backup og meta

ပိုတက်ဆီယမ် လိုအပ်ချက်ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ.......


Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုတက်ဆီယမ် လိုအပ်ချက်ရှိနေကြောင်း ပြသနေတဲ့ လက္ခဏာတွေက ဘာတွေများလဲ.......

    ခန္ဓာကိုယ်ကြီးက မလှုပ်ချင်မသယ်ချင်ဖြစ်နေတယ်၊ ခဏခဏလည်း ကြွက်တက်နေတယ်၊ ဝမ်းလည်းမမှန်ဘူးဆိုတဲ့ သူလေးတွေများရှိလား……….. ဒါဆို ဒီဆောင်းပါးလေး အတူတူ ဖတ်ရင်း အဖြေထုတ်ကြည့်ရအောင်လား……….

    ပိုတက်ဆီယမ် ဆိုတာက

    ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်တွေထဲက တစ်ခုပါ။

    • ကြွက်သားတွေ အကောင်းဆုံးလှုပ်ရှားနိုင်စေဖို့၊
    • ဆဲလ်တွေကို လိုအပ်တဲ့ အာဟာရတွေ အပြည့်အဝ ရရှိစေဖို့
    • အာရုံကြောကို ပေးပို့တဲ့အချက်အလက်တွေ သိရှိလက်ခံနိုင်စေဖို့
    • နှလုံးက ဆဲလ်တွေကို ကျန်းမာစေဖို့
    • သွေးပေါင်ချိန်ကို ထိန်းညှိပေးဖို့ အတွက်နေ့စဉ်ပြည့်ဝနေဖို့ လိုမယ့် သတ္တုဓာတ်တစ်မျိုးပေါ့။

    ပိုတက်ဆီယမ် လုံလောက်ပြည့်ဝမှု မရှိတဲ့အခါ ခန္ဓာကိုယ်ကြီးက ဘာတွေဖြစ်လာနိုင်မလဲ…………

    ပိုတက်ဆီယမ် လုံလောက်ပြည့်ဝမှု မရှိတဲ့အခါ

    အားမရှိသလို ခံစားရမယ်

    အားမရှိသလို ခံစားရတယ်။ မအီမသာ ဖြစ်နေတယ်ဆိုတာက ကိုယ်တွင်းမှာ ပိုတက်ဆီယမ် ပမာဏ လုံလောက်မှု မရှိခြင်းရဲ့ အစောဆုံး လက္ခဏာရပ် တစ်ခုပါ။ အကြောင်းကတော့ ပိုတက်ဆီယမ်က ကြွက်သားတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတာကြောင့်ပါ။ သွေးထဲမှာ ပိုတက်ဆီယမ် နည်းလာတဲ့အခါ ကြွက်သားတွေက ကျုံ့ဆန့်အားနည်းသွားပါတယ်။

    ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ သွေးတွင်းပိုတက်ဆီယမ် ကျဆင်းမှုက ခန္ဓာကိုယ်က အာဟာရဓာတ်တွေ အသုံးချနိုင်စွမ်းကိုပါ ကျဆင်းသွားစေတာပါ။ ဒီလိုကနေ မအီမသာဖြစ်တာကို ခံစားရစေပါတယ်။

    ကြွက်တက်မယ်

    ကြွက်တက်တာက ရုတ်တရက်တတ်တဲ့ ကျန်းမာရေး ပြဿနာတစ်ရပ်ပါ။ ထိန်းချုပ်လို့မရတဲ့ ကြွက်သား ကျုံ့ဆန့်မှုတစ်ရပ်ပေါ့။  ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းက သွေးထဲမှာ ပိုတက်ဆီယမ် နည်းသွားတာကြောင့်ပါ။

    ကြွက်သားဆဲလ်တွေထဲမှာ ရှိနေတဲ့ပိုတက်ဆီယမ်တွေက ဦးနှောက်ကို ကြွက်သားတွေကို ကျုံ့ဆန့်တာမျိုး မလုပ်ဖို့ လှုံ့ဆော်ပေးပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေရှိနေမှ ရုတ်တရက် ကြွက်တက်တာမျိုး မဖြစ်မှာပါ။

    သွေးထဲမှာ ပိုတက်ဆီယမ် နည်းသွားတဲ့အခါ ဒီလိုလုပ်ဆောင်မှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့ ခက်သွားပါမယ်။ ဒီလိုကနေ ကြွက်သားကျုံ့ဆန့်မှုက အချိန်ကြာမြင့်စွာဖြစ်ရင်း ခံစားရခက်တဲ့ ကြွက်တက်တဲ့ ပြဿနာကို ခံစားရပါတော့တယ်။

    အစာခြေစနစ် ပြဿနာ ခံစားရမယ်

    အစာခြေစနစ်ပြဿနာတွေ ခံစားနေရတဲ့ အကြောင်းအရင်းများစွာရှိနေပြီး ဒီအထဲက အကြောင်းအရင်းတစ်ခုက ပိုတက်ဆီယမ် နည်းနေတာပါ။ အစာခြေစနစ်က ကြွက်သားတွေ သူ့တာဝန်သူ အကောင်းဆုံးထမ်းဆောင်နိုင်စေဖို့ ဦးနှောက်ဆီ သတင်းပို့တဲ့ ဖြစ်စဉ်ကို အကောင်းဆုံး ပံ့ပိုးပေးသူက ပိုတက်ဆီယမ်ပါ။

    ဒီတော့ ပိုတက်ဆီယမ် ပြည့်ဝနေမှ အစာခြေစနစ်က အကောင်းဆုံး လည်ပတ်နိုင်မှာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အစာခြေစနစ်က အစာတွေကို ကောင်းကောင်း မချေဖျက်နိုင်တော့ဘဲ လေပွတာဝမ်းချုပ်တာလိုမျိုး အစာခြေစနစ် ပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

    နှလုံးခုန်သံ မမှန်တာ

    ရုတ်တရက် နှလုံးခုန်သံ ပြင်းတာ၊ မြန်တာ၊နျလု့းခုန်သံ စည်းချက်မမှန်တာတွေ ခံစားနေရပါသလား ……. ပုံမှန်ကတော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက စိတ်ဖိစီးမှုများတာ နဲ့ စိုးရိမ်ပူပန်မှုတွေ အရမ်းများနေတာကြောင့်ပါ။

    နောက်ထပ်ဖြစ်နိုင်တာတစ်ချက်ကတော့ သွေးတွင်းပိုတက်ဆီယမ် နည်းနေတာကြောင့်ပေါ့။ အကြောင်းကတော့ နှလုံးဆဲလ်တွေထဲကို ပိုတက်ဆီယမ် စီးဝင်ရောက်ရှိမှုတွေက နှလုံးစည်းချက်တွေကို ထိန်းညှိပေးနေတာကြောင့်ပါ။ သွေးထဲမှာ ပိုတက်ဆီယမ်နည်းသွားတဲ့အခါ ဒီဟန်ချက်ညီမှုက ပျက်သွားနိုင်ပါတယ်။ ဒါကြောင့် နှလုံး ခုန်သံမမှန်ဘူးဆိုရင် သေချာလေး စစ်ဆေးကြည့်ပါ။ သွေးတွင်း ပိုတက်ဆီယမ်နည်းနေတာဖြစ်နိုင်သလို နှလုံးရောဂါ အစပျိုးနေတာလည်း ဖြစ်နိုင်တာကြောင့်ပါ။

    ကြွက်သားတွေ တောင့်တင်းနာကျင်တာ

    ကြွက်သားတွေ တောင့်တင်းနာကျင်တာက ပိုတက်ဆီယမ်ချို့တဲ့မှု ပြင်းထန်နေပြီဆိုတဲ့ လက္ခဏာရပ်ပါ။ ဒီအနေအထားမှာ ကြွက်သားတွေရဲ့ တုံ့ပြန်မှုက မြန်ဆန်နေနိုင်ပါတယ်။

    သွေးတွင်းက ပိုတက်ဆီယမ် ပမာဏက ကြွက်သားတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို ထိန်းညှိပေးတာဖြစ်ပြီး သွေးတွင်း ပိုတက်ဆီယမ် ပမာဏ အဆမတန် ကျဆင်းသွားတဲ့အခါ သွေးကြောတွေ ကျုံ့သွားပြီး ကြွက်သားတွေဆီ သွေးစီးဆင်း ရောက်ရှိမှုကို ကန့်သတ်လိုက်ပါတယ်။ ဒီအခြေအနေက ကြွက်သားတွေ နာကျင်ကိုက်ခဲတာ။ တောင့်တင်းတာတွေကို ခံစားရနိုင်ပါတယ်။

    ထုံကျဉ်မယ်

    သွေးထဲမှာ ပိုတက်ဆီယမ် နည်းသွားတဲ့အခါ ခြေလက်တွေ ထုံကျဉ်တာမျိုး ခံစားရနိုင်ပါတယ်။ လက်မောင်း၊ လက်ဖဝါး၊ လက်ချောင်းထိပ်လေးတွေ၊ ခြေဖဝါးနဲ့ ခြေထောက်တွေ ထုံကျဉ်နေပြီဆိုရင်တော့ သွေးထဲမှာ ပိုတက်ဆီယမ် နည်းနေတာပါ။ ဒါက ခဏတဖြုတ် မဟုတ်ဘဲ အချိန်အတိုင်းအတာ တစ်ခုအထိဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး ပြကြည့်စေချင်ပါတယ်။

    အသက်ရှူရခက်မယ်

    အသက်ရှူရခက်တာက သွေးထဲမှာ ပိုတက်ဆီယမ်ပမာဏ တော်တော်လေး နည်းနေတာကြောင့်ပါ။ ပိုတက်ဆီယမ်က အဆုတ်တွေရဲ့လုပ်ဆောင်မှုကို ထိန်းညှိပေးဖို့ တာဝန်ကိုလည်း ယူပေးထားသေးတာကိုး။

    သွေးထဲမှာ ပိုတက်ဆီယမ်နည်းလာတဲ့အခါ အဆုတ်တွေက ကျုံဆန့်မှုကို ဟန်ချက်ညီညီ မလုပ်ဆောင်တော့ဘဲ အသက်ရှူရခက်တာမျိုးတွေဖြစ်လာပါတော့တယ်။

    စိတ်ခံစားမှု ပြောင်းလဲမယ် 

    ပိုတက်ဆီယမ်ပမာဏ ကျဆင်းလာမှုက စိတ်ခံစားမှုကို ပြောင်းလဲစေပြီး စိတ်ပင်ပန်းမှုကို ခံစားရစေနိုင်ပါတယ်။ သွေးတွင်း ပိုတက်ဆီယမ်ပမာဏ နည်းလာတာက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။  စိတ်အခြေအနေပုံမှန်မဟုတ်ဘူး၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုကို ခံစားရတေယ်ဆိုရင် သေချာတာက သွေးတွင်းမှာ ပိုတက်ဆီယမ် ပမာဏ လျော့ကျနေတာကြောင့်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement