backup og meta

တိရစ္ဆာန်အကိုက်ခံရရင် ဘယ်လိုစောင့်ရှောက်မှုပေးမလဲ


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တိရစ္ဆာန်အကိုက်ခံရရင် ဘယ်လိုစောင့်ရှောက်မှုပေးမလဲ

    တစ်နေ့တာလှုပ်ရှားသွားလာရင်းထိခိုက်မိတာတွေရှိနိုင်သလို အခန့်မသင့်တဲ့အခါမျိုးဆိုရင် တိရစ္ဆာန်တွေကိုက်တာမျိုးကိုတောင်ခံရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါဆေးရုံကိုမဖြစ်မနေသွားပြီးမေးခိုင်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကာကွယ်ဆေးတွေထိုးတာမျိုးလုပ်ပေးဖို့လိုတယ်ဆိုပေမယ့်ဆေးရုံဆေးခန်းမရောက်ခင်မှာ အရင်ဆုံးအနာကိုသေချာဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အခုတစ်ခေါက် မတော်တဆ တိရစ္ဆာန်ကိုက်ခံရတဲ့အခါ ဘယ်လိုမျိုးလုပ်ဆောင်ပေးသင့်လဲဆိုတာကိုပြောပြပေးချင်ပါတယ်။

    တိရစ္ဆာန်အကိုက်ခံရရင်

    မတော်တဆ လမ်းမှာသွားလာရင်းခွေးတို့ကြောင်တို့အကိုက်ခံရရင်ဖြစ်ဖြစ် အိမ်မှာမွေးထားတဲ့ခွေးလေးတွေကြောင်လေးတွေနဲ့ဆော့ကစားရင်းဖြစ်ဖြစ် ထိခိုက်မိနိုင်ပါတယ်။ ဒီလိုထိခိုက်မိတဲ့အခါမျိုးမှာ –

    လက်ကိုသန့်စင်အောင်ဆေးကြောပေးပါ

    ဒါကတော့ အနာဖြစ်လာရင် မဖြစ်မနေလိုက်နာရမယ့်အခြေခံစည်းမျဉ်းတစ်ရပ်ပါ။ အနာကို မကိုင်တွယ်ခင်မှာ အနာကို ထိတွေ့မယ့်လက်ကို အရင်ဆုံးသန့်စင်အောင်ဆေးကြောပေးတာ အနာကိုပိုးဝင်တာနဲ့ အနာရင်းတာတွေဖြစ်နိုင်ခြေကိုလျော့နည်းစေနိုင်ပါတယ်။ရေအလွယ်တကူမရနိုင်ဘူးဆိုရင်လည်းရေမလိုလက်သန့်ဆေးရည်နဲ့လက်ကို သန့်စင်ပေးပါ။

    သွေးတိတ်အောင်လုပ်ပါ

    ထိခိုက်မိတဲ့အခါ ဒဏ်ရာသွေးထွက်မှာတော့ အသေအချာပါ။ ကိုက်တဲ့အကောင်ကကြီးလေလေ အစွယ်ကကြီးပြီးသွေးထွက်နိုင်ခြေက များလေလေပါ။ ဒါကြောင့် တိရစ္ဆာန်တစ်ကောင်ကောင်းအကိုက်ခံရတဲ့အခါ ထိုက်သင့်သလောက်သွေးထွက်ပြီးသွားပြီဆိုတာနဲ့သွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်ကို ပတ်တီးစသန့်သန့်လေးနဲ့ ခပ်ဖွဖွလေးဖိပေးလိုက်ပါ။

    အနာကိုအရင်သန့်စင်ပေးပါ

    ဘာကြောင့်ထိခိုက်မိမိ နောက်တစ်ခုမေ့ထားလို့မဖြစ်တာက အနာကို သန့်စင်ဆေးကြောဖို့ပါ။ အကောင်တစ်ကောင်ကောင်ကိုက်တာခံရတဲ့အခါမှာလည်း အနာကိုရေနွေးနွေးလေးနဲ့ဆပ်ပြာအရင်သုံးပြီး သန့်စင်လိုက်ပါ။ပြီးသွားပြီဆိုရင်တော့ ဂွမ်းစမှာအရက်ပြန်တို့ပြီး သန့်စင်ဆေးကြောပေးလိုက်ပါ။ အနာထဲမှာ ကပ်ညှိနေတဲ့ဖုန်မှုန့်တွေနဲ့ပြင်ပအရာဝတ္ထုတွေကို ဖယ်ထုတ်ပေးပါ။

    တိရစ္ဆာန်တွေရဲ့ခံတွင်းက ဘက်တီးရီးယားတွေ များပြားတာကြောင့်ဖြစ်နိုင်ရင် အနာကို anti-baterial ဆပ်ပြာသုံးပြီးအနာကို သန့်စင်ပေးပါ။ အနာကိုဆားနဲ့ရေနွေးနဲ့သုံးပြီးဆေးကြောပေးလို့လည်းရပါတယ်။

    အနာကိုတစ်ခုခုနဲ့ကာကွယ်ထားပါ

    အနာကိုသွေးတိတ်အောင်လုပ်ပြီး သန့်စင်ဆေးကြောတာတွေပြီးပြီဆိုရင်တော့ အနာကို antibiotics တစ်ခုခုလူးပေးပါ။ပြီးရင်တော့ အနာကို ပိုးသတ်ထားတဲ့ ပတ်တီးစလေးနဲ့ ဖုံးအုပ်ထားပေးပါ။ ဒီလိုလုပ်ပေးတာက အနာထဲကို ပိုးဝင်ကူးစက်မှုဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါတယ်။

    မေးခိုင်ကာကွယ်ဆေးထိုးပါ

    အပေါ်မှာပြောခဲ့တဲ့အဆင့်တွေ အကုန်လုံးလုပ်ပြီးပြီဆိုရင်တော့နောက်ထပ်မဖြစ်မနေလုပ်ရမယ့် အချက်တစ်ခုကမေးခိုင်ကာကွယ်ဆေးထိုးဖို့ပါ။ သာမန်အနာမျိုးဆိုရင်တော့ အနာကနက်တယ်၊ပြင်းထန်တယ်၊ ညစ်ပေနေတဲ့အရာတစ်ခုခုနဲ့ ထိခိုက်မိတဲ့အခါမျိုးမှ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုအပ်တာဆိုပေမယ့် တိရစ္ဆာန်ကိုက်ခံရတာဆိုရင် မဖြစ်မနေမေးခိုင် ဆေးထိုးဖို့လိုပါမယ်။နောက်တစ်ချက်က အိမ်မှာမွေးထားတာမဟုတ်တဲ့ တိရစ္ဆာန်ကိုက်ခံရတာဆိုရင်ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့ပါ။

    ဘယ်လိုအကောင်တွေကိုက်ရင်ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာလဲ

    • ခွေး
    • ကြောင်
    • လင်းနို့
    • ရှဉ့်
    • မျောက်
    • တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်အကိုက်ခံရတာဆိုရင်ခွေးရူးပြန်ကာကွယ်ဆေးထိုးဖို့လိုမှာပါ။ တိရစ္ဆာန်တွေရဲ့ သွားတွေကများသောအားဖြင့် ဘက်တီးရီးယားတွေရှိနေနိုင်တာကြောင့်ဖြစ်နိုင်ရင်တော့ တိရစ္ဆာန်တွေအကိုက်ခံရတာတဲ့အခါခွေးရူးပြန်ကာကွယ်ဆေးထိုးတာ အကောင်းဆုံးပါ။

    ဒီလိုအခြအနေတွေဆိုရင် ချက်ချင်းဆေးရုံ၊ ဆေးခန်းသွားပါ

    အခုလိုအခြေအနေမျိုးဆိုရင်တော့ပေါ့ပေါ့ဆဆမနေဘဲဆေးခန်းကိုချက်ချင်းသွားဖို့လိုပါမယ်။

    • တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင် အကိုက်ခံရရင်
    • လမ်းဘေးမှာနေတဲ့ခွေးလေးတွေ၊ကြောင်လေးတွေအကိုက်ခံရတာဆိုရင်
    • သွေးအရမ်းထွက်နေတာဆိုရင်
    • အကိုက်ခံရတဲ့ အနာတဝိုက်က ထုံနေမယ်၊ ထိလို့ထိမှန်းမသိဖြစ်နေမယ်ဆိုရင်
    • အကိုက်ခံရတဲ့အနာထဲမှာ ကိုက်တဲ့တိရစ္ဆာန်ရဲ့ သွားလိုမျိုးအရာကျန်နေခဲ့မယ်ဆိုရင်
    • အနာက အရမ်းပြင်းထန်ပြီး ထိခိုက်မိတာအရမ်းများသွားမယ်ဆိုရင်

    တိရစ္ဆာန်အကိုက်ခံရတာက ကမ္ဘာတလွှားမှာရင်ဆိုင်ကြုံတွေ့လာရတဲ့ အဓိကကျန်းမာရေးပြဿနာ ဖြစ်လာနေပါတယ်။ အထူးသဖြင့်တော့ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ တိရစ္ဆာန်အကိုက်ခံရတယ်ဆိုတဲ့နေရာမှာလည်း ကိုယ်ကသွားစမိတာကြောင့် တိရစ္ဆာန်က စိတ်တိုပြီး ကိုက်တာမျိုးရှိနိုင်သလို ပုံမှန်အတိုင်းနေရင်းက တိရစ္ဆာန်ကလာကိုက်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ပဲကိုက်ကိုက် အနာကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်ဖို့လိုသလိုမေးခိုင်ကာကွယ်ဆေး၊ခွေးရူးပြန်ကာကွယ်ဆေးနဲ့ လိုအပ်တဲ့ ကုသစောင့်ရှောက်မှုတွေ လုပ်ဆောင်ဖို့လိုအပ်ပါမယ်။

    အခုဆိုရင် တိရစ္ဆာန်အကိုက်ခံရတဲ့အခါ ဘယ်လိြုပုစုစောင့်ရှောက်ရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။ လူတိုင်း အနာကင်းပြီး အသက်ရှည်ကြပါစေကြောင်း

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement