backup og meta

နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

    နေမကောင်းဖြစ်တာက အပြင်ရုပ်ပိုင်းဆိုင်ရာကိုတင်မက စိတ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူကတော့နေမကောင်း အကြာကြီးဖြစ်ချင်မလဲနော်။ မြန်မြန်ပြန်ပျောက်ချင်တာပေါ့။ ဒါကြောင့် ကိုယ်နေမကောင်းဖြစ်ရင် သိသင့်တဲ့ အချက်တွေ သိထားပြီး လိုက်နာရင်တော့ ကိုယ်လည်းမြန်မြန်ပြန်ကျန်းမာ၊ ကိုယ်ချစ်တဲ့ သူတွေကိုလည်း နေမကောင်းဖြစ်တာ မကူးတော့ဘူးပေ့ါ။ ဖျားနာရင်ဆေးသောက်တာနဲ့တင် မပြီးပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံကလည်း အရေးကြီးပါတယ်။ နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော် ။

    တုပ်ကွေးက ကူးစက်တာမြန်တတ်လား။ ။

    တုပ်ကွေးက လေကတစ်ဆင့် ကူးစက်တာ အပြင် ရောဂါရှိတဲ့သူဆီက ထွက်တဲ့ တံထွေး၊ နှာရည်တွေကို ထိမိကိုင်မိတာကနေတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ အိမ်မှာ တစ်ယောက် တုပ်ကွေးဖြစ်ပြီဆိုတာနဲ့ အိမ်သားအားလုံး ကူးစက်နိုင်ခြေရှိပါတယ်။

    ကိုယ်ကြောင့် သူများနေမကောင်းဖြစ်သွားရင် အားနာနေရတဲ့ ခံစားမှုကြီးက မကောင်းပါဘူး။ ဒါကြောင့် ကိုယ့်တုပ်ကွေး သူများဆီ မရောက်ဖို့ နဲ့ ကိုယ်လည်း မြန်မြန်ပြန်ကောင်းအောင် လိုက်နာလုပ်ဆောင်ရမယ့် ကိစ္စလေးတွေ ရှိပါတယ်။

    နေမကောင်း ဖြစ်နေတာလား။ မြန်မြန်သက်သာအောင် ဒါလေးတွေလုပ်နော်

    မလွှဲသာမရှောင်သာ တစ်အိမ်လုံးမှာမှ ကိုယ့်ဆီကို တုပ်ကွေးက အရင်ရောက်လာခဲ့ရင် ခုပြောပြတဲ့ အချက် ၉ ချက်ကို လိုက်နာပေးပါ။ ဒီအချက်တွေက ကိုယ့်ဆီက တုပ်ကွေးကိုလည်းမြန်မြန်ပြန်ထွက်အောင် သူများဆီကိုလည်း မရောက်အောင် ကာကွယ်နိုင်တဲ့ အချက်တွေဖြစ်ပါတယ်။

    ၁။ လက်ဆေးပါ။ ။

    လက်ဆေးတယ်ဆိုတာ အသားနာခံပြီး ဆေးထိုးစရာ မလိုတဲ့ ကာကွယ်နည်း တစ်မျိုးလို့တောင် ပြောလို့ရပါတယ်။ နေမကောင်းဖြစ်တယ်ဆိုပြီး တခြားပြင်းတဲ့ ဆပ်ပြာတွေ သုံးနေစရာ မလိုပါဘူး။ သုံးနေကျ ဆပ်ပြာလေးနဲ့ လက်လေးကို ရေဆေးပွတ်လိုက်ရုံပါပဲ။ ဒါပေမယ့် လက်ကိုရေလောင်း ဆပ်ပြာထည့် ပွတ် ပြန်ဆေးချဆိုပြီး ခဏလေးနဲ့ ပြီးလို့တော့ မရပါဘူး။ လက်ကြားထဲအထိ ရောက်အောင် သေချာပွတ်ဆေးပါ။ အနည်းဆုံး စက္ကန့်၂၀ လောက်တော့ကြာပါစေ။

    ကိုယ့်အနားမှာ ရေက အလွယ်တကူ မရနိုင်ဘူးဆိုရင် ရေမလိုလက်သန့်ဆေးရည်တွေ သုံးပေးပါ။ လက်ဆိုတာကလည်း ကိစ္စတော်တော်များများမှာ သူပါရတာဆိုတော့ ရောဂါပိုးတွေ အများကြီး ကပ်နေနိုင်တဲ့ နေရာလေ။ လက်ဆေးလိုက်တော့ နေမကောင်းဖြစ်နေတဲ့ ကိုယ့်ဆီကို အပြင်ကရောဂါပိုးတွေ မဝင်နိုင်တော့ဘူးပေါ့။

    ၂။ အပြည့်အဝ အိပ်စက်အနားယူပါ။

    အိပ်ချိန်ပြည့်ဝအောင် အိပ်ဖို့ဆိုတာ လူကောင်းတစ်ယောက်အတွက်တောင် အရေးကြီးမှတော့ နေမကောင်းဖြစ်နေတဲ့ သူအတွက် ပိုလို့တောင် လိုအပ်မယ်ဆိုတာ ပြောစရာလိုမယ် မထင်ပါဘူး။ ခုလို ခုခံအားနည်းနေတဲ့ ဖျားနေချိန်မှာ ခုခံအားစနစ်ပြန်အားပြည့်အောင် အိပ်စက် အနားယူခြင်းကသာ စွမ်းဆောင်နိုင်တာပါ။ တစ်ချိန်လုံး အိပ်ရာထဲခွေနေပါလို့တော့ မပြောချင်ပါဘူး။ နေ့ခင်းပိုင်းထက်စာရင် ညပိုင်း အိပ်စက်တာကသာ အကောင်းဆုံး အားပြန်ပြည့်နိုင်တာပါ။

    ၃။ နှာချေရင် ချောင်းဆိုးရင် လက်ကိုင်ပဝါသုံးပါ။ ။

    နှာရည်တစ်ရွှဲရွှဲဖြစ်လာရင် အဆင်သင့် သုတ်စရာရှိအောင်နဲ့ ချောင်းဆိုးနှာချေရင် ကိုယ့်ဆီက ပိုးတွေ ပတ်ဝန်းကျင် ကို မပြန့်အောင် လက်ကိုင်ပုဝါတစ်ထည်တော့ ဆောင်ထားသင့်ပါတယ်။ တစ်ခါသုံး တစ်သျှူးတွေလည်း သုံးနိုင်ပါတယ်။ သုံးပြီးရင်လည်း လက်ကိုင်ပဝါဆို ပြန်လျှော်နေလှန်းသင့်ပြီး တစ်ခါသုံး တစ်သျှူးဆိုရင်လည်း သေချာစနစ်တကျလွှင့်ပစ်သင့်ပါတယ်။

    ၄။ ရေဓာတ်ပြည့်ဝနေပါစေ။ ။

    ခံတွင်းပျက်နေလို့ ရေသောက်ရတာတောင် ခါးတယ်ဆိုပြီး နေမကောင်းဖြစ်တဲ့သူတွေ ညည်းလေ့ရှိကြပါတယ်။ ဆေးတွေလည်းသောက်ရတော့ ရေကပါ လိုက်ခါး။ ပါးစပ်ခါးတော့ ရေမသောက်ချင်။ ဘယ်လောက်ပဲ ခံတွင်းပျက်ပြီး ရေမသောက်ချင်အောင် ဖြစ်နေပါစေ။ နေမကောင်းဖြစ်တဲ့ သူအတွက်ကတော့ ကိုယ်တွင်း အပူဓာတ်ကို ငြိမ်းပေးနိုင်တဲ့ ရေများများသောက်ဖို့ အလွန်လိုအပ်ပါတယ်။

    ၅။ တစ်အိမ်လုံး မျှသုံးနေတဲ့ အရာတွေကို သန့်စင်ပေးပါ။

    ကိုယ်လက်နဲ့ ထိတွေ့တဲ့ ဖုန်း၊ ကွန်ပျူတာ၊ တီဗွီရီမု ၊ စတာတွေကို သန့်စင်ပေးပါ။ သူတို့က တခြားလူတွေလည်းကိုင်တွယ်နေတဲ့ ပစ္စည်းဖြစ်တာကြောင့် အပြင်ကရောဂါပိုးတွေကိုယ့်ဆီကိုဝင်နိုင်သလို ကိုယ့်ဆီက ရောဂါပိုးတွေလည်း သူများတွေဆီကို ရောက်သွားနိုင်ပါတယ်။ နှာရည်ညှစ်နေကျ နေရာဖြစ်တဲ့ ရေချိုးခန်းတို့ ဘေဇင်တို့ကို သေချာ ပိုးသတ်ပါ။ ဒါမှ တုပ်ကွေး သူများတွေဆီကို ထပ်မကူးစက်မှာပါ။

    ၆။ အသုံးအဆောင်တွေကို မျှမသုံးပါနဲ့။

    အရင်က ဘယ်လောက်ပဲမခွဲအတူ ချစ်ခဲ့ပေမယ့် နေမကောင်းဖြစ်နေပြီဆိုတာနဲ့ အသုံးအဆောင်တွေကို ခွဲသုံးဖို့ အရေးကြီးလာပါပြီ။ ကိုယ်ကနေမကောင်းဖြစ်နေတော့ ထမင်းစားရင် ဇွန်းတစ်ချောင်းတည်း မျှစားတာမျိုး၊ မျက်နှာသုတ်ပဝါ တစ်ခုတည်းကို အိမ်သားတွေနဲ့ မျှသုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကိုယ့်ရောဂါပိုးတွေ သူများတွေဆီကို ကူးစက်တတ်လို့ပါ။

    ၇။ ချွေးထွက်အောင် ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

    ဖျားနေတဲ့ အချိန် အနွေးထည် အထူကြီးတွေဝတ်၊ အိပ်ရာထဲကွေးနေတာထက် ချွေးထွက်သွားအောင် ပေါ့ပေါ့ပါးပါး လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ရမယ်လို့ မပြောပါဘူး။ အိပ်ရာထဲကထွက် ခြံထဲလမ်းလေးဆင်းလျှောက်တာမျိုးလေးတွေ လုပ်ပေးလို့ရပါတယ်။ ချွေးထွက်တော့ အပူလည်း မငုပ်တော့ဘူးပေ့ါ။

    ၈။ ဆေးခန်းသွားပြီး သေချာကုသမှု ခံယူပါ။

    တုပ်ကွေးဖြစ်ရင် သူနဲ့ အတူပါလာတဲ့ နှာစေး၊ ချောင်းဆိုးရောဂါလက္ခဏာတွေက လူတွေကို နှိပ်စက်တာပါ။ သူတို့ကပဲ ရောဂါကို အခြားသူတွေဆီကူးစက်စေတာပါ။ ဒါကြောင့် ကိုယ့်စိတ်ထဲတုပ်ကွေးဖြစ်ပြီလို့ ခံစားရတာနဲ အဖျားက ငွေ့ငွေ့လေးပဲဆိုပြီး ပေပေတေတေမနေပါနဲ့။့ ဆေးခန်းသွားပြီး ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသောက်ပါ။ ဆေးမြီးတို၊ စပ်ဆေးတွေဝယ်သောက်တာမျိုးကို ရှောင်ကြဉ်ပါ။

    ၉။ ကြိုတင်ကာကွယ်မှုလုပ်ပါ။ ။

    အအေးမိတုပ်ကွေးဖြစ်တဲ့အခါ ခံစားရတဲ့ဝေဒနာကတော်တော်လေးဆိုးပါတယ်။ ကိုယ့်ကြောင့် အခြား အိမ်သားတွေကို ထပ်မခံစားရအောင် ကိုယ့်မှာ တုပ်ကွေးဖြစ်နေပြီဆိုတာနဲ့သူတို့ကို တုပ်ကွေးကာကွယ်ဆေးကြိုထိုးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။

    သင်က အမြဲကျန်းမာနေမယ်လို့ မပြောနိုင်တဲ့အခါကျတော့ ခုပြောပြခဲ့တဲ့ အချက်လေးတွေက သင်နေမကောင်းဖြစ်တဲ့အခါ အသုံးဝင်စေဖို့ကို ရည်ရွယ်ပါတယ်။ ဒါမှလည်း သင်လည်းမြန်မြန်ပျောက်တဲ့ အပြင် ရောဂါပိုးတွေ သူများတွေဆီကိုလည်း မရောက်နိုင်တော့ပါ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement