backup og meta

သခွားသီးနှင့် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးခြင်း


Ye Myo Myat မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သခွားသီးနှင့် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးခြင်း

    အလှကုန်ပစ္စည်းပဲ ဖြစ်ဖြစ်၊ အိမ်မှာ အလွယ်တကူ အသားအရေထိန်းသိမ်းဖို့အတွက်ပဲ ဖြစ်ဖြစ်၊ အလှအပ လိုက်စားတဲ့သူတွေကြားမှာ ရေပန်းစားတဲ့ ပစ္စည်းကတော့ သခွားသီးပါပဲ။

    အရည်ရွှမ်းပြီး အာဟာရလည်း ရှိတယ်။ ကိုယ်ခန္ဓါအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေအပြင် ရေဓါတ်ကိုပါ ဖြည့်တင်းပေးနိုင်ပါတယ်။ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စားလို့လည်းရတယ်။ အလှအပဆိုင်ရာအတွက်လည်း အသုံးပြုနိုင်တယ်။

    သခွားသီးရဲ့ ကောင်းကျိုးတွေက ဘာတွေလဲ။

    ၁။ သခွားသီးမှာ ရေဓါတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ကိုယ်ခန္ဓါတွင်းကိုရော အပြင်ဘက် အသားအရေကို ရေဓါတ်ဖြည့်တင်းပေးနိုင်တယ်။

    ၂။ ရေဓါတ်ခမ်းခြောက်ခြင်း၊ အသားအရေ မွဲခြောက်ခြင်း မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ အပူဒဏ်ကြောင့် ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်အစားထိုး ဖြည့်တင်းပေးနိုင်တယ်။

    ၃။ မဂ္ဂနီဆီယမ်၊ ပိုတက်စီယမ်အပြင် ကိုယ်ခန္ဓါကို ကျန်းမာစေပြီး ကိုယ်တွင်းအင်္ဂါတွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ ဗီတာမင်နဲ့ အာဟာရဓါတ် များစွာ ပါဝင်ပါတယ်။

    ၄။ ကိုယ်ခန္ဓါတွင်း အပူချိန်ကို ကျစေပြီး လူကို အေးမြစေတယ်။ အပြင်ဘက်က နေရောင်ခြည်ဒဏ်ေကြာင့် အသားအရေမပျက်စီးစေဖို့ ကာကွယ်ပေးနိုင်တယ်။

    ၅။ ကိုယ်ခန္ဓါတွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို သန့်စင်ပေးတယ်။ အရေပြားပေါ်က ဖုန်မှုန့်နဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်။

    ၆။ ကိုယ်အလေးချိန်ကို ကျစေပြီး ကျန်းမာသွယ်လျတဲ့ ကိုယ်ခန္ဓါ ဖြစ်လာစေဖို့ ကူညီပေးနိုင်တယ်။

    ၇။ သွားနဲ့ ခံတွင်း သန့်ရှင်းရေးအတွက် ကောင်းစေပြီး သွားဖုံးကို ကျန်းမာစေတယ်။ ခံတွင်းအနံ့ဆိုး ကင်းစင်စေပြီး ဘက်တီးရီးယားပိုးတွေ မပေါက်ဖွားစေဖို့ ကူညီပေးနိုင်တယ်။

    ၈။ မျက်စိအမြင်အာရုံကြည်လင်စေပြီး မျက်လုံး မို့အစ်တာ၊ မျက်ကွင်းညိုတာ၊ မျက်စိမှုန်တာ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

    ၉။ နှလုံးနဲ့ ဦးနှောက်ကို ကျန်းမာစေပြီး ဆီးချိုရောဂါသည်တွေအတွက်လည်း အလွန်ကောင်းတဲ့ ဓါတ်စာဖြစ်ပါတယ်။

    ၁၀။ ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။ နဂိုအသားအရောင်အတိုင်း ပြန်လည်ဖြူစင်ဝင်းပလာစေတယ်။

    ၁၁။ ရာသီအပြောင်းအလဲမှာ ဖြစ်တတ်တဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးနိုင်ပါတယ်။

    သခွားသီးကို ဘယ်လိုအသုံးပြုနိုင်လဲ။

    ၁။ ထမင်းစားနေချိန်မှာ သခွားသီးရောစားပေးခြင်းဖြင့် အအီအစိမ့် ပြေစေတယ်။ အစာကြေစေတယ်။ ရေဓါတ်ကို ပြန်လည်ဖြည့်ပေးတယ်။ မုန့်ပဲသရေစာအဖြစ်လည်း သစ်သီးဝလံတွေအပြင် သခွားသီးကိုပါ ရောပြီး စားပေးနိုင်တယ်။

    ၂။ သခွားသီးအပြင်ခွံကို လှီးပြီး ရေနဲ့ ရောကြိတ်ပါ။ သံပုရာရည်အနည်းငယ် ရောမွှေပြီး မျက်နှာကို သုတ်လိမ်းပေးခြင်းဖြင့် ဖြူစင်ဝင်းပလာစေတယ်။ နေရောင်ခြည်ဒဏ်ကြောင့် ပျက်စီးပြီး အရောင်မှိန်လာတဲ့ အသားအရေကို ပြန်လည်ပြုပြင်ပေးတယ်။

    ၃။ သခွားသီးကို ရေခဲသေတ္တာထဲမှာ အအေးခံထားပြီး ပါးပါးလှီးပါ။ သခွားသီးစိတ်လေးတွေကို မျက်နှာနေရာအနှံ့ ကပ်ပေးထားခြင်းဖြင့် အသားအရေကို ရေဓါတ်ဖြည့်ပေးပြီး ချွေးပေါက်ထဲမှာ ပိတ်ငြိနေတဲ့ ဆီ၊ ဖုန်နဲ့ အညစ်အကြေးတွေကို စုပ်ယူပေးနိုင်တယ်။

    ၄။ မှဲ့ခြောက်တွေ၊ ဝက်ခြံနဲ့ အဖုအပိမ့်တွေ ပျောက်ကင်းစေဖို့ ဒိန်ချဉ်နဲ့ သခွားသီးအရည်ကို ရောမွှေပြီး မျက်နှာပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ အသားအရေခြောက်သူတွေအတွက်လည်း သင့်လျော်ပါတယ်။

    ၅။ သခွားသီးကို ပျားရည်နဲ့ ရောကြိတ်ပြီး ရလာတဲ့အနှစ်ကို မျက်နှာနဲ့ ကိုယ်ခန္ဓါအနှံ့ လိမ်းပေးရုံနဲ့ အသားအရေကို အစိုဓါတ်ထိန်းပေးပြီး အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်အသေတွေကို အလွှာလိုက်ကွာကျစေနိုင်တယ်။ ၁၅မိနစ်ခန့် အုပ်ထားပြီးရင် ရေအေးနဲ့ ပြန်သန့်စင်ပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement