backup og meta

ထိခိုက်ဒဏ်ရာ အမာရွတ်မကျန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ထိခိုက်ဒဏ်ရာ အမာရွတ်မကျန်စေဖို့ ဘယ်လိုဂရုစိုက်ရမလဲ

    မတော်တဆပဲဖြစ်ဖြစ်၊ ခွဲစိတ်မှု ကြောင့်ဖြစ်ဖြစ် အရေပြားမှာဖြစ်လာသမျှ ဒဏ်ရာအနာတရအားလုံးကို ခန္ဓါကိုယ်ကပြန်လည်ပြုပြင်ဖို့ လုပ်ဆောင်ပါတယ်။ အနာကကျက်လာပြီဆိုတာနဲ့ အနာကျက်ခြင်းဖြစ်စဉ်ရဲ့သဘာဝအတိုင်း အသားတက်လာတဲ့အမာရွတ်ကလည်းဖြစ်လာနိုင်ပါတယ်။

    အမာရွတ်သိသာတယ်မသိသာဘူးဆိုတာ အနာဘယ်လောက်ကောင်းကောင်းကျက်သလဲဆိုတာပေါ်မူတည်ပါတယ်။ ခွဲစိတ်မှုချုပ်ရိုးအမာရွတ်တွေနဲ့ ဒူးခေါင်းတံတောင်ဆစ်တို့လို အရိုးအဆစ်တွေမှာဖြစ်တဲ့အမာရွတ်တွေကတော့ရှောင်လွှဲရခက်ပါတယ်။တော်တန်ရုံအသေးစားကွဲရှဒဏ်ရာလေးတွေကတော့ အိမ်မှာကုသရင်းပဲ အနာကျက်တဲ့အခါ အမာရွတ်မကျန်အောင်၊ သိပ်မသိသာအောင် ဂရုစိုက်ပေးဖို့ရပါတယ်။

    အမာရွတ်မကျန်အောင် ဘယ်လိုဂရုစိုက်ပေးမလဲ

    အနာကို ဆေးပါ

    အရင်ဆုံး လက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။

    ပြီးမှ ထိခိုက်ဒဏ်ရာကို အညစ်အကြေးတွေကင်းစင်အောင်ရေနဲ့ဆေးကြောပါ။ အနာတဝိုက်ကိုတော့ ဆပ်ပြာနဲ့ဆေးလို့ရပါတယ်။ အနာက လက်မှာဖြစ်တာဆိုရင် အနာကို ဆပ်ပြာနဲ့ တိုက်ရိုက်မထိအောင် သတိထားဆေးပါ။

    အသေးစားဒဏ်ရာလေးတွေကိုဆေးဖို့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်အိုင်အိုဒင်း ဒါမှမဟုတ် အရက်ပြန်တို့လိုပြင်းတဲ့ဆေးရည်တွေသုံးဖို့မလိုပါဘူး။ ပိုဆိုးစေနိုင်ပါတယ်။ရေသန့်သန့်နဲ့ဆို လုံလောက်ပါတယ်။

    သွေးတိတ်အောင်လုပ်ပါ

    အနာကိုသွေးတိတ်စေဖို့ ပိုးသတ်ထားတဲ့ gauze ဂွမ်းစ သို့မဟုတ် အဝတ်သန့်သန့်နဲ့အသာအယာဖိပါ။သွေးတိတ်တဲ့အထိ ဆက်ပြီးဖိထားပေးပါ။

    ဖိထားတဲ့အခါမှာလည်းသွေးတိတ်ပြီလားလို့ လက်လွှတ်ပြီး အနာကိုခဏခဏမကြည့်ပါနဲ့။ ဖိထားတဲ့အဝတ်ဖယ်လိုက်တာနဲ့သွေးပြန်ထွက်လာနိုင်လို့ပါ။gauze သို့မဟုတ် အဝတ်မှာသွေးထပ်မစိုတော့ဘူးဆိုရင် ရပါပြီ။gauze မှာ စိုရွှဲတဲ့အထိသွေးထွက်နေတယ်ဆိုရင် အသစ်မလဲပါနဲ့။ အသစ်ကို အပေါ်ကထပ်ပြီးအုပ်ဖိပါ။

    အနာကို ဖုံးအုပ်ကာကွယ်ပါ

    အနာသန့်စင်ပြီး သွေးတိတ်တာနဲ့ ပလာစတာ သို့မဟုတ် ပိုးသတ်ထားတဲ့ ပတ်တီးနဲ့ ဖုံးအုပ်ကာကွယ်သင့်ပါတယ်။ အနာကအသေးစားလေးဖြစ်ပြီး ညစ်ပေစရာလည်းမရှိဘူးဆိုရင်တောင် အဝတ်အစားတွေနဲ့ ပွတ်တိုက်မိမယ့်နေရာမှာရှိနေတာဆိုရင် ပလာစတာတော့ကပ်သင့်ပါတယ်(ပွန်းရာ၊ခြစ်ရာလို အနာမျိုးကလွဲလို့) ။ ထိခိုက်ဒဏ်ရာအများစုကိုတော့ အနာပိုးမဝင်စေဖို့နဲ့ အနာပေါက်ပြန်ပွင့်တာမဖြစ်စေဖို့ ဖုံးအုပ်ပေးတာအကောင်းဆုံးပါပဲ။

    ဖုံးအုပ်ထားတဲ့အကာအကွယ်မှန်သမျှကိုလည်း တစ်နေ့တစ်ကြိမ် သို့မဟုတ် ညစ်ပေလာတိုင်း အသစ်လဲပေးပါ။

    ဆေးထည့်ပါ

    အနာသေးလေးတွေက ဘာမှလုပ်စရာမလိုပါဘူး။ သူ့အလိုလိုကျက်သွားမှာ၊ပျောက်သွားမှာပါဆိုပြီး ခပ်ပေါ့ပေါ့ သဘောထားကြပါတယ်။ သူ့အလိုလိုအနာကျက်တာက ဟုတ်ပါတယ်။ ဒါပေမယ့် အနာပိုးဝင်ခဲ့ရင် အနာကျက်နှေးတဲ့အပြင် ကျက်ပြီးရင်တောင် အနာသေးသေးလေးတောင် အမာရွတ်ကျန်ခဲ့နိုင်ပါတယ်။ ဒီလိုမဖြစ်ရအောင် ပလာစတာ သို့မဟုတ် ပတ်တီးမစည်းခင် အနာပိုးသတ်ဆေးတစ်ခုခုကို ခပ်ပါးပါးထည့်ပါ။

    အနာပိုးဝင်တဲ့ လက္ခဏာကိုစောင့်ကြည့်ပါ

    အနာရင်းနေတယ်ဆိုရင် ဒါမှမဟုတ် အောက်မှာပြောထားတဲ့ အနာပိုးဝင်တဲ့လက္ခဏာတစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။ အနာက –

    အနာစကျက်လာတဲ့အခါ

    အသေးစား ထိခိုက်ရှနာတွေက ရက်အနည်းငယ်အတွင်းမှာ အနာဖေးတက်ပြီး အနာကျက်ပါလိမ့်မယ်။ အရေပြားကအသစ်ဖြစ်ပေါ်နေချိန်မှာ အနာဖေးတွေက အနာကို အညစ်အကြေးနဲ့ပိုးမွှားတွေရန်က ကာကွယ်ပေးမှာဖြစ်ပါတယ်။

    အနာစကျက်လာချိန်မှာ အနာဖေးကယားလာတတ်လို့ အဲဒီအချိန်မှာ မကုတ်ဖဲ့မိဖို့ သတိထားတာ အကောင်းဆုံးပါ။ သူ့အလိုလိုကွာကျသွားမှအောက်ကအရေပြားအသစ်ကပေါ်လာမှာပါ။ အချိန်မရောက်သေးဘဲ ကုတ်ဖဲ့မိလို့ ကွာရတဲ့အခါ အနာဖေးအသစ်ထပ်တက်ပြီး အရေပြားအသစ်ဖွဲ့စည်းမှုမှာ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အမာရွတ်ဆိုတာဖြစ်ကျန်ခဲ့ပါလိမ့်မယ်။

    ဒါ့ကြောင့်အနာကို နည်းလမ်းတကျဂရုစိုက်ကုသမယ်ဆိုရင်နောက်ဆက်တွဲပြဿနာမကျန်ဘဲ အမာရွတ်ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement