home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေ။ ။

မိန်းမကိုယ်အနံ့ဆိုးထွက်လျှင် လုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်အချက်တွေ။    ။

မိန်းမကိုယ်ဆိုတာ တခြားခန္ဓါကိုယ်ေပါ်က အရာတွေလိုပဲ သန့်သန့်ရှင်းရှင်း မထားရင် အနံ့ဆိုးတွေ ထွက်တတ်ပါတယ်။ မိန်းမကိုယ်မှာ ပုံမှန်အနံ့တစ်မျိုးရှိတတ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်၊ ရာသီလာချိန်၊ သွေးဆုံးချိန်တို့နဲ့လိုက်ပြီး အနံ့က ပြောင်းလဲတတ်ပါတယ်။ ပုံမှန်ရှိတတ်တဲ့ အနံ့ကလွဲလို့ အခြား အနံ့ဆိုးဆိုးတွေ မိန်းမကိုယ်ကထွက်နေပြီဆိုရင်တော့ သတိပြုရမယ့် အနေအထားဖြစ်နေပါပြီ။ အနံ့ဆိုးဆိုးဆိုတာကလည်း သူတစ်ယောက်တည်းမလာတတ်ပါဘူး။ သူနဲ့အတူ မိန်းမကိုယ်ယားတာ၊ မိန်းမကိုယ်ကနေ အရည်တွေ ဆင်းတာ၊ မိန်းမကိုယ်ရောင်တာတွေပါ ပါလာပြီဆိုရင်တော့ သင့်မိန်းမကိုယ်မှာပုံမှန်မဟုတ်တာတစ်ခုခုဖြစ်နေပါပြီ။ ဒါကြောင့် မိန်းမကိုယ်ကနေ အနံ့နံတယ်၊ တခြား ယားယံတဲ့ လက္ခဏာတွေလည်းရှိနေတယ် ဆိုရင် ဘာတွေလုပ်သင့်လဲ၊ ဘာတွေမလုပ်သင့်ဘူးလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

မိန်းမကိုယ်အနံ့ဆိုးတာဖြစ်နေရင် သက်သာအောင် ဘာတွေရှောင်သင့်သလဲ။

အဓိကကတော့ မိန်းမကိုယ်အနံ့နံတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကို ရှောင်ရှားတာ ပဲဖြစ်ပါတယ်။

  • မိန်းမကိုယ်ပိုးဝင်တယ်ဆိုတာမိန်းမကိုယ်အနံ့ဆိုးတာကို အဓိကဖြစ်စေတဲ့ အကြောင်းတစ်ခုလို့ ပြောလို့ရပါတယ်။ မိန်းမကိုယ်ကို သန့်ရှင်းရေး မလုပ်ဘဲထားရင် ပိုးဝင်တတ်ပါတယ်။ ။ ဒါကြောင့် အောက်ခံဘောင်းဘီတွေကို မလျှော်ဘဲပြန်ဝတ်တာမျိုးတွေ မလုပ်ဘဲ မိန်းမကိုယ်ကို သန့်သန့်ရှင်းရှင်းထားပေးပါ။
  • ရာသီလာရင် သုံးကိုသုံးရတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဆိုတာ သွေးတွေ၊ အညစ်အကြေးတွေပြည့်နေတဲ့ အရာတစ်ခုဖြစ်တဲ့ အတွက် ပိုးမွှားတွေ ကပ်နေနိုင်ပြီး မိန်းမကိုယ်တွင်းကိုပိုးဝင်သွားနိုင်ပါတယ်။ ဒါ့အပြင် ရာသီလာရင် မိန်းမကိုယ်ကထွက်တဲ့ အနံ့ရယ်၊ သွေးတွေ အညစ်အကြေးတွေပြည့်နေတဲ့ လစဉ်သုံးပစ္စည်းဆီက ထွက်တဲ့ အနံ့တွေက မိန်းမကိုယ်အနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် လစဉ်သုံးပစ္စည်းတွေကို ရာသီလာနေချိန် တစ်နေ့လုံးမလဲဘဲ သုံးတာမျိုးတွေ မလုပ်သင့်ပါဘူး။
  • မိန်းမကိုယ်ဆိုတာလည်း အရေပြားနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့ အတွက်ကြောင့် တခြားကိုယ်ခန္ဓါက အရာတွေလိုပဲချွေးထွက်လေ့ရှိပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ပြီး ချွေးစိုတဲ့ အဝတ်တွေကို ပြန်ဝတ်တာ၊ အတွင်းခံကျပ်ကျပ်တွေဝတ်တာ၊ ဘောင်းဘီကျပ်ကျပ်ဝတ်တာတွေက မိန်းမကိုယ်အနီးတစ်ဝိုက်ကို ချွေးထွက်စေပြီး ပူအိုက်စွတ်စိုကာ အနံ့ဆိုးခြင်းကို ဖြစ်စေပါတယ်။ ဘောင်းဘီကျပ်ကျပ်တွေ ၊ချွေးစိုနေတဲ့ အတွင်းခံတွေကို မလျှော်ဘဲ ပြန်ဝတ်တာတွေကို ရှောင်သင့်ပါတယ်။
  • သားအိမ်ခေါင်းကင်ဆာဆိုရင် အနံ့ဆိုးတဲ့ အရည်တစ်မျိုး မိန်းမကိုယ်ကနေ ဆင်းတတ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာကို အဓိကဖြစ်စေတာ HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးပါ။ သူက လိင်ဆက်ဆံရာကတစ်ဆင့် ကူးစက်တတ်ပါတယ်။ ဒါကြောင့် အသက်မပြည့်ခင် လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံတဲ့အဖော် အရေအတွက်များတာ ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံတာတွေကို မလုပ်သင့်ပါဘူး။
  • မိန်းမကိုယ်အနံ့နံတဲ့ အပြင် မိန်းမကိုယ်ပါယားတယ်ဆိုရင် အယားပြေအောင် လက်နဲ့တစ်ချိန်လုံးကုတ်တာ၊ မိန်းမကိုယ်ကို ကိုယ်တိုက်ဆပ်ပြာတွေနဲ့ အတင်းဆေးတာမျိုးတွေ မလုပ်သင့်ပါဘူး။ ကျန်တဲ့အချိန်တွေမှာလည်း မိန်းမကိုယ်ကို ပြင်းတဲ့ဆပ်ပြာတွေနဲ့ တိုက်တာမျိုး၊ အတွင်းထဲထိ အတင်းနှိုက်ဆေးကြောတာမျိုးတွေမလုပ်ရပါဘူး။

ရှောင်ရန်တွေပြီးသွားတော့ ဆောင်ရန်တွေ လာပါပြီ။ ။

လုပ်သင့်တဲ့ အချက်တွေကရော ဘာတွေလဲ။ ။

  • မိန်းမကိုယ်ကို သန့်ရှင်းအောင်ထားတာဖြစ်ပါတယ်။ အခြားကိုယ်ပေါ်က အရာတွေလိုပဲ မိန်းမကိုယ်ကိုလည်း သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။ သန့်ရှင်းရေးလုပ်မယ်ဆိုရင် ဆပ်ပြာပြင်းပြင်းတွေ မသုံးဘဲ မိန်းမကိုယ်အတွက် သီးသန့်ထုတ်ထားတဲ့ သန့်စင်ဆေးရည်တွေကိုသာ သုံးပေးသင့်ပါတယ်။ Feminine Wash မှာပါဝင်တဲ့ရနံ့ သင်းသင်းလေးတွေကမိန်းမကိုယ်အနံ့ဆိုးထွက်ခြင်းကို တားဆီးပေးပြီး အကျိုးပြုဘက်တီးရီးယားအာဟာရတွေပါဝင်တာက ရောဂါပိုးတွေမဝင်လာအောင် တားဆီးပေးနိုင်ပါတယ်။
  • လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီတွေကို ဝတ်ပေးသင့်ပါတယ်။ ဒါမှ ချွေးအိုက်ပြီး အနံ့ဆိုးထွက်ခြင်းကနေ ကာကွယ်ပေးနိုင်မှာပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း ချွေးစိုနေတဲ့ ဘောင်းဘီတွေကို အချိန်အကြာကြီး မဝတ်ဘဲ အသစ်လဲဝတ်သင့်ပါတယ်။
  • ရာသီလာရင် အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေကို ၆နာရီခြား တစ်ခါ လဲပေးသင့်ပါတယ်။
  • မစင်မှာပါတဲ့ ပိုးတွေက မိန်းမကိုယ်ထဲ အခန့်မသင့်ရင် ဝင်တတ်လို့ အိမ်သာတက်ပြီးတိုင်း လက်ကို အနောက်ဘက်ဆွဲယူတဲ့ သန့်စင်နည်းနဲ့ သန့်စင်ပေးသင့်ပါတယ်။ ဒါမှ ပိုးဝင်တာကိုလည်းကာကွယ်၊ အနံ့ဆိုးတွေ မနံအောင်လည်း ကာကွယ်ပြီးသားဖြစ်တာပေါ့။
  • နောက်ဆုံး အချက်ကတော့ ဒိန်ချဉ်ကြိုက်တတ်တဲ့ သူတွေအတွက်သတင်းကောင်းပါ။ အစားအသောက် အနေနဲ့ ဒိန်ချဉ်စားပေးရင် မိန်းမကိုယ်ရဲ့ အတွင်းပိုင်းကကောင်းတဲ့ ပိုးမွှားလေးတွေကို အားဖြည့်ပေးရာရောက်လို့ အပြင်က ပိုးမွှားတွေဝင်မလာနိုင်တော့ပါဘူး။ ပိုးတွေ မဝင်နိုင်တော့ အနံ့ဆိုးတွေလည်း မနံတော့ဘူးပေါ့။

မိန်းမကိုယ်အနံ့နံခြင်းဟာ မိန်းကလေးတစ်ယောက်အတွက်တော့ လိင်ပိုင်းဆိုင်ရာဆွဲဆောင်မှု လျော့ကျတာ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုလျော့နည်းလာတာကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ ပါပါတယ်။ ဒါကြောင့် မဖြစ်ခင်ကြိုတင်ကာကွယ်တဲ့ အနေနဲ့ မိန်းမကိုယ်ကိုသန့်သန့်ရှင်းရှင်းထားသင့်ပါတယ်။ ဖြစ်လာရင်လည်းလုပ်သင့်တဲ့ ရှောင်ရန်ဆောင်ရန်တွေကိုသိထားပြီး လိုက်နာရင် အမျိုးသမီးတွေရှက်ရကြောက်ရတဲ့ မိန်းမကိုယ် အနံ့ဆိုးထွက်တာ အမြန်ဆုံးသက်သာသွားမှာပါ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Six tips to get rid of vaginal odorhttps://www.medicalnewstoday.com/articles/317560.php Accessed date 17.9.2018

What Is Vaginal Odorhttps://www.everydayhealth.com/vaginal-odor/guide/Accessed date 17.9.2018

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။