အမျိုးသမီးတစ်ယောက်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ဟော်မုန်းလို့ဆိုလိုက်တာနဲ့ အီစတိုဂျင်ဟော်မုန်းကိုပြောရမှာပါ။
- အပျိုဖော်ဝင်တာ
- ဓမ္မတာ ပေါ်တာ
- စိတ်ပျော်ရွင် ဝမ်းနည်းတာ
- အရိုးပွတာ နဲ့
- ကလေးရနိုင် မရနိုင်စတဲ့ အမျိုးသမီးတစ်ယောကက်အတွက် အရေးကြီးတဲ့အရာတွေအားလုံးကို ဒီ အီစတိုဂျင် ဟော်မုန်းက ထိန်းချုပ်ထားတာပါ။
အီစတိုဂျင်ဆိုတဲ့အရေးကြီးတဲ့ ဟော်မုန်းကို မမျိုးဥ အိမ်ကနေ တာဝန်ယူထုတ်လုပ်ပြီး သူနည်းသွားတဲ့အခါ ကိုယ်ခန္ဓါမှာ ပြောင်းလဲမှုတွေ အများကြီးဖြစ်ပါလိမ့်မယ်။ ဘာတွေလဲဆိုတာ အရင်မပြောခင် ဘာ့ကြောင့် အီစတိုဂျင် ပမာဏ နည်းသွားရတာလဲဆိုတာကို အရင်ပြောပြပေးချင်ပါတယ်။
အီစတိုဂျင်ဟော်မုန်း နည်းသွားခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ ။ ။
- အသက်ကြီးလာခြင်း – အသက်ကြီးတဲ့ အမျိုးသမီးတွေရဲ့ အီစတိုဂျင်ပမာဏ ဟာ ငယ်ရွယ်တဲ့ အမျိုးသမီးတွေနဲ့ ယှဉ်လိုက်ရင် တော်တော်ကိုနည်းနေတာတွေ့ရပါတယ်။ အထူးသဖြင့် သွေးဆုံးခါနီးနေတဲ့ အမျိုးသမီးတွေမှာ အီစတိုဂျင်ဟော်မုန်း ပမာဏ အင်မတန်မှ နည်းပါတယ်။
- အီစတိုဂျင်ဟော်မုန်း အဓိက ထုတ်လုပ်ပေးတဲ့ မမျိုးဥအိမ် ထိခိုက်သွားတဲ့အခါမျိုးတွေမှာ ဟော်မုန်း မထုတ်နိုင်တော့တာမျိုးတွေ
- Turner syndrome လို့ခေါ်တဲ့ မျိုးရိုးဗီဇဆိုင်ရာ ပြဿနာရှိနေတဲ့သူတွေ
- သိုင်းရွိုက်ဟော်မုန်း ပြဿနာရှိနေတဲ့သူတွေ
- လေ့ကျင့်ခန်း အပြင်းအထန်လုပ်တဲ့သူတွေ
- ကိုယ်အလေးချိန် မတရားကျသွားတဲ့သူတွေ
- ကင်ဆာဆေးသွင်းနေရတဲ့သူတွေ နဲ့
- pituitary gland ပုံမှန် အလုပ်မလုပ်တဲ့ဝေဒနာခံစားနေရတဲ့သူတွေ စတဲ့သူတွေမှာ အီစတိုဂျင် ဟော်မုန်းပမာဏ နည်းနေတတ်ပါတယ်။
ဒါဆို အီစတိုဂျင်နည်းသွားတဲ့အခါ ဘာတွေဖြစ်လာနိုင်မလဲ။
အရာရာတိုင်းက များလွန်းရင်လည်းမကောင်းလို နည်းနေရင်လည်း အကျိုးမဖြစ်စေပါဘူး။ အတော်အသင့်ပမာဏကသာ အကောင်းဆုံးပါ။ ဒီတော့ အီစတိုဂျင် ဟော်မုန်းနည်းသွားတဲ့အခါ ဖြစ်လာနိုင်တဲ့ ပြောင်းလဲမှုတွေကတော့
- ဓမ္မတာစက်ဝန် းမမှန်ခြင်း – ရာသီသွေးပေါ်ခြင်း ကိစ္စမှာ အဓိက တာဝန်ယူထားရတဲ့ ဟော်မုန်းဖြစ်တာကြောင့် အီစတိုဂျင်နည်းသွားရင် ဓမ္မတာမမှန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
- ကလေးရဖို့ အခက်အခဲဖြစ်နိုင်ခြင်း – အီစတိုဂျင်နည်းသွားတဲ့အခါ မမျိုးဥကြွေတဲ့အပိုင်းမှာလည်း သွားထိခိုက်တတ်တာကြောင့် ကိုယ်ဝန်ယူတဲ့နေရာမှာ အခက်အခဲရှိနိုင်ပါတယ်။
- အရိုးပွြခင်း – အသက်ကြီးတဲံအမျိုးသမီးတွေ သွေးဆုံးတဲ့ အမျိုးသမီးတွေက အရိုးပွတဲ့ပြဿနာကို ပိုခံစားရတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒါဟာအသက်ကြီးလာတဲ့အချိန် နည်းလာတဲ့ အီစတိုဂျင် ပမာဏက အရိုးကြံ့ခိုင်မှုအပေါ် သွားသက်ရောက်တာဖြစ်ပါတယ်။
- အတူနေချိန် နာကျင်ခြင်း – အမျိုးသားနဲ့အတူနေတဲ့အခါ ချောမွေ့စေဖို့အတွက် အီစတိုဂျင်ဟော်မုန်းက တာဝန်ယူရပါတယ်။. သူနည်းသွားတဲ့အခါကျ မိန်းမကိုယ်ခြောက်သွေ့သွားတတ်တာကြောင့် လိင်ဆက်ဆံချိန် နာကျင်တတ်ပါတယ်။
- ပူရှိန်းရှိန်းဖြစ်ခြင်း- သွေးဆုံးခါနီးအချိန် ခံစားရတတ်တဲ့ မီးယပ်ပူ မီးယပ်ချမ်းထတဲ့ ပြဿနာတွေဟာ အီစတိုဂျင် ဟော်မုန်းနည်းတာကြောင့် ဖြစ်ရတာတွေပါ။
- အီစတိုဂျင်က serotonin လို့ခေါ်တဲ့ ပျော်ရွင်စေတဲ့ဟော်မုန်း ဦးနှောက်ကထွက်အောင် အဓိက လှုံ့ဆော်ပေးတဲ့ အရာတစ်ခုပါ။ သူနည်းသွားတဲ့အခါ serotonin လည်း နည်းသွားတာကြောင့် စိတ်ကျတဲ့ ဝေဒနာမျိုးတွေ ခံစားရတတ်ပါတယ်။
- နည်းသွားတဲ့ အီစတိုဂျင် ဟော်မုန်းကြောင့် ဆီးလမ်းကြောင်းပြွန်ထဲက တစ်ရှူးတွေလည်း ပါးသွားတာကြောင့် ဆီးလမ်းကြောင်း ပိုးဝင်တဲ့ ပြဿနာတွေ ပိုဖြစ်နိုင်ပါတယ်။
- ကိုယ်တွင်းက အဆီဆဲလ်တွေ အပေါ် ။ အဆီစုခြင်းအပေါ်မှာလည်း အီစတိုဂျင်ဟော်မုန်းက သက်ရောက်မှုရှိတာကြောင့် သူနည်းသွားရင် ကိုယ်အလေးချိန် တက်လာတာမျိုးတွေ ဖြစ်တတ်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
[embed-health-tool-ovulation]