backup og meta

ဆီးချိုနဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှု


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုနဲ့အရေပြားထိန်းသိမ်းစောင့်ရှောက်မှု

    ဆီးချိုက ခုနောက်ပိုင်းမှာ လူတော်တော်များများမှာ ခံစားရတဲ့ရောဂါတစ်ခုလိုတောင်ဖြစ်နေပါပြီ။ပြောင်းလဲလာတဲ့ စားသောက်မှုပုံစံ လှုပ်ရှားမှုနည်းတဲ့ လူနေမှုပုံစံတွေကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါခံစားရသူအရေအတွက်ကတော်ေ်တာ်လေးများလာပါတယ်။ အမျိုးအစား (၂) ဆီးချိုရောဂါက တစ်ကိုယ်တည်းနေတတ်တဲ့ရောဂါမဟုတ်တာတော့အသေအချာပါ။ ဒီတော့နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်မှုတွေက လုပ်ဖို့လိုအပ်လာမှာ အမှန်ပါ။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အရေပြားထိန်းသိမ်နည်းလေးပြောပြပေးပါရစေ။

    ဆီးချိုသမားတွေက အခြားသူတွေထက် အသားအရေကို ပိုဂရုစိုက်ဖို့လိုပါမယ်

    ဆီးချိုသမားတွေက ကိုယ်ခံအားနည်းနေတတ်ကြပါတယ်။ ဒါကဆီးချိုသမားတွေမှာမှ မဟုတ်ပါဘူး။ရောဂါအခံတစ်ခုခုခံစားနေရသူတိုင်းက ကိုယ်ခံအားနည်းတတ်ကြတာပါ။ ဆီးချိုရှိသူတွေက အရေပြားမှာရောဂါကူးစက်ခံရနိုင်ခြေ၊ အရေပြားထိခိုက်နိုင်ခြေက ပုံမှန်ထက် ပိုများနေတာတော့ အမှန်ပါ။ ဆီးချိုရောဂါရှိသူတွေမှာခြေထောက်နဲ့ နားအရေပြားတွေက ထိခိုက်မိနိုင်ခြေများသလို ပိုးဝင်ကူးစက်နိုင်ခြေလည်းများပါတယ်။

    ဆီးချိုရောဂါခံစားနေရသူတွေရဲ့ ၇၅ ရာခိုင်နှုန်းလောက်က အရေပြားပြဿနာကို ခံစားနေရကြရတာပါ။ အမျိုးအစား (၁) ဆီးချိုရောဂါခံစားနေရသူ ၅၀ ရာခိုင်နှုန်းလောက်ကလည်း အရေပြားခြောက်သွေ့မှုကို ခံစားနေကြရပါတယ်။ အရေပြားယားယံမှုကြောင့် ကုတ်ရာကနေ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေက အပေါ်ယံအရေပြားလွှာကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နောက်ထပ်ကြုံရနိုင်တဲ့ပြဿနာက ဖနောင့်တွေကွဲတာပါ။ နာကျင်မှုမရှိပေမယ့် ပိုးဝင်ကူးစက်နိုင်ခြေကတော်တော်လေးများနေတာပါ။ အပေါ်ယံအရေပြားလွှာပျက်စီးမှုက ခံတပ်ပျက်သွားတာပါပဲ။ ဒီလိုအခြအနေက ကိုယ်ထဲကိုရောဂါပိုးတွေ တံခါးမရှိ ဓါးမရှိဝင်ထွက်စေဖို့ ခွင့်ပြုလိုက်တာပါပဲ။

    ဖြစ်နိုင်သေးတဲ့နောက်တစ်ချက်က ဆီးချိုရှိသူတွေဟာ ရောဂါခံစားရတာ အချိန်ကြာလာတာနဲ့အမျှ အာရုံကြောတွေကထိခိုက်လာပြီး ထုံကျဉ်မှုတွေဖြစ်လာတာကြောင့် အာရုံခံစားမှုမရှိတော့ဘဲ ထိခိုက်တာတွေကို မသိတာကြောင့် အရေပြားနဲ့ ခြေဖျားလေးတွေမှာထိခိုက်နိုင်ခြေအရမ်းများနေပါတယ်။ ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ အရေပြားကိုသေသေချာချာလေး ဂရုစိုက်ဖို့လည်း လိုပါမယ်။ ဒီတော့ ဘယ်လိုဂရုစိုက်ရမလဲသိချင်ရင် ဆက်ကြည့်လိုက်ပါ။

    ဆီးချိုရှိသူတွေအတွက် အသားအရေထိန်းသိမ်းနည်းလမ်းညွှန်

    အရေပြားထိခိုက်မှုကြောင့် ကျန်းမာရေးပြဿနာကြီးကြီးမားမာမကြုံရခင်မှာ အခုလိုမျိုးလေး အရေပြားကို ထိန်းသိမ်းပေးပါ။

    နေ့စဉ်အရေပြားကို စစ်ဆေးပါ – ညအိပ်မဝင်ခင်မှာခြေထောက်တွေကနေစလို့ ခန္ဓါကိုယ်ပေါ်မှာ ထိခိုက်မိထားတာရှိလားဆိုတာကို စစ်ဆေးပါ။ ထိခိုက်မိထားတယ်ဆိုရင် လိုအပ်တဲ့ ကုသမှုကိုခံယူရပါမယ်။ အနာအသေးစားလေးတွေအတွက်ကတော့နေအိမ်မှာပဲစောင့်ရှောက်မှုလုပ်လို့ရပါတယ်။

    သွေးတွင်းသကြားဓါတ်ကို ထိန်းသိမ်းပါ -သွေးတွင်းသကြားဓါတ်မြင့်တက်မှုက အရေပြားခြောက်တာ၊ အသားတွေယားပြီး ကုတ်တာကြောင့် ထိခိုက်မိတာတွေအပြင် အနာတွေပါဖြစ်စေနိုင်တာကြောင့်သွေးတွင်းသကြားဓါတ်ကို ပုံမှန်စစ်ဆေးပြီး ထိန်းသိမ်းမှုတွေလုပ်သင့်ပါတယ်။

    သွေးပေါင်ချိန်ထိန်းညှိပေးပါ – ဆီးချိုရှိလာပြီဆိုရင်နောက်ဆက်တွဲပါလာမှာကသွေးတိုးပါ။သွေးတိုးဝင်လာပြီဆိုရင် အရေပြားအပါအဝင် ခန္ဓါကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကိုပါ ထိခိုက်စေနိုင်တယ်။ ဒါကြောင့်သွေးပေါင်ကျဆေးသောက်တာ၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာတွေလုပ်ပေးပြီး အရေပြားဆီသွေးစီးဆင်းရောက်ရှိမှုကောင်းအောင်လုပ်ဆောင်လို့ အရေပြားကျန်းမာရေးကိုထိန်းသိမ်းပါ။

    ရေပူနဲ့ရေမချိုးပါနဲ့ -ရေပူနဲ့ရေချိုးတာက လန်းဆန်းစေနိုင်တာအမှန်ဆိုပေမယ့် အရေပြားကိုခြောက်သွေ့စေနိုင်ခြေ ပုံမှန်ထက်ပိုများနေပါတယ်။ ဒါကြောင့် အရေပြားခြောက်သွေ့လွယ်တဲ့ ဆီးချိုရောဂါရှိသူတွေအနေနဲ့ရေပူနဲ့ရေမချိုးပါနဲ့။

    အစိုဓါတ်ထိန်းပါ – ရေချိုးသန့်စင်ပြီးတဲ့အခါတိုင်း ၃ မိနစ်လောက်အတွင်းမှာ အရေပြားကို အမွှေးနံ့မပြင်းတဲ့ အစိုဓါတ်ထိန်းခရင်မ်ကို လူးပေးပါ။ အရေပြားခြောက်တယ်လို့ ခံစားရတိုင်းမှာလည်း လူးပေးပါ။ခြေချောင်းကြားလေးတွေကိုတော့ ခပ်ပါးပါးလေးပဲလူးပေးပါ။ ဒီလိုလုပ်ပေးတာက အသားအရေခြောက်သွေ့မှုကို ကင်းစေနိုင်ပြီးခြောက်သွေ့မှုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲပြဿနာတွေကိုပါ ကင်းစေမှာပါ။

    ခြောက်သွေ့အောင်သုတ်ပါ -ရေချိုးပြီးတိုင်းဖြစ်ဖြစ်၊ခြေလက်တွေဆေးပြီးတိုင်းဖြစ်ဖြစ်ရေခြောက်အောင်သုတ်ပေးပါ။ရေခြောက်အောင်မသုတ်တာကလည်း အရေပြားကို ထိခိုက်မိစေနိုင်ပါတယ်။ရေခြောက်အောင် မသုတ်တာက အရေပြားမှာ မှိုပိုးကူးစက်တာတွေပါဖြစ်စေနိုင်ပါတယ်။

    ခြေသည်းလက်သည်းညှပ်တဲ့အခါ အသားနှိုက်ပြီးမညှပ်ပါနဲ့ -ခြေသည်းလက်သည်းတွေကို အရမ်းကပ်ပြီးမညှပ်ပါနဲ့။ အခန့်မသင့်ထိခိုက်မှုကနေတဆင့်ရောဂါပိုးတွေ ဝင်ရောက်ကူးစက်နိုင်တာကြောင့်ပါ။

    နေလောင်ကာခရင်မ်လူးပေးပါ -နေရောင်ခြည်ကြောင့်အရေပြားထိခိုက်တာမျိုးမဖြစ်စေဖို့ အပြင်ထွက်ခါနီးတိုင်းနေလောင်ကာခရင်မ်လူးပေးဖို့ မမေ့ပါနဲ့။

    ရေဓါတ်ပြည့်ဝအောင်နေပါ – အသားအရေခြောက်သွေ့မှုကင်းအောင်လုပ်ရမယ့်နောက်အချက်တစ်ခုကရေသောက်ဖို့ပါ။ကော်ဖီ၊ လက်ဖက်ရည် နဲ့ ခန္ဓါကိုယ်ကိုရေဓါတ်ဆုံးရှုံးစေနိုင်တဲ့ စားစရာသောက်စရာတွေကို တတ်နိုင်သမျှရှောင်ပါ။

    ဒီအချက်လေးတွေကို ဂရုစိုက်လို့ ဆီးချိုရှိနေတဲ့မေမေ၊ဖေဖေတို့ရဲ့ အရေပြားကျန်းမာရေးလေးကို ထိန်းသိမ်းလိုက်ရအောင်လား………

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement