လည်ချောင်းနာဖူးလား။ မနားဖူးဘူးတဲ့လူတော့မရှိလောက်ဘူးလေနော်။ လည်ချောင်းနာတဲ့အခါ လည်ချောင်းထဲက ယားသလိုလို နာသလိုလို ပူစပ်ပူလောင်ကြီးဖြစ်ပြီး ဘာစားစားအဆင်မပြေပါဘူး။ စကားပြောရတာတောင် အခက်အခဲဖြစ်နိုင်ပါတယ်။ လည်ချောင်းနာတာက တစ်ခါတလေမှာ အအေးမိတာ၊ တုပ်ကွေးဖြစ်တာလိုမျိုး အပေါင်းအဖော်တွေနဲ့အတူတူလာတတ်ပါသေးတယ်။ လည်ချောင်းနာတဲ့ဝေဒနာက ခံရခက်လွန်းလို့ ဘယ်သူမှတော့ ကြာကြာရှည်ရှည်ရောဂါမွေးမထားချင်လောက်ပါဘူး။ ဒီတော့ လည်ချောင်းနာတာကို သက်သာစေနိုင်မယ့်နည်းလမ်းလေးတွေပြောပြမယ်ဆိုရင် စိတ်ဝင်စားကြလား။
လည်ချောင်းနာတဲ့အခါ
လည်ချောင်းနာတဲ့အခါ အခန့်မသင့်ရင်ခေါင်းတောင်ကိုက်လာတတ်ပါသေးတယ်။ ဒီလိုဖြစ်တဲ့အခါ အလုပ်လုပ်ရတာ အဆင်မပြေဖြစ်ရောလေ။ ဒီပြဿနာတွေကကင်းဝေးဖို့ဆိုရင် –
ကောင်းကောင်းအနားယူပါ – လည်ချောင်းနာတဲ့အခါ ခန္ဓါကိုယ်ကိုပြည့်ပြည့်ဝဝအနားယူပေးပါ။ တတ်နိုင်သမျှစကားနည်းနည်းပဲပြောပါ။
ရေများများသောက်ပါ -ရေ၊ စွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်လိုမျိုး ခန္ဓါကိုယ်အတွက်ရေဓါတ်ရရှိစေမယ့်သောက်စရာတွေကိုသောက်သုံးပေးလို့ရပါတယ်။ လည်ချောင်းမှာ အစိုဓါတ်ရှိနေတာက လည်ချောင်းနာတာကို သက်သာစေမယ့်နည်းလမ်းတစ်ခုပါ။ အရည်ဆိုလို့ကော်ဖီတွေ၊ လက်ဖက်ရည်တွေတာ့မသောက်ပါနဲ့။ ကဖင်းပါတဲ့ အချိုရည်တွေနဲ့ အရက်၊ဘီယာတို့ကိုလည်းရှောင်ပေးပါနော်။
ရေနွေးကြမ်းသောက်ပါ -ရေနွေးကြမ်းခပ်နွေးနွေးလေးသောက်ပေးတာ၊ရေကျက်အေးထဲကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဝက်စာလောက်နဲ့သံပရာရည်တစ်စက်နှစ်စက်လောက်ထည့်ပြီးသောက်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့်လည်ချောင်းနာတဲ့အခါရေနွေးခပ်နွေးနွေးလေးသောက်ပေးပါ။
ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ – လွယ်ကူရိုးစင်းတဲ့အိမ်တွင်းနည်းတစ်ခုပေါ့။ရေနွေးတစ်ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်းနဲ့လေးပုံတစ်ပုံစာလောက်ထည့်ပြီးနှံ့အောင်မွှေလိုက်ပါ။ ခပ်နွေးနွေးအခြေအနေမှာ အာလုပ်ကျင်းပေးပါ။ လည်ချောင်းနာတာကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေမှာပါ။နေအိမ်မှာ ခံတွင်းသန့်ဆေးရည် အလွယ်တကူရှိမယ်ဆိုရင်လည်း ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းပေးလို့ရပါတယ်။ ဒီလိုလုပ်ပေးတာက လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ခံတွင်းသန့်ဆေးရည်က လည်ချောင်းနာတာကိုဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး လည်ချောင်းနာတာကို သက်သာစေနိုင်သလို ခံတွင်းအနာနဲ့ သွားနဲ့ခံတွင်းသန့်ရှင်းရေးအတွက်ပါ အသုံးပြုလို့ရပါတယ်။
အစိုဓါတ်ထိန်းကိရိယာဖွင့်ထားပေးပါ – အစိုဓါတ်ရှိတဲ့ ပတ်ဝန်းကျင်က လည်ချောင်းနာတာကို သက်သာစေနိုင်တဲ့အာနိသင်ရှိပါတယ်။ ဒါကြောင့် လည်ချောင်းနာတဲ့အခါ ကိုယ်ရှိနေတဲ့အခန်းထဲမှာ အစိုဓါတ်ထိန်းကိရိယာလေးဖွင့်ထားပေးဖို့ မမေ့ပါနဲ့။
ရေနွေးနဲ့ရေချိုးပေးပါ – လည်ချောင်းနာတဲ့အခါရေနွေးနဲ့ရေချိုးပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုပေါ့။ ဒီလိုရေချိုးပေးတာက လည်ချောင်းအတွင်းနံရံတွေရောင်ရမ်းတာကိုလျော့ပါးသက်သာစေပြီး လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ရေနွေးကအရမ်းပူဖို့တော့မလိုပါဘူး။ ဒါပေမယ့်ရေနွေးငွေ့လေးတွေထွက်နေဖို့တော့လိုပါမယ်။
မီးဖိုချောင်ထဲကပစ္စည်းတွေ အသုံးပြုနိုင်ပါတယ် –လည်ချောင်းနာတဲ့အခါ အိမ်ရဲ့ ဖီးဖိုခန်းထဲမှာ အလွယ်တကူရရှိနိုင်တဲ့အရာတွေကို အသုံးပြုပြီး သက်သာအောင်လုပ်လို့ရပါတယ်။ ဥပမာပြောပြရရင်ရေထဲကို ပန်းသီးရှာလကာရည်ထည့်ပြီး အာလုပ်ကျင်းပေးတာ၊ ကြက်သွန်ဖြူများများပါတဲ့ ဟင်းခါးသောက်တာ၊ ပျားရည်သောက်တာလိုမျိုးအိမ်တွင်းဆေးဝါးတွေကို အသုံးပြုပေးတာကလည်ဘေးဥပါဒ်ကင်းကင်းနဲ့ လည်ချောင်းနာတာကို သက်သာစေမှာပါ။
ဒီနည်းလမ်းတွေသုံးပြီး လည်ချောင်းနာတာကို ခပ်ဝေးဝေးကိုမောင်းထုတ်လိုက်ပါနော်……
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]