backup og meta

ရေသောက်လွန်ကဲပြီး ရေဆိပ်သင့်ခြင်း (Water Intoxication)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေသောက်လွန်ကဲပြီး ရေဆိပ်သင့်ခြင်း (Water Intoxication)

    ဒါက ရေဓာတ်ခမ်းခြောက်တာလိုမျိုး အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ ရေသောက်တဲ့ နေရာမှာလည်း တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ နည်းရင်လည်း ဘေးဖြစ်သလို များလွန်းရင်လည်း ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်သွားတတ်ပါတယ်။ ခုပြောပြမယ့် အကြောင်းအရာကတော့ ရေသောက်များခြင်းကြောင့် ဆန့်ကျင်ဘက် ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်သွားတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။

    ရေဆိပ်သင့်ခြင်း ဆိုတာ ဘာလဲ။

    ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ အတိုင်းအတာတစ်ခုထက် ကျော်လွန်ပြီး ရေအများအပြား သောက်မိလိုက်တဲ့အခါ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ ရေကို အလွန်အကျွံ သောက်မိတဲ့အခါ ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ ရေပမာဏ အလွန်များသွားပြီး သွေးထဲက ဆိုဒီယမ်ဓာတ်ကို ကျဲသွားစေပါတယ်။ ဆိုဒီယမ်ဓာတ်သည် ခန္ဓာကိုယ်တွင်း ဆဲလ်တွေရဲ့ အတွင်းဘက်နဲ့ အပြင်ဘက်မှာ ရှိတဲ့ အရည်ပမာဏကို ထိန်းညှိပေးတာကြောင့် ဆိုဒီယမ်ဓာတ် ကျဲ (နည်း) သွားတဲ့အခါ အပြင်ဘက်မှာ ရှိတဲ့ အရည်တွေဟာ ဆဲလ်အတွင်းပိုင်းထဲကို ဝင်ရောက်လာပြီး ဖောင်းကြွခြင်းကို ဖြစ်စေပါတယ်။ ကျန်တဲ့ ခန္ဓာကိုယ်ဆဲလ်တွေထက် ဦးနှောက်ထဲမှာ ရှိတဲ့ ဆဲလ်တွေ ဖောင်းကြွလာတဲ့အခါ အသက်အန္တရာယ် ထိခိုက်စေသည်အထိ အန္တရာယ် ကြီးပါတယ်။

    ရေဆိပ်သင့်ခြင်းရဲ့ ရောဂါလက္ခဏာက ဘာတွေလဲ။

    ရေကို လိုတာထက် ပိုပြီး သောက်မိရင် ဦးနှောက်ဆဲလ်တွေဟာ ဖောင်းကြွလာပြီး ဦးခေါင်းခွံအတွင်းမှာ ဖိအားတွေ တိုးလာတယ်။ ကနဦးမှာတော့

    ခေါင်းကိုက်ခြင်း

    မူးဝေခြင်း

    • အော့အန်ခြင်း စတဲ့ လက္ခဏာတွေ ပြလာတတ်ပါတယ်။

    ပြင်းထန်လွန်းတဲ့ အခြေအနေမှာတော့

    • ချာချာလည်အောင် မူးလာခြင်း

    ကြွက်တက်ခြင်း၊ ကြွက်သားများ ပျော့ခွေခြင်း

    • သွေးပေါင်တက်လာခြင်း

    • မျက်စိအမြင် နှစ်ထပ်ဖြစ်ခြင်း

    • စိတ်ရှုပ်ထွေးလာခြင်း

    • ခံစားသိရှိနိုင်မှု အာရုံများ ပျောက်ဆုံးသွားခြင်း

    • အသက်ရှူကြပ်ခြင်း စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

    ဦးနှောက်ထဲမှာ အရည်တွေများပြီး ဆဲလ်တွေ ဖောင်းပွလာတာ ကြာလာတာနဲ့အမျှ ဦးနှောက်အာရုံကြောစနစ်ကို ပျက်စီးသွားစေပြီး ရုတ်တရက် တက်ပြီး သတိလစ်တာ၊ ကိုမာဝင်တာ၊ သေဆုံးတာအထိ ဖြစ်နိုင်ပါတယ်။

    ဘယ်သူတွေမှာ ရေသောက်လွန်ကဲတာမျိုး ပိုအဖြစ်များလဲ။

    အသားအရေ လှချင်လို့ မကြာခဏ ရေသောက်သူတွေ

    • အားကစား၊ လေ့ကျင့်ခန်းကို တစ်နေကုန် အပြင်းအထန်လုပ်နေရသူတွေ

    • စိတ်ကျန်းမာရေး ချို့ယွင်းမှုကြောင့် ကိုယ်သတိမထားမိဘဲ လုပ်မိတတ်သူတွေ

    • စစ်တပ်မှာ လေ့ကျင့်နေသူတွေမှာ ပိုအဖြစ်များတတ်ပါတယ်။

    လူတစ်ယောက် တစ်နေ့ ရေပမာဏ ဘယ်လောက်လိုအပ်လဲ။

    ပုံမှန်အားဖြင့် အမျိုးသမီးတွေသည် တစ်နေ့ ရေ ၂လီတာခွဲခန့် သောက်ပေးသင့်ပြီး အမျိုးသားတွေမှာတော့ ၃လီတာခွဲခန့် သောက်ပေးသင့်ပါတယ်။ အခြေအနေပေါ် မူတည်ပြီး ခန္ဓာကိုယ်တွင်း ချွေးအလွန်အကျွံ ထွက်ခြင်းကြောင့် ရေဓာတ်ဆုံးရှုံးလာရင်တော့ ဒါထက် နည်းနည်း ပိုသောက်ပေးလို့ ရပါတယ်။

    ရေဆိပ်သင့်စေတဲ့အထိ ဖြစ်သွားရတဲ့ အခြေအနေမှာတော့ တစ်နေ့လုံးအတိုင်းအတာထက် အချိန်တိုအတွင်းမှာ ရေကို အများအပြား သောက်လိုက်တာကြောင့် ဖြစ်တာ ပိုများပါတယ်။ ဥပမာ – တစ်နာရီအတွင်းမှာ ရေကို ၃-၄ လီတာ ဆက်တိုက် သောက်လိုက်တာမျိုးပေါ့။ ကျွန်တော်တို့ရဲ့ ကျောက်ကပ်သည် တစ်နာရီမှာ ရေ တစ်လီတာဝန်းကျင်လောက်ပဲ ဖယ်ရှားပေးနိုင်တာကြောင့် အဲ့ပမာဏထက် ပိုသွားရင်တော့ ရေဆိပ်သင့်တဲ့ အခြေအနေမျိုး ရောက်သွားတတ်ပါတယ်။

    အချုပ်အားဖြင့် ဆိုရမယ်ဆိုရင် ရေသည် လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ ကုန်ဆုံးသွားတဲ့ ရေဓာတ်နဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးဖို့ အရေးပါပါတယ်။ ဒါကြောင့် နာရီဝက်ကို ရေအနည်းဆုံး တစ်ငုံလောက်၊ တစ်နေ့ကို ပျမ်းမျှ ရေ ၃လီတာလောက် သောက်ပေးနိုင်ရင်တော့ တော်တော်လုံလောက်နေပါပြီ။ ဘယ်အရာမဆို တန်ဆေး၊ လွန်ဘေးရှိတယ်ဆိုတာ မမေ့နဲ့နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement