backup og meta

အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး


Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး

    လူ့ခန္ဓါကိုယ်က အသက်တွေကြီးလာရင် အရင်အတိုင်းပဲ ရှိနေမယ်၊ လုပ်ဆောင်ချက်တွေလည်း တူမယ်ထင်နေပါသလား။ စားလိုက်တဲ့ အစားအသောက်တွေကနေ အာဟာရတွေကိုစုပ်ယူနိုင်စွမ်းလည်းပြောင်းလဲလာမယ်၊ ကိုယ်တွင်းလုပ်ဆောင်ချက်တွေလည်းပြောင်းလဲလာမယ်။ ဒါ့ကြောင့် ရှိသင့်တဲ့အာဟာရတွေပြည့်ဝနေစေဖို့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစားပေးသင့်တဲ့အစားအစာတွေကို အကြံပြုပေးချင်ပါတယ်။ ကိုယ့်ရဲ့လူကြီးမိဘတွေကိုလည်း ဂရုတစိုက်စီစဉ်ကျွေးမွေးလို့ရတာပေါ့။

    (၁) အမျှင်ဓါတ်

    အသီးအနှံတွေ၊ အုတ်ဂျုံ၊ အစေ့အဆန်တွေနဲ့ ပဲနီလေး တို့လို အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က သွေးတွင်းကိုလက်စထရောပမာဏကိုလည်းလျော့နည်းစေတယ်၊သွေးတွင်းသကြားကို ထိန်းညှိပေးတယ်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တယ်။ အသက် ၅၀ အထက်အရွယ်ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်ပမာဏ ၃၀ ဂရမ်စားသုံးဖို့လိုအပ်ပါတယ်။

    (၂) ဂျုံကြမ်း

    ဂျုံကြမ်းတွေဟာ အသက်ကြီးလာချိန်မှာ ပိုပြီးလိုအပ်တဲ့အမျှင်ဓါတ်နဲ့ ဗီတာမင် ဘီတွေ ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပြီး B6 ၊B12 နဲ့ဖောလိတ်ဓါတ်တွေက ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးပါတာဖြစ်ပါတယ်။ ဂျုံကြမ်းကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့နည်းစေနိုင်တယ်။

    (၃) အခွံမာသီးနဲ့ အစေ့အဆန်

    ဗာဒံစေ့၊ သီဟိုဠ်စေ့၊ ပီစတာချီအို၊ သစ်ကြားသီးတို့လို အခွံမာသီးနဲ့အစေ့အဆန်တွေက အိုမင်းရင့်ရော်မှုကိုတွန်းလှန်နိုင်စွမ်းတွေရှိပါတယ်။ သူတို့က နှလုံးနဲ့ဆိုင်တဲ့ရောဂါတွေ၊လေဖြတ်ခြင်း၊ အမျိုးအစား၂ ဆီးချိုရောဂါ၊ အာရုံကြောရောဂါနဲ့ ကင်ဆာရောဂါတချို့ကို ကာကွယ်နိုင်၊ ကူညီကုသနိုင်တဲ့အထူးအာဟာရတွေပါဝင်ကြပါတယ်။ ကြီးရင့်လာတဲ့ ဦးနှောက်ကိုလည်းစောင့်ရှောက်အားဖြည့်ပေးနိုင်ပါတယ်။

    (၄) ရေ

    အသက်ကြီးလာလေရေဓါတ်ဆုံးရှုံးလာရုံတင်မကရေဆာမဆာအာရုံခံနိုင်စွမ်းလည်းလျော့ပါးလာပါတယ်။ပြောရရင် လူကြီးတွေကရေဆာလို့ဆာမှန်းမသိဘဲ မသောက်ဖြစ်ကြတာများလာပါတယ်။ အရည်ဓါတ်တွေနည်းလာတာကို ဦးနှောက်ကသိဖို့ အချိန်ကြာလာတာဖြစ်ပါတယ်။ ဒါ့ကြောင့်သောက်သုံးသင့်တဲ့ရေပမာဏကို အချိန်မှန်သတိထားသောက်ပါ။

    (၅) ငါး

    ဆယ်လ်မွန်ငါး၊ တူနာငါး စတဲ့ပင်လယ်ငါးတွေကို တစ်ပတ်နှ်စ်ကြိမ်တော့စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့မှာ ဦးနှောက်ကျန်းမာရေးအတွက်ကောင်းတဲ့ အကျိုးပြုအဆီဓါတ်DHA ပါဝင်ပါတယ်။DHA ချို့တဲ့ခြင်းနဲ့ အယ်လ်ဇိုင်းမားရောဂါတို့ကြား ဆက်နွှယ်မှုရှိနေတာကိုလည်းလေ့လာတွေ့ရှိထားပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဆုတ်ယုတ်လာတဲ့မှတ်ဉာဏ်တွေနဲ့လေ့လာနိုင်စွမ်းတွေကိုဖြည့်ဆည်းပေးနိုင်ပါတယ်။ ငါးမကြိုက်ရင်ရေညှိ၊ သစ်ကြားသီး၊ နှမ်းကြတ်စေ့၊ ပင်ပွားတို့လို တခြား DHA အရင်းအမြစ်တွေစားလို့ရပါတယ်။

    (၆) အသား

    အသားဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါဖြစ်လာနိုင်တဲ့ ကြွက်သားဆုံးရှုံးမှုတွေကို ကာကွယ်ပေးပါတယ်။ ပရိုတင်းအမှုန့်တွေ၊ဖြည့်စွက်အာဟာရတွေထက် ကြက်ဥ၊ အဆီမပါတဲ့အသား၊နို့ထွက်ပစ္စည်းတွေလို သဘာဝအသားဓါတ်အရင်းအမြစ်တွေကိုရွေးချယ်ပါ။

    (၇) နို့ထွက်ပစ္စည်း

    နို့ထွက်ပစ္စည်းတွေမှာပါတဲ့ ကယ်လ်စီယမ်က အရိုးကျန်းမာရေးအတွက် ထိန်းသိမ်းပေးမှာပါ။ အသက်ကြီးလာတာနဲ့အမျှ အရိုးပွရောဂါ၊ အူမကြီးကင်ဆာ၊ သွေးတိုးရောဂါဖြစ်နိုင်ခြေနည်းစေနိုင်တယ်။ အသက် ၅၀ကျော်ရင် တစ်နေ့ကို ကယ်လ်စီယမ် ၁၂၀၀ မီလီဂရမ်သောက်သုံးဖို့လိုပါလိမ့်မယ်။ ဒါတွေကို အဆီထုတ်ထားတဲ့ နို့ထွက်ပစ္စည်းတွေကနေရရှိနိုင်ပါတယ်။

    (၈) အစိမ်းရင့်ရောင် အသီးအရွက်

    မျက်စိအားကောင်းစေဖို့အတွက် ကိုက်လန်လို အစိမ်းရင့်ရောင်အသီးအရွက်တွေကို ပိုစားပေးဖို့လိုပါတယ်။ သူတို့မှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက အတွင်းတိမ်နဲ့ မျက်စိမှုန်ခြင်းကိုဖြစ်နိုင်ခြေလျော့နည်းစေပါတယ်။ တစ်နေ့တစ်ကြိမ်စားပေးရုံနဲ့ မှတ်ဉာဏ်၊တွေးခေါ်နိုင်စွမ်းနဲ့ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေမှာ အိုမင်းရင့်ရော်မှုတွေကိုနှေးကွေးစေပါတယ်။

    (၉) ထောပတ်သီး

    ထောပတ်သီးမှာပါတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေက မှတ်ဉာဏ်ကိုကောင်းမွန်စေပြီးပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းပိုမြန်စေပါတယ်။ထောပတ်သီးကြောင့်သွေးတွင်းကိုလက်စထရောကိုလျော့ကျစေပြီး အဆစ်နာရောဂါကိုဖြစ်နိုင်ခြေလျော့နည်းစေတယ်၊ ကိုယ်အလေးချိန်ထိန်းပေးနိုင်တယ်၊နေလောင်ဒဏ်ကြောင့်အသားအရေထိခိုက်ပျက်စီးခြင်းကိုကာကွယ်ပေးတယ်။

    (၁၀) ကန်စွန်းဥ

    ဘီတာကယ်ရိုတင်းကြွယ်ဝလို့ မျက်စိကျန်းမာရေးနဲ့အသားအရေကို ကောင်းမွန်စေတဲ့ ဗီတာမင်အေ ကိုပိုရရှိနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကိုကောင်းစေနိုင်တယ်။ ပန်းဂေါ်ဖီစိမ်းကြော် ၂၃ ပန်းကန်လုံးစာလောက်စားမှ ရနိုင်မယ့် ဗီတာမင်အေ ပမာဏကို အနေတော်အရွယ်အစား ကန်စွန်းဥတစ်လုံးနဲ့တင် ရရှိုနိုင်ပါတယ်။ ကန်စွန်းဥငချိတ်က ပိုကောင်းပါတယ်နော်။ အရောင်တောက်တောက်မှာပါတဲ့ဒြပ်ပေါင်းတွေက အသက်အရွယ်ကြောင့် ဦးနှောက်အတွင်းပြောင်းလဲမှုတွေကိုနှေးကွေးစေနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement