။ ပြိုလဲလို့ ရပါတယ်။ ငိုလို့လည်း ရပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့သာ မမေ့ပါနဲ့။

  • ထပ်ချစ်ဖို့ မကြောက်ပါနဲ့။

လူတိုင်းက ကိုယ့်အ‌ဖော်လိုမျိုး ဖောက်ပြန်မှာ မဟုတ်ပါဘူး။ အပြင်မှာ လူကောင်းတွေ အများကြီး ရှိပါသေးတယ်။ ကိုယ့်ကို တကယ်ချစ်မယ့်သူကို ရှာတွေ့နိုင်ပါသေးတယ်။ ဒါကြောင့် အခွင့်အရေးကြုံလာတဲ့အခါ ထပ်ချစ်ကြည့်ဖို့ မကြောက်ပါနဲ့။

ဖောက်ပြန်မှုတွေကနေ ကျော်လွှားနိုင်ဖို့ ဘယ်လောက်ကြာနိုင်မလဲ

ဒါကတော့ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ် ကွာခြားနိုင်ပါတယ်။ အများစုကတော့

  • စစချင်း ၆ပတ်လောက်မှာ ဒေါသထွက်တာ၊ ဝမ်းနည်းတာ၊ အားမလိုအားမရဖြစ်တာ၊ ပေါက်ကွဲချင်တာတွေ ဖြစ်တတ်ပါတယ်။
  • ၆လလောက်နေရင်တော့ နည်းနည်းသက်သာစပြုလာပြီး လူတွေကြားမှာ သွားသွားလာလာ နေနိုင်ပါပြီ။
  • ၉လကနေ ၁၂လလောက်ဆိုရင်တော့ ဖြစ်သမျှကို လက်ခံလာနိုင်ပြီး ခွင့်လွှတ်ဖို့ ကြိုးစားလာနိုင်ပါပြီ။
  • ၁၂လကနေ ၁၈လလောက်မှာတော့ သူ့ကို လွှတ်ချလာနိုင်ပါပြီ။ အချစ်သစ်တစ်ခုကို စမယ်ဆိုရင်လည်း လက်ခံနိုင်လောက်တဲ့ အခြေအနေဖြစ်လာပါပြီ။

ဖောက်ပြန်ခံရတဲ့ အတွေ့အကြုံကို ပေါ့ပေါ့လေးလို့ မတွေးပါနဲ့။ ဒါက ကိုယ့်ရဲ့ စိတ်နဲ့ ကိုယ်ကို ပြိုလဲတဲ့အထိ ပြင်းထန်နိုင်ပါတယ်။ ဖောက်ပြန်ခံရသူကို ဘေးလူတွေက ကူညီဖေးမဖို့ လိုသလို ကာယကံရှင် ကိုယ်တိုင်ကလည်း နာလန်ထူဖို့ ကြိုးစားသင့်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Steps to Heal Beyond the Hurt of an Affair https://psychcentral.com/relationships/getting-over-the-hurt-of-an-affair Accessed date Oct 10 2023

Long-Term Psychological Effects of Infidelity https://psychcentral.com/health/long-term-psychological-effects-of-infidelity Accessed date Oct 10 2023

Post Infidelity Stress Disorder https://journals.healio.com/doi/full/10.3928/02793695-20051001-06 Accessed date Oct 10 2023

How Infidelity Causes Post Traumatic Stress Disorder https://www.psychologytoday.com/intl/blog/rediscovering-love/201709/how-infidelity-causes-post-traumatic-stress-disorder Accessed date Oct 10 2023

Recovering from the trauma of infidelity https://ct.counseling.org/2020/04/recovering-from-the-trauma-of-infidelity/ Accessed date Oct 10 2023

ယခုပုံစံ

23/04/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ

ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters


Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · မှ ရေးသားထားပါသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 23/04/2024 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။