backup og meta

ချစ်ခြင်းမေတ္တာဟာ သင့်ဦးနှောက်ကို ဘယ်လိုလွှမ်းမိုးသလဲ

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချစ်ခြင်းမေတ္တာဟာ သင့်ဦးနှောက်ကို ဘယ်လိုလွှမ်းမိုးသလဲ

    ဆိုကြပါစို့။ သင့်အိပ်မက်ထဲထိ လွှမ်းမိုးနေသူတယောက်ဟာ သင့်ဆီကို တန်းတန်းမတ်မတ် လျှောက်လာခဲ့ရင် မည်သို့ ခံစားရပါမည်လဲ။ သင့်ရဲ့ရင်ခုန်သံတွေ မြန်လာပါလိမ့်မယ်။ လက်ဖဝါးတွေမှာ ချွေးစို့ကောင်းစို့လာနိုင်ပါတယ်။ စကားတလုံးမှ ပြောမထွက်ဘဲ ရှက်ရွံ့သလိုလည်း ဖြစ်လာနိုင်ပါတယ်။ ဒါဟာ သင်ချစ်

    မြတ်နိုးရသူတဦးကို မြင်တွေ့ရချိန်မှာ တပြိုင်တည်းခံစားရနိုင်တဲ့ အရာတွေဖြစ်ပြီး အားလုံးဟာ သင့်ဦးနှောက်ထဲမှာပဲ ဖြစ်ပျက်သွားခြင်း ဖြစ်ပါတယ်။ တကယ်တော့ အားလုံးဟာ သင့်ဦးနှောက်ထဲမှာ ဖြစ်ပေါ်သွားတဲ့ ဓာတ်ပြုပြောင်းလဲခြင်းတွေပဲ ဖြစ်ပါတယ်။

    ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ပြီး ဦးနှောက်ထဲမှာ အာရုံကြောလျှပ်ကူးပစ္စည်းနဲ့ ဓာတုပစ္စည်းတွေ များစွာရှိပါတယ်။ သမီးရည်းစားပိုးပမ်းခြင်း၊ မိမိစိတ်ဝင်စားသူကို ဆွဲဆောင်ခြင်း စတဲ့နေရာတွေမှာ ဓာတ်ပြုဖြစ်ပေါ်ပါတယ်။

    အဆိုပါဓာတ်ပြုပြောင်းလဲတဲ့ အာရုံကြောလျှပ်ကူးပစ္စည်းများအပေါ် မူတည်ပြီး သင့်ရဲ့အတွေးအကြံ၊ စိတ်ခံစားချက်၊ အပြုအမူ ပြောင်းလဲနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်တဲ့ ခံစားချက်နဲ့ အတွေးအကြံတွေကို အဓိကကြိုးကိုင်တဲ့ ဓာတ်ပစ္စည်းတွေကတော့ ဒိုပါမင်း၊ အောက်ဆီတိုစင်နဲ့ ဗေဆိုပရပ်ဆင် တို့ပဲဖြစ်ပါတယ်။

    ဒိုပါမင်း

    ဒိုပါမင်းဟာ စိတ်ကျေနပ်ပျော်ရွင်ခြင်း၊ ဝမ်းသာပီတိ စတာတွေနဲ့ ဆက်စပ်နေတဲ့ ဟော်မုန်းဖြစ်ပါတယ်။ ကြင်ဖော်စုံတွဲတွေရဲ့ ချစ်ခရီးလမ်းအစမှာ အဓိကနေရာက ပါဝင်ပါတယ်။ ဒိုပါမင်းဟာ ဦးနှောက်ကနေ ကျေနပ်နှစ်သိမ့်မှုအတွက် တုံ့ပြန်တဲ့သဘောနဲ့ ထွက်လာတယ်လို့တောင် ဆိုကြပါတယ်။ အဆိုပါစနစ်ဟာ ရှုပ်ထွေးဆန်းပြားပြီး accumbens နဲ့ cadaute လို့ အမည်ရတဲ့ ဦးနှောက်ရဲ့အစိတ်အပိုင်းထဲမှာ ပါဝင်ပါတယ်။

    အဆိုပါ ဦးနှောက်အစိတ်အပိုင်းတွေဟာ ချစ်ခြင်းမေတ္တာအတွက် အသုံးပြုခြင်းသက်သက်မဟုတ်ဘဲ အစားအစာ၊ လိင်မှုကိစ္စ စသဖြင့် မိမိသာယာခုံမင်ရာ နယ်ပယ်တွေနဲ့ ပတ်သက်ပြီးလည်း ပါဝင်ပါတယ်။

    သင့်ရဲ့ဦးနှောက်ဟာ လိင်မှုကိစ္စအတွက်ဖြစ်စေ၊ ချစ်ကျွမ်းဝင်ရာမှာဖြစ်စေ သင့်ကိုအားဖြည့်မောင်းနှင်ဖို့ ဒိုပါမင်းကို ပိုပြီး လိုအပ်ပါတယ်။ ချစ်ကျွမ်းဝင်စိတ်ပေါ်လာရင် ဒိုပါမင်းဟာ တခြား အာရုံကြောပစ္စည်းများနဲ့ ပေါင်းစပ်ဓာတ်ပြုပြီး သင်ချစ်ခင်ရသူနဲ့ အတူရှိချင်စိတ်ဟာ ပိုပြီးပိုပြီး ပေါ်ပေါက်လာပါတယ်။ သင်ချစ်ရသူနားမှာ စိတ်လှုပ်ရှားခြင်း၊ ပီတိဖြစ်ခြင်း ဖြစ်ပေါ်စေပါတယ်။

    ကောင်းတဲ့အချက်ကတော့ ဒိုပါမင်းများလွန်းသွားရင် ဦးနှောက်ရဲ့ အရေးကြီးတဲ့ တခြားအစိတ်အပိုင်းတချို့က သတင်းအချက်အလက်တွေကို လစ်လျူရှုထားမိစေပါတယ်။ အထူးသဖြင့် လူမှုဆက်ဆံရေးဆိုင်ရာ တုံ့ုပြန်ချက်အပိုင်းဖြစ်ပါတယ်။

    အဲဒီအပိုင်းဟာ ဦးနှောက်ရဲ့ရှေ့ပိုင်းမှာရှိပြီး သင့်ချစ်သူနဲ့ ချစ်ကျွမ်းဝင်စေခြင်း၊ လူမှုဆက်ဆံရေးမှာ နားလည်ပါဝင်ခြင်း စတဲ့နေရာတွေမှာ အဓိကပါဝင်ပါတယ်။ တခြားသူတွေရဲ့ စိတ်ခံစားချက်များကို နားလည်စေပါတယ်။ သင်စိတ်ဝင်စားတဲ့ တယောက်ယောက်က သင့်ကိုပြန်ပြီး စိတ်ဝင်စားနေသလား သိမြင်စေပါတယ်။

    ဒိုပါမင်းများလွန်းရင်တော့ တခြားကိစ္စတွေလွတ်ကုန်ပြီး အချစ်ရဲ့ အနှုတ်လက္ခဏာပိုင်းဖြစ်တဲ့ အဆင်ခြင်မဲ့စွဲလန်းစိတ်၊ မနာလိုဝန်တိုစိတ်တွေ ဖြစ်ပေါ်စေပါတယ်။

    အောက်ဆီတိုစင်နှင့် ဗေဆိုပရပ်စင်

    အောက်ဆီတိုစင်ကို အချစ်ဟော်မုန်း၊ ပွေ့ဖက်ခြင်းဟော်မုန်းလို့လည်း ခေါ်ဝေါ်ကြပါတယ်။ ချစ်သက်ကြာလာတာနဲ့အမျှ ချစ်သူတွေအကြား သံယောဇဉ်ခိုင်မြဲဖို့ တည်ဆောက်ပေးပါတယ်။ ဦးနှောက်ထဲမှာ သိုလှောင်ထားပြီး လိင်စိတ်အထွတ်အထိပ်ရောက်ချိန်၊ ကလေးမွေးဖွားချိန်တွေမှာ ထွက်ပေါ်လာတတ်ပါတယ်။ မိခင်နဲ့ကလေး အကြားက သံယောဇဉ်ပေါ်လည်း မူတည်ပါတယ်။

    စုံတွဲတွေကြားက ချစ်ခြင်းဟာ ပိုမိုကြာရှည်လာတာနဲ့အမျှ အောက်ဆီတိုစင်ဟာ တည်ငြိမ်မှု၊ လုံခြုံမှု စတဲ့ခံစားချက်တွေကို ဖြစ်ပေါ်စေပါတယ်။ ဒီအာနသင်ကြောင့် သင့်ချစ်သူရဲ့အနားမှာ ရှိမနေရင်တောင် အေးချမ်းတည်ငြိမ်တဲ့ ခံစားချက်ကို ပေးပါတယ်။

    စိတ်ဖိစီးမှုကို ရင်ဆိုင်ရာမှာ ပါဝင်ပါတယ်။ သင့်ချစ်သူရဲ့အကြောင်းကို တွေးတောချိန်မှာ နှလုံးခုန်နှုန်းတည်ငြိမ်အောင်၊ ချွေးထွက်တာလျော့အောင်၊ ကျိုးကြောင်းဆီလျော်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်အောင် ကူညီပေးပါတယ်။ ပြောရမယ်ဆိုရင် အောက်ဆီတိုစင်ဟာ ချစ်ခြင်းမေတ္တာကို ပိုမိုတည်ငြိမ်ခိုင်မြဲစေဖို့ ကူညီပေးပါတယ်။

    ဗေဆိုပရပ်ဆင်ဟာလည်း အောက်ဆီတိုစင်နဲ့ အလားတူ အာနိသင်ရှိပါတယ်။ သံယောဇဉ်ကို တည်ဆောက်ပေးပြီး ရေရှည်ခိုင်မြဲမယ့် အချစ်ဖြစ်အောင် အထောက်အကူပြုပါတယ်။ တခြားသူတွေအပေါ် စိတ်မယိုင်စေဘဲ မိမိချစ်သူတဦးတည်းကိုသာ ချစ်ခင်မြတ်နိုးစေဖို့ ကူညီပေးပါတယ်။

    ဒီဟော်မုန်းသုံးမျိုးမရှိရင် ကြည်နူးဖွယ်ရာ ချစ်ခြင်းမေတ္တာကို လူသားတွေမှာ တွေ့နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ မိမိချစ်သူနဲ့ အတူရှိနေရခြင်းကို ပျော်ရွှင်ကြည်နူးစေဖို့ ဒိုပါမင်းဟော်မုန်းက လှုံ့ဆော်ပေးသလို တယောက်ဆိုတယောက် စွဲစွဲမြဲမြဲချစ်ဖို့ ဗေဆိုပရပ်စင်ဟော်မုန်းက အားပေးပါတယ်။

    ချစ်ခြင်းမေတ္တာရေရှည်ခိုင်မြဲဖို့ အောက်ဆီတိုစင်ဟော်မုန်းက ထိန်းသိမ်းပေးပါတယ်။ ခြုံပြောရမယ်ဆိုရင် ချစ်ခြင်းမေတ္တာတရားဟာ အဆိုပါဟော်မုန်းတွေကတဆင့် သင့်ရဲ့ဦးနှောက်အပေါ် သက်ရောက်မှုဖြစ်စေပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement