အခုလို ကြောက်စရာရောဂါဆိုး Covid-19 ဖြစ်ပွားနေချိန်မှာ ကာကွယ်ဆေးကလည်း မထွက်သေး၊ ကုသနိုင်မယ့် နည်းလမ်းက ကိုယ်ခံအားကောင်းအောင် လုပ်ဖို့ပဲ ရှိတယ်ဆိုပြီး ကိုယ်ခံအားကောင်းအောင် လုပ်ဆောင်ရုံမှ တစ်ပါး အခြားမရှိလို့ တွေးနေပြီလား။
ဒီလိုဆိုတာနဲ့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ဗီတာမင် C များများစားရမယ်ဆိုတဲ့အတွေးနဲ့ ဗီတာမင် C တွေကို အများကြီးစားမိနေပြီလား။ ဒါဆိုရင် တန်ဆေး လွန်ဘေးဆိုတဲ့ စကားကို သတိရပါ။ ကိုယ်ခံအားကောင်းမှ ကိုဗစ်ကို ကာကွယ်နိုင်မယ်ဆိုပေမယ့် ဗီတာမင် C တအားများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
ဗီတာမင် C များတိုင်းလည်း မကောင်းပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။
ကိုယ်ခံအား ကောင်းချင်ဇောနဲ့ ဗီတာမင် C အများကြီး မစားစေလိုပါ။
ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ်ဆိုတာ အထွေအထူး ပြောနေစရာ မလိုဘဲ လူတိုင်း သိထားပြီးဖြစ်မှာပါ။ ဗီတာမင် C က ရေမှာပျော်ဝင်လွယ်တဲ့ ဗီတာမင် တစ်မျိုးပါ။ ခန္ဓာကိုယ် ဖွံ့ဖြိုးကြီးထွားစေဖို့ နဲ့ သံဓာတ် စုပ်ယူနိုင်စေဖို့ အားဖြည့်ပေးပါတယ်။
ခန္ဓာကိုယ်က ဗီတာမင် C ကို မထုတ်လုပ်နိုင်သလို သိမ်းဆည်းမထားနိုင်တာကြောင့် နေ့စဉ် စားသုံးမှုမှာ ဗီတာမင် C ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဗီတာမင် C ကို စားသုံးလိုက်ပြီဆိုတာနဲ့ ကိုယ်တွင်း အရည်တွေကနေတဆင့် တစ်ရှူးတွေဆီကို ပေးပို့ပါတယ်။ ပိုလျှံနေတာတွေကိုတော့ ဆီးကနေတဆင့် စွန့်ထုတ်ပါတယ်။
ဗီတာမင် C က ကိုယ်ခံအားကောင်းစေတယ် ဆိုပေမယ့် အရမ်းများရင်တော့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အရွယ်ရောက်ပြီးသူ တစ်ယောက်အနေနဲ့ တစ်နေ့ကို ဗီတာမင် C ပမာဏ ၆၅ မီလီဂရမ် ကနေ ၉၀ မီလီဂရမ်ဆိုရင် လုံလောက်ပါတယ်။ အမြင့်ဆုံးအနေနဲ့ တစ်နေ့ကို ၂၀၀၀ မီလီဂရမ်အထိပဲ စားသုံးသင့်ပါတယ်။ ဗီတာမင် C ကို လိုတာထက် ပိုမို စားသုံးတဲ့အခါ
- ဝမ်းပျက်ဝမ်းလျှောတာ
- မအီမသာဖြစ်တာ
- အော့အန်တာ
- ရင်ပူတာ
- ဗိုက်အောင့်တာ
- ခေါင်းကိုက်တာ
- အိပ်မပျော်တာ
- ကျောက်ကပ်မှာ ကျောက်တည်တာ
- အစာခြေစနစ် ပြဿနာ
- သံဓာတ်လွန်ကဲတာမျိုးတွေ ခံစားရနိုင်ပါတယ်။ သံဓာတ် လွန်ကဲတဲ့အခါ အသည်း၊ နှလုံး၊ ပန်ကရိယ၊ သိုင်းရွိုက်၊ ဗဟိုအာရုံကြောစနစ်တွေ ထိခိုက်စေနိုင်ပါတယ်။
ပုံမှန်ကတော့ နေ့စဉ် စားသုံးနေတဲ့ အသီးအရွက်တွေနဲ့ စားစရာတွေမှာ ပါဝင်နေတဲ့ ဗီတာမင် C ပမာဏက တစ်နေ့တာ လိုအပ်ချက်ကို အကာင်းဆုံး ဖြည့်ပေးနိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ဗီတာမင် C ကို အစားအစာတွေကနေပဲ ရယူပြီး မလိုအပ်ဘဲ ဖြည့်စွက်အားဆေးတွေ သောက်သုံးတာမျိုး မလုပ်ဖို့ ပြောပါရစေ။
[covid_19]
[embed-health-tool-bmr]