backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အသားအရေစိုပြေဝင်းအိဖို့ ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်ကြမယ်


Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသားအရေစိုပြေဝင်းအိဖို့ ဒိန်ချဉ်နဲ့ မျက်နှာပေါင်းတင်ကြမယ်

အလှအပနဲ့ပတ်သက်ပြီး ပိုက်ဆံသိပ်မကုန်၊ အချိန်လည်း အများကြီးမပေးနိုင်တဲ့ လေဒီလေးတွေ၊ ကိုကိုညီလေးတွေအတွက် မီးဖိုချောင်နဲ့ အိမ်မှာအလွယ်တကူ ရနိုင်တဲ့ ပစ္စည်းတွေနဲ့ အသားအရေထိန်းသိမ်းနည်းတွေ ပြောပြခဲ့ရာမှာ ဒီတစ်ခေါက် ဒိန်ချဉ်နဲ့ ပေါင်းတင်နည်းတွေနဲ့ အကျိုးအာနိသင်ကို ပြောပြပေးမှာဖြစ်ပါတယ်။

ဒိန်ချဉ်ရဲ့ အရေပြားအတွက် အကျိုးအာနိသင်တွေက ဘာတွေလဲ။

၁။ အရေပြားကို အစိုဓာတ်ထိန်းညှိပေးတယ်။

၂။ အသားအရေကို စိုပြေဝင်းပလာစေတယ်။

၃။ အသားအရောင်ကို ညီစေတယ်။

၄။ နေလောင်ဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကြောင့် အရေပြားမပျက်စီးအောင် ကာကွယ်ပေးတယ်။

၅။ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေလို့ အရေးအကြောင်းတွေကို လျော့နည်းစေတယ်။

၆။ အရွယ်တင်နုပျိုစေတယ်။

၇။ ဝက်ခြံသမားတွေအတွက်လည်း ဘက်တီးရီးယားပိုးသေစေလို့ အဆင်ပြေစေတယ်။

၈။ တခြားပိုးဝင်တာ၊ မှိုဝင်တာကြောင့်ဖြစ်တဲ့ အရေပြားပြဿနာတွေကိုလည်း ကုသပေးနိုင်တယ်။

ဒါဆို ဘယ်လိုပေါင်းတင်ကြမလဲ။

၁။ ပထမနည်းလမ်းကတော့ ဒိန်ချဉ် ၃ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ နနွင်းမှုန့် လက်ဖက်ရည်ဇွန်းတစ်ဝက်ကို သေချာရောမွှေပြီး မျက်နှာမှာ လိမ်းပေးရမှာပါ။ ၁၀ မိနစ်လောက်ထားပြီးရင် ရေအေးနဲ့ သေချာပြန်ဆေးချရုံပါပဲ။ ဒီနည်းလမ်းက ဝက်ခြံရှိတဲ့သူတွေ၊ အဆီပြန်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။ ဒိန်ချဉ်နဲ့ ပျားရည်က ဘက်တီးရီးယားပိုးတွေ သေစေပြီး ချွေးပေါက်အတွင်းထဲထိ စိမ့်ဝင်မှုအားကောင်းတယ်။ နနွင်းမှုန့်ကလည်း ပိုးသေစေပြီး အနာကျက်မြန်စေတယ်၊ အသားအရေကို တင်းတင်းရင်းရင်းဖြစ်စေနိုင်ပါတယ်။

၂။ နောက်တစ်နည်းကတော့ ဒိန်ချဉ်နဲ့ ပျားရည်အပြင် ရှားစောင်းလက်ပပ်အနှစ်နဲ့ ရောလိမ်းပေးရမှာပါ။ အဓိက အရေပြားနီရဲယားယံတတ်သူတွေ၊ မှိုပိုးကြောင့် ဖြစ်တဲ့ အရေပြားပြဿနာတွေအတွက် သင့်လျော်ပါတယ်။

၃။ အပေါ်မှာ ပြောထားခဲ့သလိုပဲ သဘာဝဒိန်ချဉ်ကို သံပရာရည်၊ သံလွင်ဆီ၊ အုန်းဆီ၊ သကြား၊ အုတ်ဂျုံ၊ လက်ဖက်စိမ်း လက်ဖက်ခြောက် စတာတွေနဲ့လည်း ရောမွှေပြီး အသုံးပြုလို့ရတယ်။ သုံးပုံသုံးနည်းကလည်း အတူတူပါပဲ။ မျက်နှာပေါ် ၁၀ မိနစ်ခန့် နေရာအနှံ့သုတ်ပြီးသွားရင် ရေအေးနဲ့ ပြောင်အောင် ပြန်ဆေးပေးရုံပါပဲ။

ပျားရည်နဲ့ မျက်နှာပေါင်းတင်တာဟာ အဆီပြန်တာ၊ အသားခြောက်တာတွေသာမက ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေပါ လုပ်လို့ရပြီး ဘေးထွက်ဆိုးကျိုးလည်း မရှိသလောက် နည်းပါတယ်။ ဒါပေမယ့် နွားနို့နဲ့ မတည့်တဲ့သူတွေကတော့ မျက်နှာပေါ် မလိမ်းခင် လက်မှာ နည်းနည်းစီ စမ်းလိမ်းကြည့်ပြီး အဆင်ပြေတယ်ဆိုမှ ဆက်လိမ်းပေးပါ။ လိမ်းနေစဉ်အတွင်းမှာလည်း ယားယံတာ၊ အင်ပျဉ်ထတာ၊ မျက်နှာဖောရောင်တာ၊ အရည်ကြည်ဖုတွေ ထလာတာမျိုး ဖြစ်ရင်တော့ ချက်ချင်းရေနဲ့ ပြန်ဆေးပစ်ပါ။

ဒိန်ချဉ်ဟာ လွယ်လွယ်ကူကူနဲ့ ဝယ်လို့ရပြီး ကုန်ကျစရိတ်လည်း အရမ်းမများတဲ့အတွက် အဖက်ဖက်ကနေ တွေးပူနေရတဲ့ လေဒီလေးတွေအတွက်လည်း အဆင်ပြေစေမှာပါ။ နေ့တိုင်းလုပ်စရာမလိုဘဲ တစ်ပတ်ကို တစ်ကြိမ်ကနေ နှစ်ကြိမ်ထိ လုပ်ပေးရုံပဲမို့ ရုံးကနေအိမ်ပြန်ရောက်တဲ့အချိန်မှာဖြစ်စေ၊ ရုံးပိတ်ရက်တွေဖြစ်စေ လုပ်ပေးလို့ရပါတယ်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Ye Myo Myat မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement