တစ်ခုခုစားရင် ချိုမှကြိုက်တယ်ဆိုပြီး အချိုတွေချည်းလှိမ့်စားမနေပါနဲ့။ သကြားဓါတ်က လိုအပ်တယ်ဆိုပေမယ့် များလာရင်တော့ ခန္ဓါကိုယ်ကို ထိခိုက်မှုအကျိုးဆက်ကတော်တော်လေးများပါတယ်။ဘေဘီလေးတွေကိုကျ အချိုအများကြီးမစားနဲ့ပြောပြီး ကိုယ်တိုင်ကျစားနေမိသေးတဲ့ လူကြီးတို့ရေ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။
သကြားဆိုတာက
သကြားဆိုတာက များသောအားဖြင့် အစားအစာတွေ နဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ်ပါရသေးတယ်နော်။
သကြားကစွဲလမ်းစေတတ်လား……
သကြားကစွဲလမ်းစေတတ်တဲ့သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားက စွဲလမ်းစေတတ်လားဆိုတာကို အတည်ပြုချင်ရင်ဘေဘီလေးတွေကိုသာကြည့် စစားဖူးထဲကက အချိုအရသာကိုစားဖူးလို့ တစ်ချိန်လုံး သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားရင်း ငယ်သွားလေးတွေက သွားပိုးစားတာကို သာကြည့်တော့လေ။
သကြားအများကြီး မစားပါနဲ့လို့ပြောရတဲ့ အကြောင်းအရင်း
သကြားက အချိုဓါတ်ကိုပေးစွမ်းတယ်။ ခန္ဓါကိုယ်မှာ အင်အားပြည့်စေဖို့ သကြားဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ဆိုးကျိုးက မသေးပါဘူး။
အဝလွန်လာမယ်
သကြားအများကြီးစားမိတဲ့အခါ ခန္ဓါကိုယ်ကမလိုအပ်ဘဲ ဝိတ်တက်လာမှာ အသေအချာပါ။ စားလိုက်တဲ့ အစားအသောက်ချင်းတူတူပဲဆိုရင်တောင်မှ အချိုပါဝင်မှုများနေတဲ့ အစားအသောက်တွေက ဝိတ်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ သကြားများများစားမိလေလေ ကိုယ်တွင်းမျာ ကယ်လ်လိုရီ စုပုံမှုက များလာလေလေပါ။နောက်တစ်ချက်က သကြားက ဆာလောင်မှုကိုဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အချိုများများစားတာက ခန္ဓါကိုယ်ကို ဝလာစေဖို့ တွန်းအားပေးနေတာပါပဲ။
နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေမယ်
အချိုများတဲ့ အစားအစာတွေကို စားတာက နှလုံးရောဂါအပါအဝင် များစွာသောရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ သကြားစားသုံးမှုများတာက အဝလွန်စေတာ၊ ခန္ဓါကိုယ် အစိတ်အပိုင်းတွေရောင်ရမ်းတာ၊သွေးတွင်း အဆီဓါတ်များတာ၊သွေးတွင်း သကြားဓါတ်များတာ၊သွေးတိုးတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးတာ၊သွေးကြောပိတ်တာကိုဖြစ်စေနိုင်ပါတယ်။
အာဟာရချို့တဲ့ စေမယ်
သကြားက အာဟာရပါဝင်မှုမရှိပါဘူး။ ခန္ဓါကိုယ်မှာ အကျိုးမပြုတဲ့ အဆီတွေတက်စေရုံကလွဲလို့ လိုအပ်တဲ့ အာဟာရကို လုံးဝမဖြည့်ပေးနိုင်တာ အသေအချာပါ။ ဒါကြောင့် အချိုစာတွေပဲစားနေမယ်၊ ထမင်းမစားဘူး၊ အခြားအားဖြစ်စေတဲ့ အစားအစာတွေကို မစားဘူးဆိုရင် ကြာရင် အာဟာရချို့တဲ့လာမှာ အသေအချာပါ။
[embed-health-tool-bmr]