backup og meta

ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး

    လူအများစု သတိမထားမိတတ်ကြတဲ့ အရာတွေထဲမှာ သွားကျန်းမာရေးဟာလည်း တစ်ခုအပါအဝင်ပါပဲ။ အသက် ၆လမှ ၁၂လအတွင်း ပထမဆုံးသွား စတင်ပေါက်လာတဲ့ အချိန်ကနေ အသက်ကြီးလာတဲ့အချိန်ထိ ကိုယ့်ရဲ့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ သွားကို ဂရုစိုက်ပေးခြင်းဟာ ခံတွင်းကျန်းမာရေးအတွက်သာမက ကိုယ်ခန္ဓါကျန်းမာရေးအတွက်ပါ အလွန်အရေးကြီးပါတယ်။

    ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာ ၈ မျိုး

    သွားကို တစ်နေ့ ၂ကြိမ် မှန်မှန်တိုက်ဖို့ ကလေးဘဝထဲက သေချာအလေ့အကျင့် လုပ်ထားပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကိုယ့်ကလေးရဲ့ နေ့စဉ်စားသောက်တဲ့ အစားအစာတွေဟာ ခံတွင်းနဲ့ သွားကျန်းမာရေးကို ပါ သက်ရောက်မှုရှိနေတာကို သတိထားရပါမယ်။ ဒါဆိုရင် ဘယ်လိုအစားအစာတွေက ကိုယ့်ကလေးရဲ့ သွားကျန်းမာရေးကို ဒုက္ခပေးနိုင်လဲဆိုတာကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

    ကလေးတွေရဲ့ သွားကို ပျက်စီးစေတဲ့ အစားအစာတွေကတော့

    ၁။ အအေး၊ ဖျော်ရည်

    ဖျော်ရည်တွေမှာ ပါဝင်တဲ့ သကြားဓါတ်တွေဟာ ကလေးတွေရဲ့ သွားအတွက်တော့ အဆိုးရွားဆုံးပါပဲ။ သကြားဟာ သွားရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေတဲ့အပြင် သွားပိုးပေါက်တွေကို ဖြစ်စေတယ်။ သွားကိုလည်း အရောင်စွန်းစေတဲ့အတွက် အချိန်ကြာလာတဲ့အခါ သွားရဲ့ နဂိုအဖြူရောင်ဟာ စွန်းထင်းသွားနိုင်ပါတယ်။ အအေးတွေ၊ ဖျော်ရည်တွေအစား နွားနို့ ဒါမှမဟုတ် ရေကိုပဲ သောက်ပေးတာက အကောင်းဆုံးပါပဲ။

    ၂။ သကြားလုံး

    အပေါ်မှာပြောခဲ့သလိုပါပဲ၊ သကြားလုံးမှာလည်း သကြားပါဝင်မှုများတာကြောင့် သွားကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအစာတွေထဲမှာ အပါအဝင်ပါပဲ။ တချို့သကြားလုံးတွေဟာ သွားကြားထဲမှာ ကပ်ငြိနိုင်လို့ သွားတိုက်တဲ့အချိန်မှာလည်း ဖယ်ရှားရခက်တဲ့အပြင် ဝါးမိတဲ့အခါမှာ သွားကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အတွက် တတ်နိုင်သလောက် ရှောင်တာ အကောင်းဆုံးပါပဲ။

    ၃။ ကော်ဖီ

    ကော်ဖီဟာ သွားကို အရောင်စွန်းထင်းစေတဲ့အပြင် ခံတွင်းကို ခြောက်သွေ့စေပြီး ဘက်တီးရီးယားပိုးမွှားတွေကို ပေါက်ဖွားစေလို့ ကလေးတွေရဲ့ သွားကျန်းမာရေးအတွက် မသင့်လျော်ပါဘူး။ သွားရဲ့ အပေါ်ယံကြွေလွှာကို ပျက်စီးစေလို့ အချိန်ကြာလာတာနဲ့အမျှ သွားက ပါးလာပြီး ကျိုးလွယ်လာပါလိမ့်မယ်။

    ၄။ အသင့်စား fast food

    အလွယ်တကူ ဝယ်စားလို့ရပြီး အဆီပါဝင်မှုများတာကြောင့် ကလေးတွေ အများဆုံးစားတတ်ကြတဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။ ဒီလို fast food တွေက ကလေးတွေရဲ့ ကျန်းမာရေးအတွက်လည်း အာဟာရဓါတ် မပေးနိုင်တဲ့အပြင် သွားကျန်းမာရေးကိုလည်း ထိခိုက်စေပါတယ်။

    ၅။ ကစီဓါတ်များတဲ့ အစာ

    ပေါင်မုန့်၊ ကရက်ကာ၊ ဘီစကွတ်လိုမျိုး ကစီဓါတ်များပြီး စေးကပ်တဲ့ အစားအစာတွေဟာ ကလေးတွေအတွက် ဆိုးကျိုးမဖြစ်စေပေမဲ့ သွားတွေအတွက်တော့ အဆင်မပြေလှပါဘူး။ ဝါးစားမိတဲ့အခါ သွားတွေကြားထဲမှာ ကပ်ငြိနေနိုင်ပြီး သကြားတွေလည်း ပါဝင်နိုင်တဲ့အတွက် ခံတွင်းကျန်းမာရေးအတွက် လျှော့စားသင့်တဲ့ အစားအစာတွေထဲမှာ ပါဝင်ပါတယ်။

    ၆။ ပြောင်းဖူးပေါက်ပေါက်

    ရုပ်ရှင်ကြည့်ရင်း ပြောင်းဖူးပေါက်ပေါက်ဆုပ် စားတာက သိပ်ပြဿနာမရှိလှပေမယ့် သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ကပ်ကျန်နေခဲ့နိုင်ပါတယ်။ သွားသေချာ မတိုက်မိဘူးဆိုရင် ကျန်ခဲ့တဲ့ အစာတွေကနေ ပါးစပ်ထဲမှာ ဘက်တီးရီးယားတွေ ပွားလာပြီး ခံတွင်းကျန်းမာရေးကို ထိခိုက်လာနိုင်ပါတယ်။

    ၇။ ကိတ်မုန့်၊ ဒိုးနပ်

    ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ နည်းတဲ့အပြင် သကြားပါဝင်မှုများတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးကိုရော သွားတွေပါ ထိခိုက်စေနိုင်ပါတယ်။

    ၈။ အလွန်ချဉ်သော အသီးများ

    ဗီတာမင် C ဓါတ်ဟာ ကလေးတွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်ဖြစ်ပေမဲ့ စစ်ထရပ်စ် (citrus) အက်ဆစ်များပြီး အလွန်ချဉ်တဲ့ အသီးတွေဟာ အပေါ်ယံကြွေသွားလွှာကို ပျက်စီးစေလို့ အလွန်အကျွံ စားသုံးမိတဲ့အခါမှာ သွားက ပိုပြီးထိခိုက်လွယ်လာပါတယ်။ သံပုရာသီး၊ ရှောက်သီးတွေမှာ စစ်ထရပ်စ် အက်ဆစ်ပါဝင်မှုများလို့ စားပြီးရင်တော့ ရေများများသောက်ပေးဖို့ လိုပါတယ်။

    သွားကျန်းမာရေးအတွက် မှန်မှန်လုပ်ပေးသင့်တဲ့အရာတွေက ဘာတွေလဲ။

    ဘာပဲစားစား၊ စားပြီးတာနဲ့ ပါးစပ်ကို ပလုတ်ကျင်းပေးရပါမယ်။ အမာစာတွေ စားတဲ့အခါမှာ သွားကို မထိခိုက်မိအောင်နဲ့ သွားကြားထဲ မကပ်ငြိအောင် သတိထားပြီး စားပေးဖို့ လိုသလို သေချာသန့်ရှင်းဖို့လည်း အရေးကြီးပါတယ်။ ကလေးတွေကို တစ်နေ့ သွား ၂ကြိမ်ပုံမှန်တိုက်ဖို့နဲ့ သွားကို စနစ်တကျ တိုက်တတ်ဖို့ အလေ့အကျင့်လုပ်ထားပေးဖို့ လိုပါတယ်။ သွားတိုက်တဲ့အခါမှာလည်း ဖလိုရိုက် (Fluorite) ပါတဲ့ သွားတိုက်ဆေးနဲ့ သေချာတိုက်ပေးရပါမယ်။ ခံတွင်းကျန်းမာရေးအတွက် ၆လ တစ်ကြိမ် သွားဆရာဝန်နဲ့ သေချာပြသဖို့လည်း အရေးကြီးပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement