လေဒီတို့ ကျန်းမာလှပစေဖို့အတွက် အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ အာဟာရဆိုတဲ့ နေရာမျာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေအပြင် မေ့ထားလို့ မဖြစ်ဘဲ ပြည့်ဝနေဖို့ လိုအပ်မယ့် အာဟာရဓာတ် တစ်မျိုးရှိပါသေးတယ်။
ဒါကတော့ အမျှင်ဓာတ်ပါ။ အမျှင်ဓာတ်က လူတိုင်း ကျန်းမာဖို့ လိုအပ်သလို အမျိုးသမီးတွေကို ကျန်းမာစေဖို့လည်း အထောက်အကူပြုပေးပါတယ်။
လေဒီ နဲ့ အမျှင်ဓာတ်
အမျှင်ဓာတ်က အမျိုးသမီးတိုင်း ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုပါ။ အမျှင်ဓာတ် ပြည့်ဝစွာ စားသုံးပေးတာက လေဒီတို့ရဲ့ ကိုယ်ခံအားကိုရော စိတ်ကျန်းမာရေးကိုပါ အထောက်အပံ့ ဖြစ်စေတာပါ။
ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အမျှင်ဓာတ်ကို ပြည့်ဝ လုံလောက်စွာ စားသုံးပေးတာက အစာခြေစနစ်ကို ကျန်းမာစေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေကို ပြည့်ဝစွာ စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။
အမျှင်ဓာတ်ကို လုံလောက်စွာ မရရှိတာက ဝမ်းချုပ်တာ နဲ့ အခြားသော ကျန်းမာရေးပြဿနာ အမျိုးမျိုးကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ကြွယ်ဝတဲ့
- ပဲအမျိုးမျိုး၊
- ဘယ်ရီသီးတွေ၊
- အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေ
- သစ်သီးတွေ ပါဝင်အောင် စားသုံးပေးသင့်ပါတယ်။
အမျှင်ဓာတ် ပြည့်ဝတာက လေဒီတို့ကို အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်တဲ့
- နှလုံးရောဂါ
- ဆီးချို
- နာတာရှည် အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု (IBS)
- အူမကြီးကင်ဆာ
- အဝလွန်တာတို့ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
အမျှင်ဓာတ်က အဆာခံနိုင်စေပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်စေဖို့ အများကြီး အထောက်အကူပြုပါတယ်။
အသက်အရွယ်အလိုက် လေဒီတို့ လိုအပ်မယ့် အမျှင်ဓာတ်
အမျှင်ဓာတ်က လေဒီတွေကို ကျန်းမာစေဖို့ ထောက်ပံ့ပေးတာ မှန်ပေမယ့် သင့်တင့်တဲ့ ပမာဏ စားသုံးမိဖို့တော့ လိုပါမယ်။ အမျိုးသမီး အများစုက အမျှင်ဓာတ်ကို လုံလောက်အောင် မစားမိကြပါဘူး။ ဒီတော့ ကိုယ့် အသက် အပိုင်းအခြား အလိုက် သင့်တင့်တဲ့ အမျှင်ဓာတ် ပမာဏ စားမိစေဖို့ ဆက်ကြည့်လိုက် ရအောင်လား။
- လေဒီက အသက် ၁၉ နှစ်ကနေ ၃၀ ကြားဆိုရင် တစ်နေ့တာ လိုအပ်မယ့် အမျှင်ဓာတ် ပမာဏက ၂၈ ဂရမ်ပါ။
- လေဒီက အသက် ၃၁ နှစ်ကနေ ၅၀ ကြားဆိုရင် တစ်နေ့တာ လိုအပ်မယ့် အမျှင်ဓာတ် ပမာဏက ၂၅ ဂရမ်ပါ။
- လေဒီက အသက် ၅၁ နဲ့ အထက်ဆိုရင် တစ်နေ့တာ လိုအပ်မယ့် အမျှင်ဓာတ် ပမာဏက ၂၂ ဂရမ်ပါ။
နေ့စဉ် စားသုံးမှုမှာ အမျှင်ဓာတ် ပါဝင်အောင် စားသုံးလို့ ကျန်းမာလှပတဲ့ လေဒီလေး ဖြစ်အောင် ကိုယ်တိုင် ဖန်တီးယူလိုက်တော့နော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။