backup og meta

ဆံပင်များကို သန်စွမ်းနေမည့် ဗီတာမင်နှင့် အာဟာရဓာတ်များ


Dr. Thant Zin မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်များကို သန်စွမ်းနေမည့် ဗီတာမင်နှင့် အာဟာရဓာတ်များ

    ဆံပင်များ နက်မှောင်သန်စွမ်းခြင်းဟာ ကျန်းမာခြင်း၊ လှပခြင်းရဲ့ သင်္ကေတလို့ လူအများစုကို ရှုမြင်ကြပါတယ်။ ကိုယ်ခန္ဓာရဲ့ အခြားအစိတ်အပိုင်းတွေလိုပဲ ဆံပင်များဟာလည်း ကောင်းစွာသန်စွမ်းနိုင်ဖို့ အာဟာရဓာတ် အမျိုးမျိုး လိုအပ်ပါတယ်။ အသက်အရွယ်၊ မျိုးရိုးဗီဇနဲ့ ဟော်မုန်းတွေနဲ့ သက်ဆိုင်တယ်ဆိုပေမယ့် ဆံပင်သန်ဖို့ဆိုရင် အာဟာရဓာတ်တွေဟာ အဓိကကျပါတယ်။

    ယခုဆက်လက်ဖော်ပြမှာကတော့ ဆံပင်များ သန်းစွမ်းကျန်းမာစေဖို့ အရေးကြီးတဲ့ ဗီတာမင်နဲ့ အာဟာရဓာတ်တွေ ဖြစ်ပါတယ်။

    ၁။ ဗီတာမင် A

    ဆဲလ်အားလုံးဟာ ကြီးထွားဖွံ့ဖြိုးဖို့ ဗီတာမင် A ကို လိုအပ်ပါတယ်။ ဆံပင်တွေအတွက်လည်း ဒီအတိုင်းပါပဲ။ ဗီတာမင် A ဟာ အရေပြားဂလင်းတွေကနေ ဆီဘမ် (sebum) လို့ခေါ်တဲ့ အဆီဓာတ်တမျိုးကို ထုတ်လုပ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ဆီဘမ်ဟာ ဦးရေပြားရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးပြီး ဆံပင်များကို သန်စွမ်းစေပါတယ်။ ဗီတာမင် A ချို့တဲ့ရင်လည်း ဆံပင်များ အကျွတ်များပါတယ်။ ကန်စွန်းဥ၊ မုန်လာဥနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ် စတာတွေမှာ ဗီတာမင် A အဖြစ်ပြောင်းလဲနိုင်မယ့် ဘီတာကရိုတင်းကြွယ်ဝပါတယ်။ ဗီတာမင် A ကို နွားနို့၊ ဥအမျိုးမျိုးနဲ့ ဒိန်ချဉ် စတာတွေမှာလည်း တွေ့ရှိရပါတယ်။

    ၂။ ဗီတာမင် B အုပ်စု

    ဘိုင်အိုတင် (biotin) ဟာ ဗီတာမင် B အုပ်စုဝင်ဖြစ်ပြီး ဆံပင်များ သန်စွမ်းဖို့ များစွာ အထောက်အကူပြုပါတယ်။ ဘိုင်အိုတင် ချို့တဲ့ရင် ဆံပင်ကျွတ်တတ်ပါတယ်။ ဘိုင်အိုတင်ကိုတော့ အစားအစာအတော်များများမှာ တွေ့ရပါတယ်။ တခြား ဗီတာမင် B များဟာလည်း သွေးနီဥများထုတ်လုပ်ရာမှာ ပါဝင်ပြီး အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ဦးရေပြားနဲ့ ဆံပင်အရင်းဆီရောက်စေဖို့ အားပေးတာကြောင့် ဆံပင်များသန်စွမ်းစေဖို့ အထောက်အကူပြုပါတယ်။ ဗီတာမင် B အုပ်စုကို အစေ့အဆန်များ၊ အသား၊ ငါးများနဲ့ အစိမ်းရင့်ရောင် အရွက်တွေမှာ တွေ့နိုင်ပါတယ်။

    ၃။ ဗီတာမင် C

    ဖရီးရယ်ဒီကယ်များ ကိုယ်ခန္ဓာကဆဲလ်တွေကို ထိခိုက်ပျက်စီးစေတတ်ပြီး ဆံပင်များကိုပါ ထိခိုက်စေပါတယ်။ ဗီတာမင် C ဟာ ဓာတ်တိုးဖိစီးခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဖြစ်ပါတယ်။

    ဒါ့အပြင် ဗီတာမင် C ဟာ ဆံပင်များကို သန်စွမ်းစေနိုင်မယ့် ကော်လဂျင်များ ထုတ်လုပ်ရာမှာ အထောက်အကူပြုပါတယ်။ ဒါ့အပြင် ဆံပင်ပေါက်ဖို့ အရေးကြီးတဲ့ သံဓာတ်ကို ကိုယ်ခန္ဓာကနေ စုပ်ယူနိုင်ဖို့လည်း ဗီတာမင် C ကို လိုအပ်ပါတယ်။ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ သံပုရာသီး စတဲ့အချဉ်အရသာရှိတဲ့ အသီးများဟာ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

    ၄။ ဗီတာမင် D

    ဗီတာမင် D နည်းပါးရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ သုတေသနများအရ ဆံပင်အရင်းမှာ မွေးညင်းပေါက်ကလေးတွေကို ကောင်းစွာဖွံ့ဖြိုးဖို့ ဗီတာမင် D က အထောက်အကူပြုတယ်လို့ သိရပါတယ်။

    ဗီတာမင် D ကို နေရောင်ကနေ ရရှိနိုင်ပါတယ်။ အဆီဓာတ်ကြွယ်ဝတဲ့ငါးများ၊ မှိုအချို့နဲ့ ဖြည့်စွက်စာအချို့ကနေ ဗီတာမင် D ကို ရရှိနိုင်ပါတယ်။

    ၅။ ဗီတာမင် E

    ဗီတာမင် E ဟာလည်း ဗီတာမင် C လိုပဲ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဖြစ်ပါတယ်။ ဓာတ်တိုးဖိစီးခြင်းတွေကို ကာကွယ်နိုင်ပြီး ဆံပင်များအတွက် အထာက်အကူပြုပါတယ်။

    သုတေသနတခုမှာ ဖော်ပြချက်အရ ဆံပင်ကျွတ်တတ်သူအချို့ဟာ ဗီတာမင် E ကို ၈လအကြာ သုံးစွဲပြီးချိန်မှာ ဆံပင်ပေါက်နုန်းဟာ ၃၅ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ သိရပါတယ်။ နေကြာစေ့၊ ဟင်းနုနွယ်၊ ထောပတ်သီး စတာတွေဟာ ဗီတာမင် E ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။

    ၆။ အခြား အာဟာရဓာတ်များ

    ဆံပင်များ သန်စွမ်းစေဖို့ အထောက်အကူပြုတဲ့ အာဟာရဓာတ်တွေကတော့ သံဓာတ်၊ ဇင့်၊ ပရိုတိန်း စတာတွေ ဖြစ်ပါတယ်။ သံဓာတ်ကို အသားများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဟင်းနုနွယ် စတဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

    ဇင့်ကိုတော့ ကမာကောင်၊ အမဲသား၊ ဟင်းနုနွယ်၊ ရွှေဖရုံစေနဲ့ ပဲနီလေး စတာတွေကနေ ရရှိနိုင်ပါတယ်။ ပရိုတိန်းကိုတော့ အသားငါးအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးကနေ ရရှိနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 06/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement