ပျားရည် လို့ဆိုလိုက်တာနဲ့ သဘာဝအားဆေး၊ ဆေးဖက်ဝင် အစားအစာဆိုပြီး ဦးနှောက်ထဲ အရင်ပေါ်လာတယ်ဟုတ်။ ကလေးကစလို့ လူကြီးတွေအထိ အကုန်လုံး စားလို့ရတယ်လို့ တော်တော်များများက မှတ်ယူထားကြတာပါ။ ဒါဆိုရင် ပျားရည်က ဆေးဖက်ဝင်အစားအစာတစ်ရပ်အနေနဲ့ လူတိုင်းနဲ့ တည့်တာလားဆိုပြီး မေးစရာရှိလာပါတယ်။ ဒီလိုဆို ပျားရည်က အချိုရှောင်ရတဲ့ ဆီးချိုဝေဒနာရှင်တွေအတွက်ရော ဆေးဖက်ဝင်ရဲ့လား။ ကဲ ….. ဆီးချိုနဲ့ ပျားရည် အကြောင်း လေ့လာလိုက်ရအောင်နော်။
ဆီးချိုနဲ့ ပျားရည်
ဆီးချိုနဲ့ ပျားရည် အကြောင်း ပြောရမယ် ဆိုရင်တော့ ဆီးချိုသမားတွေအနေနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုလိုက်လို့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ထူးပြီးရရှိသွားမှာ မဟုတ်ပါဘူး။ ပျားရည်ဟာလည်း သကြားနည်းတူ သွေးတွင်းသကြားဓာတ်ပမာဏအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ တကယ်တော့ ပျားရည်က သကြားထက်ပိုချိုပါတယ်။
ဒါကြောင့် သင့်အနေနနဲ့ ပျားရည် ကို သကြားနေရာမှာ အစားထိုးအသုံးပြုမယ်ဆိုရင်တော့ ပမာဏခပ်နည်းနည်းပဲ အသုံးပြုရမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျားရည်က သကြားထက် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လ်လိုရီပါဝင်မှု များနေလို့ပါ။ တကယ်လို့ ဆီးချိုရှိသူတစ်ယောက်အနေနဲ့ ပျားရည်ကို နှစ်သက်တယ်ဆိုရင်တော့ ဆီးချိုကောင်းနေတဲ့ အချိန်မှာ နည်းနည်းပါးပါးစားလို့ရပါတယ်။
သကြား နဲ့ ပျားရည် ဘာတွေကွာလဲ
ပျားရည်နဲ့ သကြားက အချိုဓာတ်ရတာချင်းတူပေမယ့် အာဟာရတန်ဖိုးချင်းကတော့ ကွာခြားမှာပါ။
ပျားရည်
ပျားရည်မှာ သဘာဝပန်းဝတ်မှုန်တွေ ပါဝင်နေပြီး အာဟာရပြည့်ဝပါတယ်။ ပျားရည်မှာ ရေဓာတ်ပါဝင်နေသလို ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်းပါဝင်နေပါတယ်။ သကြားဓာတ် ပါဝင်မှုနည်းပြီး ကယ်လ်လိုရီပါဝင်မှုကတော့ များပါတယ်။ ပျားရည်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်အပါအဝင် အခြားသော ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဓာတ်တွေပါဝင်နေပါတယ်။
ပျားရည်ရဲ့ အသုံးဝင်မှု
- ပျားရည်က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ ကင်ဆာကာကွယ်ပေးနိုင်စွမ်းလည်းရှိပါတယ်။
- ပျားရည်ဟာ ဝက်ခြံအပါအဝင် အရေပြားပြဿနာတော်တော်များများကို သက်သာစေနိုင်ပါတယ်။
- အနာကျက်စေနိုင်ပါတယ်။
- ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။
- အသားအရေကို အစိုဓာတ်ထိန်းပေးပါတယ်။
- ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
သကြား
သကြားကတော့ ကြံကနေထုတ်ယူထားတဲ့ အချိုအရသာအတွက် ဖြည့်စွက်စားသုံးတဲ့ အစားအစာတစ်မျိုးပေါ့။ အစားအစာတွေရဲ့ အချိုအရသာကို လေးစေဖို့ စားကြတာပါ။ အချိုဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်ပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါ။ သကြားသွေးတွင်းအချိုဓာတ်ကို မြင့်တက်စေနိုင်သလို သွားတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။
သကြားရဲ့ အသုံးဝင်မှုက
- ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အချိုဓာတ်ဖြည့်တင်းပေးတယ်။
- တက်ကြွလန်းဆန်းစေတယ်။
- သွေးတိတ်စေတယ်။
- အရေပြားက ဆဲလ်သေတွေဖယ်ရှားဖို့ အသုံးပြုနိုင်တယ်။
သွေးတွင်းသကြားဓာတ်အပေါ် သက်ရောက်မှု
ပျားရည် ရဲ့သွေးတွင်းသကြားဓာတ်အပေါ်သက်ရောက်မှုက သကြားထက်စာရင် နည်းနည်းလေး နည်းပါတယ်။ လေ့လာဆန်းစစ်ချက်တွေအရကတော့ ပျားရည်ကြောင့် သွေးချိုတက်နိုင်ခြေက သကြားကြောင့် သွေးချိုတက်နိုင်ခြေနဲ့ ယှဉ်ရင် နည်းပါတယ်။
သကြားစားပြီး မိနစ် ၃၀ အတွင်း သွေးချိုပမာဏမြင့်တက်မှုက ပျားရည်ထက် ပိုများနေပါတယ်။ ပျားရည်က စားပြီးစမှာ သွေးချိုမြင့်သွားပေမယ့် တစ်နာရီလောက်အကြာမှာတော့ သွေးချိုကပြန်ကျသွားပါတယ်။ သကြားကတော့ စားပြီး ၂ နာရီကြာမှ သွေးချိုက ပုံမှန်အနေအထားကိုပြန်ရောက်ရှိတာဖြစ်ပါတယ်။
၁၂ ပတ်ကြာ လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ ပျားရည် ကာလတို သွေးတွင်းသကြားပမာဏကို တိုးတက်ကောင်းမွန်စေနိုင်သလို သွေးတွင်း အဆီဓာတ်ကိုလည်း ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် ဒါက အတည်ပြုလေ့လာချက် မဟုတ်သေးပါဘူး။ ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။
ပျားရည်ရဲ့ အားသာချက်က ခန္ဓာကိုယ်ထဲကို ရောဂါတစ်ခုခုကြောင့် နောက်ဆက်တွဲရောဂါတွေ ဝင်ရောက်မလာအောင် တားဆီးနိုင်တာပါ။ ကင်ဆာကို ကာကွယ်ပေးနိုင်သလို အနာလည်း ကျက်စေနိုင်ပါတယ်။ အနာတွေမှာ လိမ်းပေးမယ်ဆိုရင် ပြင်ပက ရောဂါပိုးတွေ ဝင်ရောက်မလာအောင် တားဆီးပေးနိုင်စွမ်းလည်း ရှိပါတယ်။
ပျားရည်မှာ သကြားထက် ကာဗိုဟိုက်ဒရိတ်နဲ့ ကယ်လိုရီပါဝင်မှုများပေမယ့် ပြုပြင်ထားတာမျိုးမရှိဘဲ သဘာဝစစ်စစ်ဖြစ်တာကြောင့် အာဟာရကြွယ်ဝပါတယ်။ ဒါပေမယ့် တန်ဆေး လွန်ဘေးဆိုသလိုပါပဲ။ အများကြီးတော့ မစားပါနဲ့။ ဆီးချိုထိန်းနိုင်တဲ့အချိန်ဆိုရင်တော့ အာသာဖြေ ပမာဏအနည်းငယ် စားပေးနိုင်ပါတယ်။
[embed-health-tool-bmi]