မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

    မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ဒီအချက်တွေကြောင့်ပါနော်

    ကိုယ်ကနေ အနံ့ဆိုးတွေ ထွက်နေလို့ အစည်းအဝေးမထိုင်ရဲ၊ သူငယ်ချင်းတွေနဲ့ စုစုဝေးဝေးမထိုင်ရဲဘဲ အနံ့ဆိုး တစ်ခုခုရတိုင်းလည်း ငါ့ကိုယ်ကများဖြစ်နေလားဆိုပြီး စိုးရိမ်နေတဲ့လေဒီလေးတွေများရှိလား။ အလှကြိုက်တာ အလှဆုံးဖြစ်ချင်တာက မိန်းကလေးတိုင်းရဲ့ စိတ်ကူးပါ။ ဒီလိုလှဖို့ဆိုတာကလည်း အသားလေးဖြူရင်ပြီးရော မိတ်ကပ်လှလှလေးလူးတတ်ရင်ပြီးရောလားဆိုတော့ မဟုတ်သေးဘူးနော်။ မိန်းကလေးတစ်ယောက် တကယ်လှဖို့က အနံ့အသက်ကင်းဖို့လည်း လိုပါတယ်။

    ဒီတော့ဘာလုပ်မလဲ အနံ့ဆိုး ထွက်နိုင်တဲ့နေရာတွေကို သန့်ရှင်းနေအောင်ဂရုစိုက်မှာပေါ့။ ခန္ဓာကိုယ်ကသန့်ရှင်းနိုင်မှတော်ကာကျမှာပါ။ ခန္ဓာကိုယ်က အနံ့ဆိုးထွက်ဖို့ အဆင်သင့်အမြဲဖြစ်နေတာပါနော်။ ဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးကိုသေချာလေးဂရုစိုက်ဖို့လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးဂရုစိုက်လိုက်ရင်ကော အနံ့ဆိုးကင်းသွားပြီလားဆိုတော့ ထိုက်သင့်သလောက်ပေါ့။ မိန်းကလေးတစ်ယောက်ကယောက်ျားလေးတွေထက် တစ်ကိုယ်ရေသန့်ရှင်းရေး ပိုဂရုစိုက်ထားဖို့လိုပါမယ်နော်။

    လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခု

    လေဒီတို့ကို အလှပျက်စေတဲ့ အချက်တစ်ခုရှိနေပါတယ်။ ဒါကတော့ မိန်းမကိုယ်အနံ့ဆိုးထွက်တာ ပါ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုပါပဲ။ မိန်းမကိုယ်ကနေလည်း အနံ့ဆိုးတွေ ထွက်နိုင်ပါတယ်နော်။ ဒါကလေဒီတိုင်း မကြုံဖူးတာ မရှိသလောက်ပါနော်။ မိန်းမကိုယ်က အနံ့ဆိုး ထွက်တာက အလှကြိုက်တဲ့လေဒီလေးတွေအဖို့တော့ အလှပျက်စေတဲ့အချက်တစ်ခုပေါ့။ မိန်းမကိုယ်က အနံ့တော့ရှိပါတယ်။ မကျန်းမာတဲ့အခါမှာတော့ အနံ့ဆိုးက ပိုဆိုးတာမျိုးဖြစ်နိုင်ပါတယ်နော်။

    ဘာတွေက မိန်းမကိုယ် အနံ့ဆိုး ကိုဖြစ်စေတာလဲ

    မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ကို ဖြစ်စေတဲ့ အချက်တွေတော်တော်များများရှိနေပါတယ်။ အထူးသဖြင့်ကတော့ ဘက်တီးရီးယားတွေ၊ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေ၊ လိင်ဆက်ဆံမှု နဲ့ အခြားသောအကြောင်းအရာတွေကြောင့် မိန်းမကိုယ်မှာ အနံ့ဆိုးတွေဖြစ်စေနိုင်ပါတယ်။

    ရောဂါပိုးကူးစက်ခံရတာ – မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တာက မနှစ်မြို့ဖွယ်အနံ့ဆိုးတွေကိုဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုပေါ့။ မိန်းမကိုယ်မှာ ပိုးဝင်ကူးစက်တဲ့အခါ မိန်းမကိုယ်ကနေ ငါးညှီနံ့လိုမျိုး အနံ့တွေဖြစ်ပေါ်နိုင်ပါတယ်။ အခြားလက္ခဏာတွေအနေနဲ့ကတော့ မိန်းမကိုယ်မှာ ပူစပ်ပူလောင်ဖြစ်တာ။ အဖြူဆင်းသလိုမျိုး အကျိအချွဲတွေဆင်းတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလက္ခဏာတွေနဲ့အတူ နာကျင်တာနဲ့နေရခက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

    တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းတာ -တစ်ကိုယ်ရေသန့်ရှင်းရေးအားနည်းတာ။ အထူးသဖြင့်ရေမှန်မှန်မချိုးတာ၊ လစဉ်သုံးပစ္စည်းကို ပုံမှန်လဲလှယ်တာမျိုးမလုပ်တာ၊ မိန်းမကိုယ်ကို ထိုက်သင့်တဲ့ သန့်ရှင်းမှုတွေမလုပ်တာကြောင့်လည်း မိန်းမကိုယ်ကနေ အနံ့ဆိုးတွေထွက်နိုင်ပါတယ်။

    အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာ – အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာက မိန်းမကိုယ်ထဲကို ဘက်တီးရီးယာတွေ အလုံးအရင်းနဲ့ဝင်ရောက်ဖို့ ခွင့်ပြုလိုက်ရာကျပါတယ်။ ဒါကြောင့် လိင်မဆက်ဆံခင်မှာ အကာအကွယ်သုံးပေးပါ။ ဒီလိုသုံးတာက မိန်းမကိုယ်အနံ့ဆိုးထွက်နေရတာ ကိုတင် သက်သာစေတာမဟုတ်ဘဲ။ လိင်ဆက်ဆံမှုကနေတဆင့် ကူးစက်တဲ့ရောဂါတွေကိုပါ ကာကွယ်ရာရောက်ပါတယ်။

    ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံရှိတာ – စားလိုက်တဲ့အစားအစာတွေကြောင့်လည်း မိန်းမကိုယ်မှာ အနံ့ဆိုးတွေထွက်စေနိုင်ပါတယ်နော်။ ဒါကြောင့် မိန်းမကိုယ်အနံ့ဆိုးကင်းစေဖို့ဆိုရင် အစားအသောက်ကိုလည်းသေချာလေးသတိထားဖို့လိုပါမယ်။ မိန်းမကိုယ်မှာ အကျိုးပြုဘက်တီးရီးယားအရေအတွက်တိုးစေမယ့် အစားအစာတွေကိုကို သတိထားစားသုံးပေးပါ။

    အတွင်းခံဘောင်းဘီကြောင့် အနံ့ဆိုးထွက်တာ – အတွင်းခံကိုရေချိုးတိုင်းလဲပေးသင့်တာပါ။ ဒါမှာ အနံ့အသက်ဆိုးကင်းမှာဖြစ်သလို အတွင်းခံသန့်ရှင်းမှုအားနည်းတာကြောင့်ဖြစ်တဲ့ မိန်းမကိုယ်ယားယံတာအဖြူဆင်းတာနဲ့ အခြားသောပြဿနာတွေကိုပါ ကင်းစေမှာပါ။ အတွင်းခံသန့်ရှင်းဖို့ ဂရုစိုက်သင့်သလို အတွင်းခံကိုလည်းချွေးစုပ်နိုင်တဲ့ ချည်သားအတွင်းခံစစ်စစ်ဖြစ်နေဖို့ သတိထားရပါမယ်။

    အနံ့ဆိုးကင်းဖို့ ဒါလေးတွေဂရုစိုက်ပါ

    မိန်းမကိုယ်အနံ့ဆိုးကင်းဖို့ဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားလုပ်ဆောင်ပေးဖို့လိုပါမယ်နော်။

    • တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပါ။
    • ချည်သားအတွင်းခံကို ဝတ်ဆင်ပါ။
    • အနံပြင်းတဲ့ မိန်းမကိုယ်သုံးပစ္စည်းတွေကိုရှောင်ပါ။
    • ဒိန်ချဉ်စားပါ။
    • လစဉ်သုံးပစ္စည်းတွေကို ပုံမှန်လဲလှယ်ပေးပါ။

    အခုပြောခဲ့တဲ့ အချက်လေးတွေကို ဂရုစိုက်လုပ်ဆောင်လို့နေ့ရက်တိုင်းမှာအနံ့အသက်ဆိုးကင်းလို့ လှချင်တိုင်းလှလိုက်တော့နော်လေဒီလေးတို့ရေ…….. ……………..

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Six tips to get rid of vaginal odorhttps://www.medicalnewstoday.com/articles/317560.php Accessed Date 8 April 2019

    Vaginal Odors: Causes and Treatmentshttps://www.healthcentral.com/article/vaginal-odors-causes-and-treatments Accessed Date 8 April 2019

    What’s vaginal odor? https://www.everydayhealth.com/vaginal-odor/guide/ Accessed Date 8 April 2019

    The 7 worst foods for vaginal smell https://www.everydaywellness.org/community-health/blog/The-7-Worst-Foods-For-Vaginal-Health Accessed Date 8 April 2019

    What your vaginal odour could mean https://patient.info/news-and-features/vaginal-odours-to-be-aware-of Accessed Date 8 April 2019

     

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 20/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။