backup og meta

ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters

ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters

ဖောက်ပြန်ခံရတာထက်ဆိုးတာ ဘာလဲသိကြလား။ ခဏခဏဖောက်ပြန်ခံရတာပဲတဲ့။

ကွင်းဆက်လူသတ်သမား (serial killer) လိုမျိုးပဲ သမီးရည်းစားဆက်ဆံရေး၊ အိမ်ထောင်ရေးတွေမှာ အကြိမ်ကြိမ်ဖောက်ပြန်တဲ့သူတွေကို ကွင်းဆက်ဖောက်ပြန်တဲ့သူ (serial cheater) တွေလိုခေါ်ကြတယ်။ ဒါကို စိတ်ရောဂါတစ်မျိုးလိုမျိုး နောက်ပိုင်းမှာ ကျွမ်းကျင်သူတွေကလည်း ပြောလာကြပါတယ်။ ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters အကြောင်းလေး လေ့လာလိုက်ရအောင်နော်။

အကြိမ်ကြိမ်ဖောက်ပြန်သူတွေရဲ့ စိတ်ဓာတ်နောက်ကွယ်

တစ်ကြိမ်ဖောက်ပြန်ဖူးတဲ့သူဟာ နောက်တစ်ကြိမ်ဖောက်ပြန်ဖို့ ဝန်မလေးဘူးဆိုတာလည်း ကြားဖူးကြမှာပါ။ ဒီစကားဟာ မှန်ရဲ့လားပေါ့နော်။ ဒါအတွက် တိကျတဲ့ ဆေးပညာဖြေရှင်းချက်က ရှိနေပြန်တယ်။

ဦးနှောက်ထဲက အမိုင်ဒလာ (amygdala) ဆိုတဲ့ ခံစားချက်အမျိုးမျိုးကိုတုန့်ပြန်တဲ့ အစိတ်အပိုင်းတစ်ခုရှိပါတယ်။ မကောင်းတာလုပ်ပြီးတိုင်း အပြစ်ရှိတယ်ဆိုတဲ့ခံစားချက်ကို အဲဒီအစိတ်အပိုင်းက ပေးပါတယ်။

ဒါပေမဲ့ မရိုးမသားလုပ်တဲ့ အကြိမ်ရေများလာတိုင်း အမိုင်ဒလာကလည်း ကျင့်သားရလာပြီး မကောင်းဘူး မလုပ်နဲ့ဆိုတဲ့ တုံ့ပြန်မှုတွေဟာ လျော့ကျလာပါတယ်။ ဒီလို အခြေအနေကို မရိုးသားမှုကို ကျင့်သားရလာတယ်လို့ လေ့လာသူတွေက ခေါ်ကြတယ်။

အရပ်စကားနဲ့ပြောမယ်ဆိုရင်တော့ တစ်ကြိမ်တစ်ခါ လိမ်မိရင် အပြစ်ရှိတယ်လို့ခံစားရတယ်။ ၃-၄ ကြိမ်ဆက်ဆက်ပြီး လိမ်တဲ့အခါ အပြစ်ရှိတယ်လို့ ထင်တဲ့ ခံစားချက်ကလည်း တဖြည်းဖြည်း ပျောက်သွားတယ်။ တော်တော်ကြာလာတဲ့ချိန်မှာ မကောင်းတာလုပ်ဖို့အတွက် ဘာခံစားချက်မှမရှိသလို ဝန်လည်းမလေးတော့ဘူး။

ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters တွေက ဘယ်လိုလူမျိုးတွေဖြစ်တတ်လဲ။

ကွင်းဆက်ဖောက်ပြန်သူများ သို့မဟုတ် Serial Cheaters ကတော့

၁။ ဒီလိုဖောက်ပြန်တာကို မှားတယ်လို့မထင်တဲ့သူတွေ

ဒီလိုလူမျိုးတွေဟာ သူတို့ရဲ့အမှားကို တမင်လက်မခံတာဖြစ်နိုင်သလို မှားတယ်လို့တကယ်ကို စိတ်ထဲကမထင်တဲ့သူတွေပေါ့။ ငယ်ငယ်တုန်းက ဖောက်ပြန်တာကို ထမင်းစားရေသောက်လုပ်ခဲ့ ပြောခဲ့တဲ့ မိဘဆွေမျိုးတစ်ယောက်ယောက်ရှိခဲ့ရင် ဒီအကျင့်ကို မမှားဘူးလို့ ယူဆသွားနိုင်တယ်။

၂။ ငယ်ငယ်လေးနဲ့ မိဘစွန့်ပစ်ခံရတဲ့သူတွေ

သူတို့တွေဟာ အသက်ငယ်ငယ်လေးထဲက စွန့်ပစ်ခံရတယ်ဆိုတဲ့ ခံစားချက်မျိုးတွေကို သိပြီး ခံစားပြီးသွားပြီ။ သူတို့ရဲ့ ကို်ယ်ပိုင် စိတ်ဒဏ်ရာကြောင့် အချစ်ရေးမှာ သူတို့ဟာ ထားခဲ့ခံရတဲ့သူမဖြစ်အောင် အသစ်အသစ်တွေကို ကြိုရှာရင်းနဲ့ ဖောက်ပြန်တဲ့သူတွေဖြစ်လာကြတာပေါ့နော်။

၃။ လိင်ကိစ္စကို အလွန်အမင်းစိတ်ဝင်စားသူတွေ

ဒီလိုလူမျိုးတွေကတော့ ရှင်းပါတယ်။ လူတစ်ယောက်နဲ့ ချစ်ခင်ရင်းနှီးတာကနေ ရတဲ့ သာယာတာတွေမလုံလောက်လို့ လူအများကြီးနဲ့ ဆက်ဆံရတာကိုကြိုက်တဲ့သူမျိုးပေါ့။

၄။ ကိုယ့်တန်ဖိုးအမှန်မသိသူတွေ

ဒီလိုလူမျိုးတွေဟာ လူတွေအများကြီးနဲ့ တွဲနိုင်တယ် လူအများကြီးကိုလှည့်စားနိုင်တယ် တဲ့အချက်ကို သူတို့ဘဝရဲ့ အောင်မြင်မှုလို့ယူဆတတ်ကြပါတယ်။ ဒီလိုစိတ်အခြေအနေတွေကလည်း ငယ်ငယ်က ဘာလုပ်လုပ်အပြစ်ပြောခံရတာ၊ အချီးမွမ်းမခံရတာ စသဖြင့် စိတ်ဒဏ်ရာကနေ အခြေခံတတ်ပါတယ်။

အကြိမ်ကြိမ်ဖောက်ပြန်တတ်သူဖြစ်နိုင်တယ်ဆိုတာ ဘယ်လိုသိမလဲ။

၁။ သူ့သူငယ်ချင်းတွေ မိသားစုတွေနဲ့ မမိတ်ဆက်ပေးဘူး။

လူအများနဲ့ မိတ်ဆက်ပေးလိုက်တယ်ဆိုတာနဲ့ သူ့အကြောင်းတွေပေါ်ဖို့ ပိုပြီးအခွင့်အရေးများလာလို့ပါပဲ။ ဒါကြောင့် အများအားဖြင့် သူသင့်ကိုတွဲနေတယ်ဆိုတာ လူအများရှေ့မှာ ထုတ်ပြောမှာမဟုတ်ပါဘူး။

၂။ အမြဲမအားဘူး။

မေးလိုက်တိုင်း ဘာလုပ်နေတယ်ဆိုတာကို တိတိကျကျမသိရဘူး။ အလုပ်များနေတယ် သူငယ်ချင်းတွေနဲ့ သွားနေတယ်ဆိုတဲ့ စကားကိုခဏခဏကြားရတယ်ဆိုရင်တော့ ဒါသံသယရှိစရာဖြစ်လာပါပြီ။

၃။ သူ့ဖုန်းကိုလုံးဝပေးမကိုင်ဘူး။

ဖောက်ပြန်တာတွေရဲ့ အဓိက ရင်းမြစ်တွေဟာ ဖုန်းတွေ ဆိုရှယ်မီဒီယာတွေပါ။ ဖုန်းထဲက မက်ဆေ့တွေ၊ ဆိုရှယ်မီဒီယာတွေကို လုံးဝပေးမကြည့်ဘဲ အရမ်းကိုကာကွယ်နေပြီဆိုရင်တော့ တစ်ခုခုတော့ ရှိနေပါပြီ။

၄။ သင်ဟာ အရင်က တတိယလူပါ။

သင်နဲ့ကလည်း သူ့ရဲ့အဆက်ဟောင်းကို ဖောက်ပြန်ပြီးမှ တွဲဖြစ်တာဆိုရင်တော့ ခုချိန်မှာလည်း သင့်အပြင် တခြားသူရှိဖို့ အခွင့်အရေးပိုများလာပါပြီ။

၅။ စိတ်ထဲမှာ အမြဲမတင်မကျဖြစ်နေတယ်။

လူတိုင်းမှာ မကောင်းတာတွေကို မသိစိတ်ကနေ ကြိုသိနေတာမျိုးဖြစ်တတ်ပါတယ်။ သိစိတ်က မဟုတ်လောက်ပါဘူးဆိုရင်တောင် မသိစိတ်က သံသယစိတ်နဲ့ နေနေတတ်ပါတယ်။ တခါတလေကျရင်တော့ ကိုယ့်ရဲ့ မသိစိတ်ဟာ အရမ်းမှန်နေတတ်ပါတယ်နော်။

ဒီလိုအကြိမ်ကြိမ်ဖောက်ပြန်တတ်တဲ့စိတ်ရှိတဲ့သူတွေဟာ ယောကျ်ားပဲလုပ်တတ်တယ်၊ မိန်းမပဲ လုပ်တတ်တယ်ဆိုပြီး မရှိပါဘူး။ ဖောက်ပြန်တာ လူတစ်ယောက်ရဲ့ အကျင့်လား မွေးထဲကပါလာတဲ့စိတ်ဓာတ်လားဆိုတာလည်း ခွဲခြားဖို့တော့ ခက်ပါတယ်။ လူတိုင်းဟာ ကိုယ်လုပ်သင့်တာမလုပ်သင့်လား စဉ်းစားဆင်ခြင်နိုင်စွမ်း လျော့သွားတဲ့ တဒင်္ဂအချိန်လေးအတွင်းမှာ အမှားတွေကို ကျူးလွန်မိတတ်ကြပါတယ်။ ဒါကတော့ သဘာဝပါပဲ။

ဒါပေမဲ့ အကြိမ်ကြိမ်ဖြစ်နေတာကိုတော့ လူမှုရေးဖောက်ပြန်တဲ့ စိတ်ရောဂါတစ်ခုလို့ သတ်မှတ်လို့ရပါတယ်။ ဖောက်ပြန်ခံရတဲ့ကိုယ့်ရဲ့ ခင်ပွန်း၊ ဇနီး၊ ချစ်သူမှာလည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်တာတွေ၊ စိတ်ဒဏ်ရာတွေကို ကာလရှည်ကြာ ခံစားကြရပါတယ်။ ဒါကြောင့် ဒီဆောင်ပါးလေးကနေပြီးတော့ ကွင်းဆက်ဖောက်ပြန်သူတွေအကြောင်းကို ဖော်ပြရင်း သာယာပျော်ရွှင် လှည့်စားမှုတွေကင်းဝေးတဲ့ အချစ်ရေးတွေ တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cosmopolitan.com/sex-love/a16571297/signs-of-a-cheater/ Accessed on 17 October, 2019

https://www.maxim.com/maxim-man/why-serial-cheaters-cheat-again-2017-3 Accessed on 17 October, 2019

ယခုပုံစံ

15/06/2023

Dr. Yee Mon Lwin မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သာယာတဲ့ အိမ်ထောင်ရေး တစ်ခု လိုချင်တယ်ဆိုရင် မမေ့ထားသင့်တဲ့ အချက်တွေ

သင်၏အိမ်ထောင်ရေးကို ပျက်ဆီးစေနိုင်သော အလေ့အထ(၈)ရပ်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Yee Mon Lwin မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement