နှစ်တစ်နှစ်စလာတိုင်း စိတ်သစ်ကိုယ်သစ်နဲ့ ဆုံးဖြတ်ချက်တွေချမှတ်တတ်ကြတယ်နော်။ ဒီဆုံးဖြတ်ချက်တွေကို အပြည့်အဝအကောင်းအထည်ဖော်ဖြစ်သူကတော့ ရှားပါတယ်။ နှစ်သစ်မှာပြင်စရာရှိတာတွေကိုပြင်သင့်သလို မဖြစ်မနေမွေးမြူရမယ့် အလေ့အထတွေကိုလည်းမွေးမြူရပါမယ်။ Hello ဆရာဝန်ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်တော့ နှစ်သစ်မှာ မဖြစ်မနေကိုမွေးမြူသင့်တဲ့ ကျန်းမာရေး အလေ့အထတွေအကြောင်းပြောပြပေးပါရစေနော်။
နှစ်သစ်မှာ မဖြစ်မနေ ပျိုးထောင်ရမယ့် ကျန်းမာရေးအလေ့အထတွေ
ခန္ဓါကိုယ်ကျန်းမာဖို့အတွက် ကကိုယ်တိုင်ဂရုစိုက်မှဖြစ်မှာပါ။ ဒါကြောင့်သေးသေးမွှားမွှားလေးတွေကြောင့် ကြီးကြီးမားမားတွေမဖြစ်စေဖို့ ဒီအလေ့အထလေးတွေကို နှစ်သစ်မှာ ပျိုးထောင်ပေးပါ။
အိပ်ရေးဝဝအိပ်ပါ – အိပ်ရေးပျက်ခံတာများလာရင် စိတ်ရော ကိုယ်ပါထိခိုက်နိုင်ပါတယ်။ အိပ်ရေးဝဝအိပ်တာက ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်မှာ အိပ်ရေးဝဝအိပ်တဲ့ အကျင့်ကို နှစ်သစ်မှာ မဖြစ်မနေပျိုးထောင်ပါ။ အိပ်ရေးပျက်တာက စိတ်ဓါတ်ကျတာ၊ ကိုယ်အလေးချိန်တက်တာ နဲ့ နှလုံးရောဂါတို့ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ညကို အိပ်ချိန် ၇ နာရီ ကနေ ၉ နာရီရှိအောင်ဂရုစိုက်ပါ။
ရေဓါတ်ပြည့်ဝအောင်နေပါ –ရေဓါတ်က ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်ခုပါ။ လူတစ်ယောက်ကောင်းကောင်းကျန်းမာနေစေဖို့အတွက်ကရေဓါတ်ပြည့်ဝနေဖို့လိုပါမယ်။ ဒါကြောင့်နေ့စဉ်သွားလေရာကိုရေဗူးဆောင်သွားပြီး သောက်တတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။
လှုပ်ရှားမှုများများလုပ်ပေးပါ – အထိုင်များတဲ့ဘဝနေထိုင်မှုပုံစံက ကျန်းမာရေးကိုတော်တော်လေးထိခိုက်စေတာပါ။ တစ်နေ့တာလုံး အငြိမ်ထိုင်ပြီး အလုပ်လုပ်ရတာဆိုရင်တော့ တစ်ချိန်လုံးထိုင်မနေဘဲ လမ်းလျှောက်ပေးတာ၊ အညောင်းဆန့်တာမျိုးတွေလုပ်ပေးပါ။ သိပ်မဝေးတဲ့နေရာတွေကို လမ်းလျှောက်သွားတာလိုမျိုး လှုပ်ရှားမှုတွေလုပ်ပေးပါ။ လှုပ်ရှားမှုနည်းတာကနောက်ကျောကြွက်သားတွေကို နာကျင်စေနိုင်သလို ဝမ်းဗိုက်ကြွက်သားတွေအားနည်းတာ၊ အဆီတက်တာ၊ခြေထောက်မျာသွေးလည်ပတ်မှုနည်းတာ၊ မှတ်ဉာဏ်အားနည်းတာနဲ့ အင်ဆူလင်တုံ့ပြန်မှုအားနည်းတာလိုမျိုးရောဂါတွေဖြစ်စေနိုင်ပါတယ်။
အစားစားတဲ့အခါကြေညက်အောင်ဝါးစားပါ – အစားခပ်မြန်မြန်စားတာက ဝစေနိုင်သလို အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုကိုစားတဲံအခါဖြည်းဖြည်းချင်းကြေညက်အောင်ဝါးစားတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။
ဖုန်းသုံးတာကိုလျှော့ပါ – မနက်နိုးကတည်းကနေ မအိပ်ခင်အထိကို ဖုန်းကိုင်နေမိတယ်ဆိုရင်တော့ ဒီအကျင့်က မဖြစ်မနေကိုဖျောက်ပစ်ရမှာပါ။ ဒါကြောင့် ဖုန်းကို လိုအပ်တာထက် ပိုမသုံးမိစေဖို့ အထူးသတိထားရမှာပါ။ ဖုန်းသုံးနေမယ့်အစား ကိုယ်ချစ်ခင်ရသူတွေနဲ့ အချိန်ဖြုန်းပြီး စိတ်ပျော်ရွှင်စရာတွေကို ဖန်တီးတတ်တဲ့ အလေ့အထတွေကိုမွေးမြူပေးပါ။
လေ့ကျင့်ခန်းလုပ်ပါ -နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်တာက စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို မအားဘူးဆိုရင်တောင်မှ အနည်းဆုံး ၁၅ မိနစ်လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ဒါကြောင့် ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ အလေ့အကျင့်ကို နှစ်သစ်မှာ ပျိုးထောင်လိုက်ပါ။
နေလောင်ကာခရင်မ်လူးပေးပါ – အသားအရေအတွက်လည်း အပြင်ထွက်တိုင်းနေလောင်ကာခရင်မ်လူးပေးပါ။ ဒီလိုလူးပေးတာက အရွယ်တင်နုပျိုစေနိုင်သလို ကျန်းမာရေးအတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ ဒါကြောင့် အပြင်ထွက်ခါနီးတိုင်းနေလောင်ကာခရင်မ်လူးတတ်တဲ့ အလေ့အထကိုမွေးမြူပေးပါ။
ဟင်းသီးဟင်းရွက်တွေများများစားပေးပါ – အသီးအရွက်စားတာက ခန္ဓါကိုယ်ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် အသင့်စား အစားအစာတွေ၊ အမြန်စားအစားအစာတွေအစား ဟင်းသီးဟင်းရွက်တွေပိုစားပေးပါ။ လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေကို ပိုရစေနိုင်ပါတယ်။နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အသီးအရွက်တွေ ပါဝင်အောင်စားသုံးလို့ရပါတယ်။
ကဲ နှစ်သစ်မှာဒီအလေ့အထတွေမွေးမြူပြီး နှစ်သစ်ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းလိုက်ပါ……
[embed-health-tool-bmi]