brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

လူပြောများနေတဲ့ Menstrual Cup က တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အမျိုးမျိုး ရှိတဲ့အနက်က ဒီဘက်ခေတ် နောက်ပိုင်းမှာ M-cup လို့ခေါ်တဲ့ Menstrual Cup လစဉ်သုံးခွက်လေးတွေ အတော်လေး ခေတ်စားလာတာကို တွေ့ရပါတယ်။ သက်သောင့်သက်သာ ရှိမှု၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်မှု၊ ရေရှည် ငွေကုန်ကြေးကျ သက်သာမှု စသဖြင့် အမျိုးမျိုးသော အကြောင်းတွေကြောင့် အမျိုးသမီးလေးတွေကလည်း ဒီ Menstrual Cup ကို လစဉ်သုံးဂွမ်းထုပ် (Pad) တွေ၊ Tampon တွေထက် ပိုပြီး အသုံးများလာကြပါတယ်။ တကယ်ရော ဒီ လူပြောများနေတဲ့ Menstrual Cup က ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။ ကျွန်မတို့ အတူတူ လေ့လာကြည့်ကြရအောင်။

လူပြောများနေတဲ့ Menstrual Cup က  တကယ်ရော ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

Menstrual Cup ဆိုတာ ဘာလဲ။

Menstrual Cup ဆိုတာက ပျော့ပျောင်းတဲ့ ဆီလီကွန် (သို့) ရာဘာ နဲ့ လုပ်ထားတဲ့ ခွက်ပုံစံ အမျိုးသမီး လစဉ်သုံး ပစ္စည်း ဖြစ်ပါတယ်။ တစ်ခုဝယ်ပြီးရင် (၅) နှစ်ကနေ (၁၀) နှစ်ထိ သုံးလို့ရတာကြောင့် ရေရှည်မှာ ငွေကုန်ကြေးကျ သက်သာပါတယ်။ နောက်ပြီး တစ်ခါသုံးရင် (၁၂) နာရီလောက်ထိ ခံတာမို့ ကရိကထလည်း အတော်နည်းတဲ့ ပစ္စည်းလို့ ဆိုရမှာပါ။

Menstrual Cup ရဲ့ အားသာချက်တွေက ဘာတွေလဲ။

Menstrual Cup ကို ထည့်နည်းသာ မှန်ကန်ရင် ရာသီလာနေတယ်ဆိုတာကို မေ့သွားတဲ့အထိ သက်သောင့်သက်သာ ရှိတာမို့ ဒါဟာ အမျိုးသမီးတွေရဲ့ ထိပ်တန်း ရွေးချယ်မှုတစ်ခုအဖြစ် ရပ်တည်နေတာပါ။ နောက်ပြီး ဘယ်လိုနေနေ ယိုစိမ့်မှာ၊ ထွက်ကျမှာလည်း ပူစရာ မလိုတော့ဘူးလေ။

Tampon သုံးသလိုမျိုး မိန်းမကိုယ် ခြောက်သွေ့တာ၊ ပိုးဝင်မှာ စိုးရိမ်စရာ မလိုပါဘူး။ နောက်ပြီး Toxic Shock Syndrome လည်း ဖြစ်နိုင်ခြေ နည်းပါတယ်။

Pad နဲ့ Tampon တွေထဲမှာ တွေ့ရတဲ့ အရောင်ချွတ်ဆေးလို ဓာတုပစ္စည်းတွေကို Menstrual Cup ထဲမှာ မတွေ့ရတာကြောင့် ပိုပြီး အန္တရာယ်ကင်းပါတယ်။

ရာသီသွေးတွေက လေနဲ့တွေ့ရင် အနံ့ထွက်ပါတယ်။ Cup က ရာသီသွေးတွေကို အပြင်ထိ ရောက်မလာစေဘဲ မိန်းမကိုယ်ထဲမှာတင် စုထားပေးတာမို့ ဒီပြဿနာလည်း အေးပါတယ်။

တစ်ခုဝယ်ပြီး နှစ်ပေါင်းများစွာ သုံးလို့ရတာမို့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။

အားနည်းချက်တွေက ဘာတွေလဲ

Menstrual Cup ကို မိန်းမကိုယ်ထဲ ထည့်ဖို့ အလေ့အကျင့် လုပ်ယူရပါတယ်။ ခေါက်ထားပြီးတာတောင် တော်တော်ကြီးတဲ့ Size မို့ စစသုံးမယ့်အချိန်ဆို အတော်လည်း သတ္တိမွေးယူရပါတယ်။

ထုတ်ပြီး ဆေးကြောတဲ့အခါ ကရိကထ များပါတယ်။ အမြဲတမ်း အိမ်မှာနေတာမှ မဟုတ်တာနော်။ အလုပ်သွား၊ ရုံးသွား၊ အများပြည်သူသုံး သန့်စင်ခန်းတွေမှာဆို ဘယ်နား ဆေးလို့ ဆေးရမှန်းမသိ အတော်လေး စဉ်းစားရခက်တာမျိုးပါ။ (တချို့ကတော့ အိတ်ထဲ Wipes တွေ၊ ရေဘူးလေးတွေ သီးသန့်ဆောင်ထားကြတာမျိုးရှိပါတယ်။ ဒါလည်း အဆင်ပြေတာပါပဲ။ တချို့ကတော့ အိမ်သာသုံးစက္ကူတွေနဲ့ သန့်ရှင်းကြတယ်လို့ ပြောပါတယ်။)

ကြုံကြိုက်တိုက်ဆိုင်တဲ့အခါမျိုးမှာ Menstrual Cup ကို ထုတ်ရင်း IUD ပါ မတော်တဆ ပါလာတာမျိုး မဖြစ်အောင် IUD လို ပစ္စည်းမျိုး ထည့်ထားတယ်ဆိုရင် ကြိုးကို တိုပစ်လိုက်ဖို့ လိုပါတယ်။

လေ့လာချက်တွေအရ Menstrual Cup တွေဟာ အန္တရာယ်အကင်းဆုံးနဲ့ သက်သောင့်သက်သာ အဖြစ်ဆုံး အမျိုးသမီး လစဉ်သုံးပစ္စည်းပါပဲ။ ဒါကြောင့်လည်း အမျိုးသမီးတွေရဲ့ ထိပ်တန်း ရွေးချယ်မှုအဖြစ် ရပ်တည်နေတာ မဆန်းဘူးလို့ ဆိုရမှာပါ။ နောက်ရက်မှာတော့ Menstrual Cup ကို ဘယ်လို သုံးရသလဲဆိုတာနဲ့ Menstrual Cup ကို ကိုယ်နဲ့ သင့်လျော်ရာ ဘယ်လို ရွေးချယ်ကြမလဲဆိုတဲ့အကြောင်းတွေ ဆွေးနွေးကြရအောင်။

Wathun Myat Chal

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 13/09/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။