backup og meta

ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Ye Myo Myat မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

    ကျန်းမာတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်နိုင်စေဖို့ ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ လေးကို မျှဝေပေးချင်ပါတယ်။

    ဆောင်းရာသီ လို ကာလမျိုးက ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီကာလမျိုးပါ။ အကြောင်းရင်းကို ပြောရမယ်ဆိုရင်

    • ရာသီဥတုအေးလာတဲ့အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေထိုင်ရမှာ ပိုပျင်းလာတာ၊
    • အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ်မထွက်တော့တာ၊
    • အဆစ်အမြစ်တွေဟာ အအေးဒဏ်ကြောင့် ပိုကိုက်ခဲလာတာ၊
    • ကိုယ်ခံအားစနစ် ကျဆင်းတာ၊
    • အစာစားချင်စိတ် နည်းသွားတာ၊
    • ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။

    ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။

    ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

    ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ ဆိုလို့ စိတ်ရှုပ်မသွားပါနဲ့။ တကယ်ကတော့ ထွေထွေထူးထူးရယ်လို့ ပြောင်းစရာတော့ မလိုပါဘူး။ ကိုယ့်ရဲ့ မိသားစု သို့မဟုတ် ကိုယ့်မှာ ဘယ်လိုကျန်းမာရေးပြဿနာရှိလဲဆိုတာ သိထားရင် ပြောင်းရတာ ပိုလွယ်ကူသွားနိုင်ပါတယ်။

    ၁။ သက်ကြီးရွယ်အိုများကို ပိုဂရုစိုက်ပေးပါ။

    အသက်ကြီးတဲ့သူတွေ မကြိုက်ဆုံး ရာသီဥတုကတော့ ဆောင်းရာသီပါပဲ။ အသက်ကြီးလာတဲ့အခါ အရိုးအဆစ်တွေ ပါးပြီး အားနည်းလာသလို ငယ်စဉ်ကလောက် ကိုယ်ခံအားလည်း မကောင်းတော့တဲ့အတွက် ဖျားပြီဆိုရင် တခြားရောဂါတွေပါ ဝင်လာနိုင်ပါတယ်။

    ဒါကြောင့် ဆောင်းတွင်းကာလမှာ အသက်ကြီးပိုင်း လူကြီးတွေ၊ ဘိုးဘွားတွေကို အဝတ်အစား သေချာဆင်ပေးပါ။ လည်ပင်းရင်ဟိုက်၊ အကျီလက်တိုတွေ မဝတ်ပါစေနဲ့။ လည်ပင်းမှာ မာဖလာပတ်ထားတာ၊ သို့မဟုတ် အနွေးထည်ဝတ်ထားပေးလို့ ရပါတယ်။

    ရေချိုးတဲ့အခါ ရေနွေးနဲ့သာ ချိုးစေပြီး ၁၀ မိနစ်ထက်ပိုကြာအောင် ရေချိုးတာမျိုး မလုပ်သင့်ပါဘူး။ အဆစ်အမြစ်ကိုက်တတ်တယ်ဆိုရင် ခြေထောက်၊ လက်အရိုးအဆစ်တွေကို အမြဲဆေးလိမ်းပြီး နှိပ်ပေးတာမျိုး၊ စောင်ခြုံပေးထားတာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၂။ ကာကွယ်ဆေး မထိုးထားရင် ထိုးထားပါ။

    အကယ်လို့ ကိုယ်က နှစ်စဉ် တုပ်ကွေးကာကွယ်ဆေး မထိုးထားဘူးဆိုရင် ဒီလိုအချိန်မျိုးမှာ ထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးထိုးထားခြင်းက ကိုယ့်ကို မလိုလားအပ်တဲ့ ဖျားနာကိုက်ခဲခြင်းတွေ မဖြစ်ရလေအောင် ကောင်းစွာ ကာကွယ်ပေးနိုင်မှာပါ။

    ၃။ လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။

    ဆောင်းတွင်း အေးလို့ဆိုပြီး အားကစား၊ လေ့ကျင့်ခန်းမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်နေတာ၊ လှဲနေတာမျိုးက ကျန်းမာရေးအတွက်လည်း ရေရှည်မှာ ကောင်းကျိုးမရှိစေပါဘူးနော်။ ဒါကြောင့် ဆောင်းတွင်းလိုကာလမျိုးမှာ တက်ကြွလန်းဆန်းပြီး သွေးပူနေစေဖို့ မနက်ခင်း လမ်းလျှောက်တာ၊ ပြေးတာမျိုး လုပ်လို့ရသလို ကိုယ့်ရဲ့အိမ်မှာပဲ အလေးမတာ၊ ဒိုက်ထိုးတာ၊ အိပ်ထမတင်လုပ်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    အသက်ကြီးပိုင်းတွေအနေနဲ့ အသက်ရှူလေ့ကျင့်ခန်း၊ ကိုယ်ကာယ လေ့ကျင့်ခန်းများ၊ ယောဂလေ့ကျင့်ခန်းများ လုပ်ပေးလို့ရပါတယ်။ ညနေပိုင်းထက် မနက်ခင်းနေထွက်ချိန်မှာ လုပ်ပေးနိုင်ရင် ပိုကောင်းပါတယ်။

    ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

    ၄။ အစာအာဟာရ လုံလောက်စွာ စားသုံးပါ။

    ဆောင်းရာသီမှ မဟုတ်ပါဘူး။ ဘယ်လိုရာသီမဆို အစာအာဟာရကို လုံလုံလောက်လောက် ရနေမှသာ လူက ကျန်းမာပြီး နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ကောင်းစွာ ထမ်းရွက်နိုင်မှာပါ။ ဒါကြောင့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ ပဲ၊ ဥ၊ နို့၊ အစေ့အဆန်၊ ဂျုံ၊ ပြောင်းတွေကို စုံလင်စွာ စားပေးပါ။ တစ်ထိုင်တည်းနဲ့ ပမာဏအများကြီး စားတာထက် ပမာဏနည်းနည်းနဲ့ အာဟာရ အစုံအလင်ပါအောင် ချက်ပြုတ်စားသုံးပါ။ အမြဲတမ်း ထမင်းပူပူ၊ ဟင်းပူပူလေးတွေကိုပဲ စားပေးပါ။

    ၅။ အရည်များများသောက်ဖို့ မမေ့ပါနဲ့။

    ဆောင်းရာသီမှာ အပြင်ဘက်က အအေးဒဏ်ကြောင့်သာမက ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေဟာ အလုပ်လုပ်နေရတာဖြစ်လို့ ရေဓာတ်ခမ်းခြောက်တတ်တာ သဘာဝပါပဲ။ ဒါကြောင့် ဆောင်းတွင်းအေးလို့ဆိုပြီး ရေသောက်ဖို့ မမေ့ပါနဲ့။

    ရေကို တစ်နေ့ ၂လီတာ အနည်းဆုံးရအောင် သောက်ပေးပါ။ ချွေးထွက်တဲ့နေ့တွေဆို ပိုသောက်ပေးပါ။ ထပ်ဆောင်းအနေနဲ့ ရေနွေးကြမ်း၊ ကြက်စွပ်ပြုတ်၊ ချင်းပြုတ်ရည်၊ သစ်သီးဖျော်ရည် စတာတွေကို သောက်ပေးလို့ ရပါတယ်။

    ၆။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီတွေကို စားသုံးပေးပါ။

    အဆီများတဲ့ ငါးတွေ၊ အရိုးပါ ဝါးစားလို့ရတဲ့ ငါးတွေ၊ ထောပတ်သီးအဆီအနှစ်၊ သံလွင်ဆီ၊ ဟင်းသီးဟင်းရွက်ဆီတွေမှာပါတဲ့ Omega-3 ဓာတ်ဟာ ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့အတွက် ဆောင်းရာသီမှာ ပြင်ပကနေ ဝင်လာနိုင်တဲ့ ရောဂါပိုးမွှားတွေကို ကောင်းစွာတိုက်ထုတ်ပေးနိုင်မှာပါ။

    အေးမြတဲ့ ဆောင်းဥတုမှာ ကိုယ်နဲ့ ကိုယ့်မိသားစုဝင်တွေအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Ye Myo Myat မှ ရေးသားသည်။ · 20/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement