backup og meta

ဆောင်းရာသီမှာ အနာရင်းတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီမှာ အနာရင်းတတ်ပါတယ်။ အဲဒီလိုမဖြစ်အောင် ဘယ်လိုဂရုစိုက်ကြမလဲ။

    ဆောင်းရာသီ ဆိုတာ လူတိုင်းနီးပါးကြိုက်ကြတဲ့ ရာသီတစ်ခုပါ။ ပတ်ဝန်းကျင်ကလည်း အေးချမ်းတယ်၊ မိုးရာသီလို စိုစွတ်နေတာမျိုးလည်းမရှိ၊ နွေရာသီလို ချွေးတလုံးလုံးနဲ့ ပင်ပန်းလွယ်နေတာမျိုးလည်းမရှိဆိုတော့ ဆောင်းတွင်းရောက်ပြီဆို အနွေးထည်ဖက်ရှင် ကိုယ်စီနဲ့လူတိုင်းပျော်ကြတာပေါ့။ ဆောင်းတွင်းဆို ပတ်ဝန်းက နေလို့ထိုင်လို့ကောင်းတာမှန်ပေမယ့် ကိုယ်တွင်းမှာတော့ အသားအရေခြောက်လိုက်၊ အနာဖြစ်ရင် အနာပိုရင်းလိုက်၊ တုပ်ကွေးတွေပိုမိလိုက်နဲ့ ပြဿနာတွေ ရှုပ်နေပါတော့တယ်။

    ဆောင်းတွင်းရောက်ပြီဆို အသားပပ်ရတာနဲ့၊နှုတ်ခမ်းကွဲတာရတာနဲ့ ထိခိုက်မိတဲ့ ဒဏ်ရာတွေကလည်း အနာကျက်နှေးရတာနဲ့ အရေပြားပြဿနာတွေ အမျိုးကိုစုံနေတာပါပဲ ။ အေးတဲ့ ရာသီဥတုကြောင့်ဆောင်းတွင်းဆိုဗိုင်းရပ်စ်ေတွနဲ့ ဘက်တီးရီးယားတွေပိုရှင်သန်နိုင်ကြတဲ့အတွက် အအေးမိ၊တုပ်ကွေးေတွအဖြစ်များကြသလို ရာသီဥတုအေးတော့ သွေးလည်ပတ်မှုတွေလည်း မကောင်းတော့လို့ ခုခံအားစနစ်လည်း အားနည်းလာပါတယ်။ ဒါတွေကြောင့် ဆောင်းတွင်းမှာ အနာရင်းတာအနာပိုးဝင်နိုင်ခြေများတာတွေ ပိုဖြစ်နိုင်တာပါ။ နောက်တစ်ချက်ကအေးနေပြီဆို လူတွေက အိမ်ထဲမှာပဲ ကွေးနေတတ်ကြလို့ အလုံပိတ်အခန်းထဲမှာ အနာနဲ့ ပိုးမွှားဘက်တီးရီးယားေတွထိတွေ့မှုပိုများနိုင်ပါတယ်။

    ဆောင်းတွင်းနဲ့ အရေပြား။

    သိထားကြတဲ့အတိုင်း ဆောင်းရာသီက အရေပြားအပေါ်ယံအလွှာကိုခြောက်သွေ့စေတဲ့အတွက် အရေပြားမှာဖြစ်တဲ့အနာ၊ ဒဏ်ရာတွေအတွက် အဆင်မပြေနိုင်ပါဘူး။ အနာဆိုတာ အစိုဓါတ်ရှိတဲ့ပတ်ဝန်းကျင်မှာမှကောင်းကောင်းကျက်တတ်တာမို့ ဒီလိုအချိန်မှာ အနာကိုပလာစတာသို့မဟုတ်ပတ်တီးနဲ့ စနစ်တကျ ဖုံးအုပ်ကာကွယ်ထားသင့်ပါတယ်။ ဒီလိုဖုံးအုပ်ထားလိုက်တာကြောင့် အစိုဓါတ်ထိန်းရာရောက်တဲ့အပြင် မှိုပိုးကအစ ဘက်တီးရီးယားတွေပေါတဲ့ရာသီမှာ အပြင်ကပိုးတွေ အနာထဲ မရောက်အောင်ပါ ကာကွယ်ပေးပြီးသားဖြစ်ပါတယ်။

    ကိုယ်ခံအားစနစ်ရဲ့လုပ်ဆောင်ချက်။ ။

    တုပ်ကွေးရာသီမှာ ကိုယ်ခံအားစနစ်က ဖျားနာနေတာကို တိုက်ထုတ်နေရတာနဲ့တင့်အနာကျက်ဖို့၊ပိုးမဝင်အောင်ကာကွယ်ဖို့မှာ အားလျော့သွားနိုင်ပါတယ်။ နေမကောင်းဖြစ်တဲ့သူအချို့မှာ အနာကျက်ဖို့နှေးတယ်ဆိုတာ ဒီအချက်ကြောင့်ဖြစ်နိုင်ပါတယ်။

    သွေးလည်ပတ်မှု။ ။

    ပတ်ဝန်းကျင်ကအေး၊ လူတွေကလည်း ကွေးနေတော့ ကိုယ်တွင်းသွေးလည်ပတ်မှုတွေလည်း နှေးသွားပါတော့တယ်။သွေးလည်ပတ်မှုကောင်းဖို့က အနာကျက်ဖို့အတွက် အရေးပါတဲ့အချက်ပါ။သွေးလည်ပတ်မှုမကောင်းရင် အနာတဝိုက်ဧရိယာကိုအောက်ဆီဂျင်မရောက်နိုင်တော့လို့ အနာကျက်နှေးစေပါတယ်။နောက်ပြီး သွေးလည်ပတ်မှုမကောင်းတဲ့အခါ အနာတဝိုက်မှာ အရေပြားတစ်ရှူးအသစ်ဖြစ်ပေါ်ဖို့အတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ အေးမှာစိုးပြီးနွေးအောင်နေတဲ့အခါမှာလည်းသွေးမလျှောက်နိုင်လောက်အောင် တင်းကျပ်အောင် ဝတ်စားတာ၊ စည်းနှောင်တာတွေကို နည်းနည်းလျှော့ပါ။ အနာကိုပလာစတာ၊ ပတ်တီးစည်းတဲ့အခါမှာလည်း အရမ်းကြီးတင်းမနေဖို့က အရေးကြီးပါတယ်။

    ဒီတော့အေးလှတဲ့ ဆောင်းရာသီမှာ အနာကို ဒီလိုမျိုးလေး ဂရုစိုက်စေချင်ပါတယ်။–

    · လှုပ်လှုပ်ရှားရှားနေပါ။ ။

    သွေးလည်ပတ်မှုကောင်းဖို့အတွက် လှုပ်ရှားမှုကအရေးကြီးပါတယ်။ လှုပ်လှုပ်ရှားရှားနေဖို့ အကြံပြုတယ်ဆိုပေမယ့် လေ့ကျင့်ခန်းကို အပြင်းအထန်လုပ်ရမယ်လို့ မဆိုလိုပါဘူး။ လမ်းလျှောက်တာ၊ ယောဂ ကစားတာလိုမျိုးသွေးလည်ပတ်မှုကောင်းစေမယ့် လှုပ်ရှားမှုမျိုးဆို ရပါတယ်။ သွေးလည်ပတ်မှုကောင်းမှ အနာကျက်လည်း မြန်မှာလေ။

    · အနာကို သေချာဖုံးထားပြီး စိုစွတ်အောင်ထားပါ။ ။

    ထိခိုက်ဒဏ်ရာရှိတဲ့နေရာကိုအပြင်က ပိုးတွေ မဝင်နိုင်အောင်နဲ့ အစိုဓါတ်ထိန်းနိုင်ဖို့ အတွက် သန့်စင်တဲ့ ပလာစတာ သို့မဟုတ် ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်ထားပါ။ ဆောင်းတွင်းဆို အသားတွေကလည်း ခြောက်တတ်တဲ့အတွက် moisturizer ဒါမှမဟုတ် အနာကျက်ဆေး တစ်ခုခုလိမ်းထားပေးလို့ရပါတယ်။လေ့လာမှုတွေအရ အစိုဓါတ်ထိန်းထားနိုင်ရင် ၅၀% အနာကျက်ပိုမြန်တယ်လို့ ဆိုပါတယ်။

    · အနာဖေးတက်လာတိုင်း မခွာပါနဲ့။ ။

    အနာဖေးတွေဆိုတာ အနာမကျက်ခင်ကာလအတွင်းမှာ ပြင်ပက မလိုလားအပ်တဲ့ဘက်တီးရီးယားတွေ အနာထဲ မဝင်အောင် ကာကွယ်ပေးတဲ့အရာတွေဖြစ်ပါတယ်။ အနာမကျက်ခင် အနာဖေးတွေကို အငြိမ်မနေနိုင်ဘဲ ခွာတဲ့အခါ အနာပေါက်အသစ်ဖြစ်ကျန်ခဲ့ပြီး အနာကို ပိုးတွေဝင်လို့ အနာကျက်နှေးစေနိုင်တဲ့အပြင်အမာရွတ်ပါဖြစ်စေနိုင်ပါတယ်။

    · အနာမှာ ယားလာတိုင်း အနာကျက်လို့အသားတက်တာ မဟုတ်

    အနာတစ်ခုခုဖြစ်ပြီဆို တင်းတင်းလေးဖြစ်လာပြီး ယားသလိုလိုဖြစ်တတ်တာမျိုး ကြုံဖူးမှာပါ။ အထူးသဖြင့် အပေါ်ယံအနာတွေမှာဖြစ်လေ့ရှိပါတယ်။ ဟုတ်ပါတယ်။ ပုံမှန်အတိုင်း အနာကျက်တာဆို ခုလိုလက္ခဏာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတိထားဖို့က အနာမှာ ယားတာအပြင် နီလာတာ၊ပြည်တည်လာတာ၊တဒိတ်ဒိတ်သွေးခုန်တိုးသလို ခံစားရတာတွေဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။ အနာက ယားလာပြီဆို အနာတဝိုက် အခြေအနေနဲ့ သန့်ရှင်းမှုကိုသတိထားကြည့်ဖို့ လိုပါတယ်။

    ဒါတွေကတော့ ဆောင်းရာသီအတွက် ဂရုစိုက်သင့်တဲ့ အရေပြားနဲ့ ဒဏ်ရာဆိုင်ရာ အကြံပြုချက်တွေဖြစ်ပါတယ်။ သာယာလှတဲ့ဆောင်းရာသီမှာ ဖက်ရှင်လှလှနဲ့ အပြင်သွားဖို့ဆိုရင် အနာရွတ်တွေကင်းနေမှ ဖြစ်မှာနော့်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 09/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement