backup og meta

ရေခဲရေ မသောက်ခင် ဒါတွေကို သိထားသင့်တယ်နော်


Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေခဲရေ မသောက်ခင် ဒါတွေကို သိထားသင့်တယ်နော်

    ခုလို နွေရာသီမှာ လူတော်တော်များများက ရေခဲရေသောက်ရမှာကို အရမ်းကြောက်ကြပါတယ်။ အပူလျှပ်မှာ၊ ဖျားနာမှာကြောင့် အပြင်က ရာသီဥတုကလည်း အရမ်းပူနေတော့ အေးလွန်းတဲ့ ရေခဲရေဆို မသောက်ဖို့ လူကြီးတွေ အမြဲပြောနေကြတာ ကြားဖူးမယ်ထင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ ရေခဲရေသောက်ရခြင်းရဲ့ ကောင်းကျိုးတွေနဲ့ တခြား ဆိုးကျိုးအန္တရာယ်တွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးသွားပါမယ်။

    ရေခဲရေ သောက်လို့ ဘာကောင်းကျိုးတွေ ရှိနိုင်လဲ။

    ၁။ အားကစား၊ လေ့ကျင့်ခန်း လုပ်ပြီးချိန် ကိုယ်ခန္ဓာက လွန်လွန်ကဲကဲ ထွက်နေတဲ့ အပူတွေကို ငြိမ်းအေးစေတယ်။ လူကို လန်းဆန်းတက်ကြွစေတယ်။ လူက အေးမြပြီး လန်းဆန်းနေတော့ အားကစားလုပ်ရတာ ပိုပြီး ခွန်အားစိုက်ထုတ်လို့ ရတာပေါ့။

    ၂။ အချိုများတဲ့ ဖျော်ရည်တွေအစား ရေခဲရေသောက်ပေးခြင်းဟာ အပူချိန်ထိန်းဖို့ ခန္ဓာကိုယ်က အလုပ်ပိုလုပ်ရတဲ့အတွက် ကယ်လိုရီအချို့ကို လောင်ကျွမ်းသွားစေပြီး ကိုယ်အလေးချိန် ကျစေတယ်။

    ၃။ ပူလွန်းတဲ့ နေ့တွေမှာ ရေခဲရေသောက်ပေးခြင်းဖြင့် ကိုယ်တွင်းအပူကို ကျစေတယ်။ ရေဓာတ်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်လို့ ခေါင်းမူးခေါင်းကိုက်တာ၊ ကိုယ်လက်မအီသာဖြစ်တာ၊ အပူကြောင့် ရုတ်တရက်တက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    ၄။ နွေရာသီဆိုရင် လူတော်တော်များများက အပူဒဏ်ကြောင့် ပင်ပန်းပြီး ငိုက်နေတတ်တယ်မလား။ ရေခဲရေ နည်းနည်းလေး သောက်လိုက်ရင် စိတ်အာရုံက ချက်ချင်းနိုးထလာပြီး ကိုယ့်ရဲ့ အလုပ်ကို ခေါင်းကြည်ကြည်လင်လင်နဲ့ လုပ်လို့ ရတာပေါ့။

    ရေခဲရေ သောက်လို့ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ။

    ၁။ လည်ချောင်းထဲက ချွဲသလိပ်တွေ ထစေတယ်။ အသံဝင်တာ၊ လည်ချောင်းနာတာ၊ အာသီးရောင်တာမျိုးတွေ ဖြစ်နိုင်တယ်။

    ၂။ အသက်ရှူလမ်းကြောင်းက ချွဲတွေကို ပိုပျစ်ချွဲသွားစေပြီး နှာပိတ်စေတယ်။ အသက်ရှူရခက်စေနိုင်တယ်။

    ၃။ အအေးမိ၊ ဖျားနာ၊ နေမကောင်းဖြစ်နေတဲ့ သူတွေဆို ရေခဲရေတွေ အမြဲသောက်နေရင် အဖျားကာလ ပိုကြာစေတယ်။ ဝေဒနာ သက်သာတာ နှေးကွေးမယ်။

    ၄။ ရေခဲထဲမှာ စိမ်ပြီး အေးစိမ့်နေတာ ဖြစ်တဲ့အတွက် သောက်လိုက်တဲ့အချိန် ခေါင်းထဲမှာ ကျဉ်သွားပြီး ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ သူတွေအတွက် ပိုပြီး ဒုက္ခဖြစ်စေတယ်။

    ၅။ အစာစားနေတဲ့အချိန် ရေခဲရေကိုပါ ရောသောက်ပေးမယ်ဆိုရင် ကိုယ်ခန္ဓာက အစာချေဖျက်ရတာ ပိုခက်သွားမယ်။

    ၆။ အပြင်က ပူလွန်းနေတဲ့အချိန် ရေခဲရေသောက်လိုက်တဲ့အခါ ကိုယ်ခန္ဓာက အပူအအေး မမျှတတော့တာ ဖြစ်နိုင်တယ်။

    ရေခဲရေ သောက်တာနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ

    ၁။ နေပူထဲ အပြင်ထွက်ပြီး ပြန်လာချိန်မှာ ရေခဲရေကို လုံးဝမသောက်ပါနဲ့။ ချွေးတိတ်အောင်၊ ကိုယ်တွင်းက အပူတွေ ကျသွားပြီဆိုမှ ရေကျက်အေး အရင်သောက်ပါ။ ပြီးတော့မှ ရေခဲရေ အနည်းငယ် သောက်ပါ။

    ၂။ အအေးမိ၊ ဖျားနာ၊ နှာစေး၊ နှာပိတ် ဖြစ်နေချိန် ရေခဲရေကို တတ်နိုင်သလောက် ရှောင်ပါ။ ရေခဲရေအစား ရေကျက်နွေး သို့မဟုတ် ကြက်စွပ်ပြုတ်လေး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။

    ၃။ ရေခဲရေဟာလည်း ကိုယ်ခန္ဓာအတွင်း ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်ဆိုပေမဲ့ တစ်နေ့လုံး သောက်နေလို့တော့ အဆင်မပြေပါဘူး။

    ၄။ တစ်နေ့ကို ရေပမာဏ ၃လီတာ သောက်တယ်ဆိုရင် ရေခဲရေကို လီတာဝက် (ရေတစ်ခွက်၊ နှစ်ခွက်) လောက်ပဲ သောက်ပေးတာ ပိုကောင်းပါတယ်။

    ၅။ အစာစားရင်းနဲ့ ရေခဲရေကို မသောက်ပါနဲ့။ အစာမစားခင် သို့မဟုတ် အစာစားပြီး နည်းနည်းကြာသွားတော့မှ ရေခဲရေ သောက်ပေးပါ။

    ၆။ ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တတ်သူတွေ၊ အလုပ်ခွင်မှာ အမြဲတမ်း စကားပြောဆိုဆက်ဆံနေရတာ၊ အသံကို အခြေပြုပြီး အလုပ်လုပ်နေရတဲ့သူတွေဆိုရင် ရေခဲရေကို တတ်နိုင်သလောက် ရှောင်ပေးရပါမယ်။

    အားလုံးပဲ နွေနေပူပူကို အန်တုရင်း သာယာပျော်ရွှင်ဖွယ်နေ့ရက်လေးတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement