backup og meta

သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိထားသင့်တဲ့ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း အကြောင်း

    ကြောင်တွေ၊ ခွေးတွေ၊ ငှက်တွေလိုမျိုး အိမ်မွေးတိရစ္ဆာန်လေးတွေကို မချစ်သူတွေက ခပ်ရှားရှားပါ။ သူတို့လေးတွေက တစ်နေ့တာရဲ့ ပင်ပန်းမှုတွေကို ပြေလျော့စေသလို ကျနေတဲ့ စိတ်ဓာတ်တွေကို ပြန်လည်း ဆွဲတင်ပေးတတ်ကြတယ်လေ။ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ။ သူတို့လေးတွေရဲ့ အပြေးလေး လာကြိုတာ၊ ဆော့ရအောင်ဆိုပြီး အတင်း လာခေါ်တာလေးတွေက စိတ်ညစ်နေတာတွေကို ပျောက်သွားစေတယ်လေ။

    ဒါကြောင့်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ကြတာပေါ့။ ဒီလို ချစ်တာ များပေမယ့် အင်းဆက်တွေကို ချစ်သူတွေကတော့ အတော်လေး ရှားပါတယ်။ ဒီတိရစ္ဆာန်လေးတွေက ချစ်ဖို့ ကောင်းသလို အချို့သူတွေမှာတော့ သူတို့ရဲ့ အမွေးလေးတွေကြောင့် ဓာတ်မတည့်တာမျိုးတွေ ခံစားရတာမျိုး ရှိပါတယ်။ အင်းဆက်ကြောင့် ဓာတ်မတည့်သူတွေကတော့ အိမ်မွေး တိရစ္ဆာန်လေးတွေကြောင့် ဓာတ်မတည့်သူတွေထက် ပိုများမယ် ထင်ပါတယ်။

    ဘာတွေကများ တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတာလဲ ……

    တိရစ္ဆာန်နဲ့ အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း ကို ဖြစ်စေတဲ့ အဓိက အကြောင်းအရင်းကတော့ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ဆဲလ်သေတွေကြောင့်ပါ။

    လူတွေရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်သေတွေ ရှိသလို သူတို့လေးတွေရဲ့ ခန္ဓာကိုယ်မှာလည်း နေ့စဉ်နဲ့ အမျှ ဆဲလ်သေလေးတွေ ထွက်နေပါတယ်။ လူတွေက နေ့စဉ် ရေချိုး သန့်စင်မှုကို လုပ်ကြပေမယ့် တိလေးတွေကတော့ ပုံမှန် သန့်စင်ဖြစ်တာ ရှားပါတယ်။ ဒါကြောင့်လည်း ဆဲလ်သေလေးတွေ စုလာပြီး လူတွေမှာ ဓာတ်မတည့်မှု ခံစားရစေတာပါ။

    တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်း

    တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်း

    အရမ်းချစ်ရတဲ့ အိမ်က ပါပီလေး၊ မီးညှောင်လေးနဲ့ ကစားပြီးချိန်မှာ နှာခေါင်းတွေ ယားလာမယ်။ နှာချေမယ်။ နှာရည်တွေကျလာမယ်။ မျက်ရည်ကျလာမယ်။ အသက်ရှူရတာ ခက်ခဲလာမယ်ဆိုရင်တော့ တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို ခံစားနေရတာပါ။

    ဒီဓာတ်မတည့်မှုကို အလုပ်ခွင်၊ ကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ အခန်းတွင်း တစ်နေရာရာမှာ ခွေးလေးတွေ၊ ကြောင်လေးတွေ မရှိရင်တောင် ခံစားရနိုင်ပါတယ်။ တစ်ယောက်ယောက်ရဲ့ အဝတ်အစား၊ အသုံးအဆောင်တွေမှာ ပါပီလေးနဲ့ မီးညှောင်လေးတွေကိုယ်က ဆဲလ်သေတွေ ပါလာရုံနဲ့ ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။

    ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ……. 

    တိရစ္ဆာန်နဲ့ ဓာတ်မတည့်တဲ့အခါ အခုလို လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • နှာချေမယ်
  • နှာရည်တွေကျမယ်
  • နှာစေးမယ်
  • နှာခေါင်း ပိတ်တာကြောင့် မျက်နှာတွေ နာလာမယ်
  • ချောင်းဆိုးမယ်
  • ရင်ဘတ်ထဲမှာ တင်းကျပ်ကျပ်ကြီး ခံစားရမယ်
  • အသက်ရှူတာ ပြတ်တောင်း ပြတ်တောင်း ဖြစ်မယ်
  • အသက်ရှူတဲ့အခါ တရွှီရွှီ မြည်မယ်
  • မျက်လုံးတွေ နီရဲလာမယ်
  • မျက်ရည် ကျမယ်
  • မျက်လုံးတွေ ယားမယ်
  • အရေပြားမှာ အဖုအပိမ့်တွေ ထွက်မယ်
  • အင်ပျဉ်တွေ ဖြစ်မယ်။
  • တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို အဓိက ဖြစ်စေသူလေးတွေကတော့ ပါပီလေးတွေနဲ့ မီးညှောင်လေးတွေပါ။ အကြောင်းကတော့ သူတို့လေးတွေက ဓာတ်မတည့်မှုကို ဖြစ်စေနိုင်တဲ့ ပရိုတင်း များစွာကို ထုတ်လွှတ်တာကြောင့်ပါ။ ဒီ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အရာတွေကို သူတို့လေးတွေရဲ့ အမွေးတွေ၊ အရေပြား၊ တံထွေး၊ ဆီး စတာတွေမှာ တွေ့ရနိုင်ပါတယ်။

    ဒီ အရာတွေထဲက တစ်ခုခုနဲ့ ထိတွေ့မိရုံနဲ့ တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို ခံစားရနိုင်ပါတယ်။ သူတို့လေးတွေ ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ဆဲလ်သေတွေကတော့ တိရစ္ဆာန်နဲ့ ဓာတ်မတည့်ခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းပါ။

    ကိုယ်ခံအား စနစ်က ဒီဆဲလ်သေလေးတွေကို တိုက်ထုတ်ရမယ့် ခန္ဓာကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အရာတွေလို့ ယူဆပြီး အလွန်အကျွံ တုံ့ပြန်တဲ့အခါ ပြင်းထန်တဲ့ ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရတာပါ။

    ဆဲလ်သေတွေအပြင် တိလေးတွေရဲ့ အမွေးမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေကလည်း ဓာတ်မတည့်မှုကို  ဖြစ်စေနိုင်ပါတယ်။ ဒီလို အမွေးမှာ ကပ်ပါလာတဲ့ ဖုန်မှုန့်တွေ၊ ဝတ်မှုန်တွေကလည်း ဓာတ်မတည့်မှု ဖြစ်တာကိုတော့ တိလေးတွေကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုလို့ သတ်မှတ်လို့ မရပါဘူး။

    အင်းဆက် ပိုးကောင်များကြောင့် ဓာတ်မတည့်ခြင်း

    အင်းဆက်နဲ့ ဓာတ်မတည့်ခြင်း

    အင်းဆက်တွေမှာ အိမ်မွေးတိလေးတွေနဲ့ မတူတဲ့ ဖွဲ့စည်းပုံ ရှိတာကြောင့် ဓာတ်မတည့်မှု ဖြစ်စေတဲ့ လက္ခဏာတွေ၊ ဖြစ်စေတဲ့ အကြောင်းရင်းခံတွေလည်း ကွာခြားနိုင်ပါတယ်။

    အင်းဆက်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုဆိုတဲ့နေရာမှာ ပျားဆူးကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှု အပါအဝင် အင်းဆက်ကိုက်တာကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုတွေလည်း ရှိနိုင်ပါတယ်။ အချို့သော အင်းဆက်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုက ယာယီပဲ နာကျင်တာမျိုးရှိသလို အရမ်းပြင်းထန်တဲ့ အခြေအနေမျိုးအထိလည်း ရှိနိုင်ပါတယ်။

    အင်းဆက်တွေမှာရှိတဲ့ အဆိပ်တွေ၊ ဆူးတွေမှာပါတဲ့ ပရိုတင်းတွေက အရေပြားဆဲလ်တွေ နဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတာကြောင့် နာကျင်တာ၊ ရောင်ရမ်းတာတွေကို ခံစားရတာပါ။

    ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ ……. 

    အင်းဆက်ကြောင့် ဖြစ်တဲ့ ဓာတ်မတည့်မှုကို ခံစားရတဲ့ အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

    • အတုပ်ခံရတဲ့ နေရာက နာကျင်မယ်
    • နီမြန်းမယ်
    • ရောင်ရမ်းမယ်
    • အသက်ရှူရခက်မယ်
    • မူးဝေမယ်
    • အော့အန်မယ်
    • အရေပြား ယားယံမယ်
    • အင်ပျဉ်လို ဖြစ်မယ်
    • သတိလစ်မယ်။

    ဓာတ်မတည့်မှုတွေက သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အရမ်း ပြင်းထန်တဲ့ အခြေအနေအထိ ရှိနိုင်တာကြောင့် ပြင်းထန်မယ်ဆိုရင် အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်စေနိုင်တာကြောင့် လိုအပ်မယ်ဆိုရင် ကုသမှု ခံယူဖို့ အကြံပြုပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement