backup og meta

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

    Covid-19 ကြောင့် အမြဲတမ်း အပြင်သွားနေကျ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စားသောက်နေကျ၊ Gym သွားပြီး လေ့ကျင့်ခန်းလုပ်နေကျလူတွေ အိမ်မှာပဲ အကျယ်ချုပ်ကျသလို ဖြစ်သွားတဲ့ခံစားချက်ကြီးက တော်တော်ကို အဆင်မပြေတာပါ။ ဒီလိုမျိုး တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေး နေနေရတဲ့အခါ နောက်ထပ်သတိထားသင်တဲ့အချက်ကတော့ ကိုယ်အလေးချိန် တက်လာတာပါပဲ။

    ဘာကြောင့် ကိုဗစ်ကာလမှာ လူတွေ ကိုယ်အလေးချိန်တက်လာတာလဲ။

    လူဆိုတာ စိတ်ညစ်ရင် အစားပိုစားတတ်တဲ့အမျိုးပါ။ အထူးသဖြင့် ဘယ်မှလည်း မသွားရဘဲ အိမ်ထဲမှာပဲ အောင်းပြီး၊ ဘာလုပ်လို့လုပ်ရမှန်းလည်း မသိ၊ ရည်ရွယ်ချက်ပျောက်သွားတဲ့ အချိန်တွေမှာဆိုရင် ပိုပြီးတောင် အစားသောင်းကျန်းတတ်ပါတယ်။ ဒီအခါ ဘာတွေစားတတ်လဲဆိုတော့ အာဟာရလည်းမဖြစ်၊ ကယ်လိုရီတွေကို ပိုတက်စေတဲ့ အစာတွေကို အလွန်အကျွံစားလိုက်မိတော့တာပါပဲ။ အဓိက ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ

  • အချို၊ အဆီလွန်ကဲတဲ့ အစားအစာများကို ပိုမိုစားသုံးလာခြင်း
  • အိမ်မှာ ကိုယ်တိုင်မချက်တော့ဘဲ အပြင်ကနေ အစားအစာများကို မှာစားခြင်း
  • မုန့်ပဲသရေစာတွေကို အများကြီးဆောင်ထားပြီး ဗိုက်ဆာချိန်တိုင်း၊ ပျင်းနေချိန်တိုင်း၊ ရုပ်ရှင်ကြည့်ချိန်တိုင်း ထစားတတ်ခြင်း
  • အတိုင်းအဆမရှိဘဲ တရားလွန် စားမိခြင်း
  • တစ်နေရာတည်းမှာ အကြာကြီးထိုင်နေခြင်း၊ လှဲနေခြင်း
  • ကိုယ်လက်လေ့ကျင့်ခန်း မလုပ်မိခြင်း
  • အိပ်ချိန်မမှန်ခြင်း စတဲ့အချက်တွေ ပါဝင်နေပါတယ်။
  • ဒါဆို ဒီပြဿနာကို ဘယ်လိုကိုင်တွယ်ထိန်းချုပ်မလဲ။

    ဘယ်သူမဆို ခုလို ကိုဗစ်ကာလကြောင့် ဖြစ်တဲ့နောက်ဆက်တွဲကို ရှောင်လွှဲလို့မရပါဘူး။ စိတ်ညစ်မယ်ဆိုတာလည်း မှန်ပေမယ့် ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးဆိုတာရှိတာ မေ့ထားလို့တော့ မဖြစ်ပါဘူး။

    ဒါကြောင့် ကိုယ့်အနေနဲ့ တစ်ခုခုကို စားချင်စိတ် ဖြစ်လာပြီဆိုရင်

    ၁။ အလုပ်တစ်ခုခု ထလုပ်လိုက်ပါ။

    အိပ်ခန်း၊ အိမ်ရှေ့ခန်း၊ အိမ်သာ၊ မီးဖိုချောင် စတဲ့နေရာတွေကို ထပြီး သန့်ရှင်းရေးလုပ်တာမျိုး၊ ကိုယ့်ရုံးအလုပ်တွေကို အာရုံစိုက်ပြီး လုပ်လိုက်တာ၊ ရေထချိုးလိုက်တာ အစရှိသဖြင့် လုပ်လိုက်လို့ ရပါတယ်။ အဓိက အစာစားချင်တဲ့စိတ်ကို ပျောက်သွားအောင် အာရုံလွှဲပေးလိုက်တဲ့ သဘောပါပဲ။

    ၂။ မုန့်ပဲသရေစာ စားသုံးမှုပမာဏကို ကန့်သတ်ထားပါ။

    လုံးဝမစားရဘူးလို့ မဆိုလိုပါဘူး။ ဒီလိုမျိုး အကုန်လုံးအိမ်မှာ ပိတ်မိနေတဲ့ ကပ်ဘေးကာလမှာ ဘာမှလုပ်စရာမရှိရင် ရှိတဲ့မုန့်ထိုင်စားတတ်တာတော့ သဘာဝပဲလေ။ ဒါပေမယ့် တစ်နေ့ကို ဒီလောက်ပဲ စားမယ်ဆိုပြီး အကန့်အသတ်နဲ့ သတ်မှတ်ထားတာကတော့ ပိုကောင်းပါတယ်။ အနည်းဆုံးတော့ တစ်ထိုင်တည်းနဲ့ ကယ်လိုရီတွေအများကြီး ဗိုက်ထဲ မရောက်သွားတော့ ကိုယ်ခန္ဓာကလည်း ကယ်လိုရီတွေ အရမ်းမချေဖျက်ရတော့ဘူးပေါ့။

    ၃။ ရှိတဲ့ပစ္စည်းနဲ့ လေ့ကျင့်ခန်းလုပ်ပါ။

    Gym တွေ အကုန်ပိတ်လို့ လေ့ကျင့်ခန်း လုပ်လို့မရတော့ဘူးဆိုတာ မရှိပါဘူး။ လုပ်ချင်စိတ်သာရှိရင် ကိုယ့်အိမ်မှာ ရှိတဲ့ ပစ္စည်းတွေနဲ့ အကုန်လုပ်လို့ ရပါတယ်။ ရေပုံးထမ်းတာ၊ ဘားခိုတာ၊ ထိုင်ထလုပ်တာ၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာမျိုးတွေအပြင် ၁၀ မိနစ်လောက် အိမ်ရှေ့နဲ့နောက်ဖေး လမ်းပတ်လျှောက်တာမျိုး လုပ်ပေးရင်တောင် ခန္ဓာကိုယ်ရဲ့ အဆီလောင်ကျွမ်းနှုန်းကို မြင့်တက်စေနိုင်ပါတယ်။

    ၄။ စိတ်ကို သိပ်ပြီးမပူလောင်ပါစေနဲ့။

    ကိုဗစ်ကာလမှာ ဘယ်သူမဆို စိတ်ညစ်ကြတယ်၊ အနာဂတ်အတွက်ရော၊ မိသားစုအတွက်ရော တွေးပူရတယ်။ ဒါကတော့ သဘာဝပဲဆိုပေမယ့် ဒီလိုတွေးပူနေလို့ ဘာမှပြောင်းလဲမသွားဘူးဆိုတဲ့အချက်ကိုတော့ သိထားဖို့ လိုပါတယ်။ အဓိက အပြင်သွားမယ်ဆိုရင် လိုအပ်တဲ့ ပြင်ဆင်မှုတွေ လုပ်မယ်၊ အိမ်မှာပဲ နေနေတဲ့သူတွေကလည်း ရှိတဲ့အလုပ်လေးတွေ လုပ်မယ်၊ ကိုယ့်စိတ်ကို ပျော်နေတာမျိုး မဟုတ်ရင်တောင် ညစ်တဲ့ အခြေအနေမျိုး မဖြစ်အောင် ထိန်းထားဖို့ပဲ လိုတာပါ။ စိတ်ညစ်နေရင် တွေ့ကရာအကုန်လျှောက်စားတဲ့ လူ့စိတ်အခံကြောင့် ဒီအမူအကျင့်ကို ထိန်းထားဖို့က တော်တော်အရေးကြီးပါတယ်။

    ၅။ ညဘက်ကို စောစောအိပ်ပါ။

    ညမအိပ်တဲ့အခါ ဗိုက်က အချိန်အခါမဟုတ် ဆာလာတတ်ပါတယ်။ အဲဒီအခါ ကိုယ်က တွေ့ကရာမုန့်တွေ ယူစားလိုက်တယ်၊ အထဲက အစာအိမ်တွေက အနားယူနေတော့ ကောင်းစွာ မချေဖျက်နိုင်တော့ဘူး။ နောက်ဆက်တွဲအနေနဲ့ အဆီနဲ့ ကယ်လိုရီတွေ မလောင်ကျွမ်းဘဲ ခန္ဓာကိုယ်ထဲ စုပုံသွားမယ်။ ဒါ့အပြင် အစာမကြေတော့ လူက အီလည်လည်ဖြစ်ပြီး နေထိုင်မကောင်းဖြစ်တော့မှာပေါ့။ ဒါကြောင့် တတ်နိုင်သလောက်ကို ညကို ညဉ့်နက်တဲ့အထိ မနေဘဲ စောစောအိပ်ရာဝင်ခြင်းဖြင့် ကိုယ့်ရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ကြရအောင်။

    Covid-19 နဲ့ ပတ်သက်ပြီး လောလောဆယ် ပြောပေးလို့ရတာကတော့ အကုန်လုံး တတ်နိုင်သလောက် အိမ်မှာပဲ နေထိုင်ကြပါ။ ပိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ပြီး စိတ်ကို ချမ်းသာအောင် မွေးမြူပါ။ နိုင်ငံတကာ ဆေးဘက်ဆိုင်ရာပညာရှင်တွေကလည်း ကာကွယ်ဆေး၊ ကုသဆေးတွေကို အလျင်မီ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့အတွက် ထိုကာလမရောက်တဲ့အချိန်ထိ ကိုယ်ရော၊ ကိုယ့်မိသားစုပါ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖြစ်အောင် ကိုယ်ကစပြီး ပြည်သူအားလုံး ကြိုးစားပေးကြပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement