backup og meta

ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

    မသန့်ရှင်းတဲ့ အစားအစာတွေ၊ အဆီတွေ၊ သကြားဓာတ်တွေ ပိုပိုကဲကဲ ထည့်သွင်းဖန်တီးလာတဲ့ အစားအစာတွေ ပေါများလာတဲ့ ဒီခေတ်ထဲမှာ ဆီးချိုဝေဒနာ ခံစားနေရသူတွေလည်း ပိုပိုများလာပါတယ်။ ဆီးချိုဟာ ဒီကနေ့ခေတ် ကျန်းမာရေးနယ်ပယ်မှာ ပိုပိုပြီးတော့ ဂရုစိုက်စရာ၊ အာရုံစိုက်စရာ ရောဂါဆိုးတစ်ခုဖြစ်လာနေပါပြီ။ ဒီတစ်ခေါက်တော့ ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး အကြောင်း ပြောပြပေးချင်ပါတယ်။

    ဆီးချို အဖြစ်များလာသလား။

    ဆီးချိုမှာ ကာကွယ်လို့မရတဲ့ ဆီးချိုအမျိုးအစား-၁ နဲ့ အဖြစ်များတဲ့ ဆီးချို အမျိုးအစား-၂ ဆိုပြီး အမျိုးအစား ၂ မျိုးရှိပါတယ်။ ပုံမှန်အားဖြင့် ဂရုတစိုက်နေထိုင်မယ်ဆိုရင် ဆီးချိုဝေဒနာခံစားနေရပေမယ့်လည်း တစ်သက်လုံး အေးအေးဆေးဆေးနေလို့ရပါတယ်။

    ဒါပေမယ့် အစားအသောက် အနေအထိုင် မဆင်ခြင်ရင်တော့ ဆီးချိုက အသက်အန္တရာယ်ကို ကြီးကြီးမားမား ခြိမ်းခြောက်နေတဲ့ရောဂါတစ်မျိုးဆိုတာကို သိနားလည်ထားဖို့ လိုအပ်ပါတယ်။

    ဆီးချိုဝေဒနာကြောင့် သေဆုံးတဲ့ သူအရေအတွက်ဟာ AIDS နဲ့ ရင်သားကင်ဆာကြောင့် သေဆုံးရတဲ့သူတွေထက် ပိုများပါတယ်။ ဆီးချိုဝေဒနာ စွဲကပ်နေသူ ၄ ဦးမှာ ၂ ဦးဟာ နှလုံးရောဂါသို့မဟုတ် လေဖြတ်ပြီး သေဆုံးသွားတတ်ကြပါတယ်။

    ဒီတော့ မိမိမှာ ဆီးချိုဝေဒနာရှိနေပြီဆိုရင် အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့ အထူးလိုအပ်ပါတယ်။ လူအတော်များများက ဆီးချိုဖြစ်နေရင် သွေးတွင်းသကြားဓာတ်ဆုံးရှုံးမယ်ဆိုတဲ့ အယူအဆမှားကြောင့် လေ့ကျင့်ခန်း လုပ်ဖို့ ကြောက်တတ်ကြပါတယ်။

    တကယ်တမ်းက လေ့ကျင့်ခန်း၊ ဆေးဝါးနဲ့ အစားအသောက်တွေကို ညီမျှအောင် ချိန်ညှိ မှီဝဲလုပ်ဆောင်ပေးရမှာပါ။

    အထူးသဖြင့် အစားအသောက်စားသုံးရာမှာ ကျန်းမာရေးနဲ့ ကိုက်ညီတာတွေကို မှီဝဲစားသောက်ရမှာဖြစ်သလို မကိုက်ညီတာတွေကိုလည်း လုံးဝပြတ်ပြတ်သားသား ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

    စားသင့်တာကို စားတာက ကောင်းကျိုးဖြစ်စေသလို မစားသင့်တာတွေကို ရှောင်တာကလည်း ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ရာရောက်တာမို့ ရောဂါထိန်းချုပ်ရာမှာ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    ဆီးချိုဝေဒနာရှင်တွေ လှည့်တောင်မကြည့်သင့်တဲ့ အစားအသောက် ၁၀ မျိုး

    ဒီတော့ ကိုယ့်မှာ ဆီးချိုဖြစ်နေရင် ဘယ်လိုအစားအစာမျိုးတွေကို ရှောင်ကြဉ်ရမလဲ။ ဆီးချိုဝေဒနာရှင်တွေ လုံးဝရှောင်ကျဉ်သင့်တဲ့ အစားအသောက်တွေကို ဖော်ပြပေးမယ်နော်။

    • သကြားဓာတ်ပါဝင်မှုများသော အချိုရည်များ

    သကြားဓာတ်ပါဝင်တဲ့ အဖျော်ယမကာတွေဟာ ဆီးချိုသမားတွေနဲ့တော့ ပြဒါးတစ်လမ်း သံတစ်လမ်းပါ။ လုံးဝ ရှောင်ကျဉ်ဖို့ လိုအပ်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဆိုးရွားတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို ဖန်တီးပေးပါလိမ့်မယ်။ ဆိုဒါ ၃၅၀ ml လောက်မှာတောင် ကာဘိုဟိုက်ဒြိတ် ၃၈ ဂရမ်လောက်ပါဝင်နေပါတယ်။

    လက်ဖက်ရည်အေးနဲ့ သံပုရာရည်တွေမှာလဲ ဒီအတိုင်းပါပဲ။ ဒီသကြားပမာဏက fructose ပမာဏတိုးပွားလာစေမှာဖြစ်ပြီး ဒီဓာတ်ဟာ ဆီးချိုသမားတွေအတွက် အဓိကလိုအပ်ချက်တစ်မျိုးဖြစ်တဲ့ အင်ဆူလင်ကို ဆန့်ကျင်နိုင်တဲ့ ဂုဏ်သတ္တိပါရှိနေပါတယ်။

    Fructose များလာရင် ဝမ်းဗိုက်နားမှာ အဆီပိုတွေစုလာနိုင်သလို သွေးတွင်း ကိုလက်စထရောကိုလည်း အန္တရာယ်ရှိလောက်တဲ့အထိ အများအပြားတိုးမြင့်စေမှာပါ။

    • ပြုပြင်ထားသည့် အဆီပါဝင်သည့် အစားအစာများ

    သဘာဝ အဆီမဟုတ်ဘဲ စက်ရုံတွေကနေ ဓာတုဗေဒနည်းနဲ့ ပြုပြင်ပြီးထုတ်လုပ်ထားတဲ့ အဆီတွေဟာလည်း ဆီးချိုသမားတွေရဲ့ ကျန်းမာရေးအခြေအနေကို ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဒီအဆီတွေဟာ ဟိုက်ဒရိုဂျင်ပမာဏကို မြင့်တက်စေပြီး ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ unsaturated fatty acids ကို ဖန်တီးနိုင်ပါတယ်။ ပြုပြင်ယူထားတဲ့ အဆီတွေကို ထောပတ်၊ မြေပဲထောပတ်၊ ဒိန်ခဲအပျော့၊ နို့မှုန့်နဲ့ အေးခဲအစားအစာတစ်ချို့မှာ ပါရှိပါတယ်။

    • ပေါင်မုန့်ဖြူ၊ ပါစတာနှင့် ဆန်

    အဖြူရောင် အဆင်းရှိတဲ့ ပေါင်မုန့်၊ ဆန်နဲ့ ပါစတာခေါက်ဆွဲတွေဟာ ကာဘိုဟိုက်ဒြိတ်ဓာတ်များပြားတာမို့ ဆီးချိုသမားတွေနဲ့ မသင့်လျော်ပါဘူး။ ဒီလို အစားအစာမျိုးတွေဟာ သွေးတွင်း သကြားဓာတ်ကို သိသိသာသာ တိုးစေပြီး Type 1 ဆီးချိုသမားတွေရော Type 2 ဆီးချိုသမားတွေအတွက်ပါ မသင့်လျော်တာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုဆိုးရွားတဲ့ အခြေအနေမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကိုပါ ကျဆင်းစေမှာဖြစ်ပါတယ်။

    အဆိုပါအစားအစာတွေမှာ ဖိုက်ဘာဓာတ် အနည်းအကျဉ်းသာပါဝင်တာမို့ သွေးတွင်းက သကြားဓာတ် ကို ခန္ဓာကိုယ်က စုပ်ယူနိုင်အားနည်းပါးစေပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ ဖိုက်ဘာဓာတ်ဖြည့်တင်းထားတဲ့ ပေါင်မုန့်ဖြူမျိုးတွေ တီထွင်ဖန်တီးလာတာဖြစ်ပြီးတော့ အဆိုပါ ပေါင်မုန့်မျိုးတွေကတော့ သွေးတွင်းသကြားပမာဏ လျော့နည်းစေဖို့ အထောက်အကူပြုနိုင်ပါတယ်။

    • သစ်သီးအရသာ ဖြည့်စွက်ထားသည့် ဒိန်ချဉ်များ

    သဘာဝ ဒိန်ချဉ်ဟာ ဆီးချိုဝေဒနာရှင်တွေကို အကျိုးပြုတဲ့ အစားအစာ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် သစ်သီးအရသာ ဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေကတော့ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုရှိတာကို သတိထားဖို့ လိုအပ်ပါတယ်။

    အရသာဖြည့်စွက်ထားတဲ့ ဒိန်ချဉ်တွေမှာ သဘာဝအတိုင်း မဟုတ်ဘဲ ပြုပြင်ဖန်တီးထားတဲ့ နို့ထွက်ပစ္စည်းတွေ ပါဝင်နေပါတယ်။

    အဆိုပါ လူလုပ်နို့ထွက်ပစ္စည်းတွေဟာ သကြားဓာတ်ရော၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါ ပမာဏ အများအပြားပါရှိနေတာမို့ ဆီးချိုသမားတွေအတွက်တော့ လုံးဝမသင့်တော်ပါဘူး။

    • အချိုအရသာ ဖြည့်စွက်ထားသည့် Cereal များ

    Cereal ကို မနက်စာအဖြစ် မှီဝဲကြတာက အနောက်တိုင်း ဓလေ့တစ်ခုဖြစ်ပေမယ့် ခုနောက်ပိုင်းမှာတော့ မြန်မာပြည်မှာလဲ စားလာကြပါတယ်။ ဒါပေမယ့် Cereal ဟာ ဆီးချိုသမားတွေ ရှောင်ကျဉ်သင့်တဲ့ အစားအစာတ်မျိုးဖြစ်ပါတယ်။

    ဘူးပေါ်က အညွှန်းစာတွေဖတ်ပြီး ကျန်းမာရေးနဲ့ သင့်လျော်တယ်လို့ ထင်ချင်စရာဖြစ်ပေမယ့် ဆီးချိုသမားတွေအနေနဲ့ Cereal ကို ရှောင်ကျဉ်တာအကောင်းဆုံးပါ။

    ပုံမှန်အားဖြင့် Cereal တွေမှာ ပရိုတိန်းဓာတ် နည်းပါးပြီး ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုများပြားပါတယ်။ ခုနောက်ပိုင်းမှာတော့ ဆီးချိုသမားတွေ စားလို့ရတဲ့ ပရိုတိန်းကြွယ်ဝပြီး ကာဘိုဟိုက်ဒြိတ်ဓာတ်နည်းပါးတဲ့ Cereal မျိုးတွေ ထုတ်လုပ်လာနေကြပါပြီ။

    • ကော်ဖီနှင့် ဆက်နွယ်သော အဖျော်ယမကာများ

    ကော်ဖီက ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောင်းတာရော ဆိုးတာရော အမျိုးမျိုးပေးစွမ်းတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ မကောင်းတဲ့ဘက်ခြမ်းကနေကြည့်မယ်ဆိုရင်တော့ ဆီးချိုသမားတွေနဲ့ မသင့်လျော်ဆုံးပါပဲ။ အထူးသဖြင့် အသင့်သောက်ကော်ဖီတွေပါ။

    ကိုယ့်မှာ ဆီးချိုရှိနေရင် ကော်ဖီကို ရှောင်တာက အကောင်းဆုံးနည်းလမ်းပါ။ ကော်ဖီကြောင့် သွေးတွင်း သကြားဓာတ်မြင့်မားစေနိုင်သလို ဦးနှောက်လုပ်ဆောင်ချက် ဖောက်ပြန်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။

    • သစ်သီးခြောက်

    သစ်သီးဝလံတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကို အထောက်အကူဖြစ်စေတဲ့ သဘာဝအရင်းအမြစ်တွေဖြစ်ပါတယ်။ ဗီတာမင် C နဲ့ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်ပါတယ်။

    ဒါပေမယ့် အခြောက်ခံထားတဲ့ သစ်သီးတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ သစ်သီးကို အခြောက်ခံပြီး ဓာတုဗေဒနည်းနဲ့ တာရှည်ခံအောင် ပြင်ဆင်ထားတာမို့ ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

    အခြောက်ခံထားတာမို့ ရေဓာတ်ဆုံးရှုံးထားရသလို အာဟာရဓာတ်တွေလည်း ပျက်ဆီးကုန်ကြပါတယ်။ ဥပမာပေးရရင် သဘာဝ စပျစ်သီး ပန်းကန်လုံး တစ်လုံးစာမှာ ကာဘိုဟိုက်ဒြိတ် ၂၇ ဂရမ်နဲ့ ဖိုက်ဘာ ၁ ဂရမ်သာပါဝင်ပေမယ့် ပမာဏတူ စပျစ်သီးခြောက်ထဲမှာတော့ ကာဘိုဟိုက်ဒြိတ် ၁၁၅ ဂရမ်နဲ့ ဖိုက်ဘာ ၅ ဂရမ်ပါဝင်နေမှာဖြစ်ပါတယ်။

    • အဆာပြေမုန့်များ

    အာလူးကြော်၊ ငါးမုန့်ကြော်တို့အပါအဝင် ဘာကြော်၊ ညာကြော်၊ ကိတ်ခြောက်နဲ့ အမျိုးအမယ်စုံလင်လှစွာသော အဆာပြေမုန့်တွေဟာ ဆီးချိုသမားတွေအတွက် အန္တရာယ်ဖြစ်ပါတယ်။

    အိတ်လှလှလေးတွေနဲ့ ထုပ်ပိုးထားပြီး နေရာတိုင်းမှာ အလွယ်တကူဝယ်ယူလို့ရနိုင်ပေမယ့် ဒီမုန့်တွေမှာပါဝင်နေတဲ့ မသန့်စင်တဲ့ အဆီတွေ၊ သကြားဓာတ်တွေ၊ ကာဘိုဟိုက်ဒြိတ်တွေဟာ ဆီးချိုသမားတွေကို ရောဂါပိုတိုးဖို့ လက်ကမ်းခေါ်နေကြတာပါ။

    • သီးစုံအချိုရည်/သစ်သီးဖျော်ရည်

    သီးစုံအချိုရည်တွေဟာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဖျော်ယမကာတွေလို့ ထင်မြင်ခြင်းခံကြရတတ်ပါတယ်။ တကယ်တမ်းမှာတော့ ဒီလို ဖျော်ရည်တွေဟာ သွေးတွင်းသကြားပမာဏ မြင့်တက်စေတဲ့ ဆိုးကျိုးကိုပေးပါတယ်။

    ဆိုဒါနဲ့ တခြားအားဖြည့်အချိုရည်တွေလိုပါပဲ။ သစ်သီးဖျော်ရည်တွေနဲ့ သီးစုံအချိုရည်တွေဟာလည်း ဆီးချိုသမားတွေ ရှောင်ကျဉ်သင့်တဲ့ အဖျော်ယမကာအမျိုးအစားတွေဖြစ်ကြပါတယ်။

    • အာလူးကြော် (French Fries)

    French Fries လို့ လူသိများတဲ့ ပြင်သစ်အာလူးကြော်ဟာ အသင့်စား အစားအစာရောင်းတဲ့ ဆိုင်တိုင်းနီးပါးမှာ ဝယ်ယူလို့ရပြီးတော့ လူကြိုက်များတဲ့ အစားအစာတစ်မျိုးပါ။ ပူပူလောလောကြော်ထားတဲ့ အာလူးချောင်း ဝါဝါလေးတွေဟာ စားရတာအရသာရှိလှသလို ဗိုက်လည်းဝပါတယ်။

    တချို့ ကြိုက်တတ်သူတွေက အာလူးကြော်ချည်း သီးသန့်တောင် ဝယ်စားတတ်ကြပါသေးတယ်။ ဒါကြောင့်လည်း ဒီအာလူးကြော်ကို အရသာအစုံအလင် ဖန်တီးဆန်းသစ်လာကြတာတွေလည်း ရှိပါတယ်။

    ဘယ်လို အရသာရှိရှိ စားကောင်းကောင်း French Fries တွေဟာ ဆီးချိုသမားတွေအတွက်တော့ အန္တရာယ်များတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကာဘိုဟိုက်ဒြိတ်ပါဝင်မှုများတဲ့ အာလူးကို မီးပြင်းပြင်းနဲ့ ကြော်ထားတာမို့ ဆီးချိုသမားတွေကို ဘေးသင့်စေမယ့် AGEs နဲ့ Aldehydes တို့ အလျှံအပယ်ပါဝင်နေတာပါ။ နှလုံးရောဂါနဲ့ တခြားရောဂါတွေပါ ဖြစ်စေနိုင်တာကို မမေ့ပါနဲ့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 25/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement