backup og meta

အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 22/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား

    ငါးပိရည်လေး စားချင်လို့၊ ငါးပိထောင်းလေး စားချင်လို့ဆိုပြီး စားလိုက်မိရင်ဖြစ်ဖြစ်၊ သရက်သီးကို ငံပြာရည်လေးနဲ့ဖြစ်ဖြစ် စားလိုက်မိပြီဆိုရင်တော့ မျက်နှာပေါ်မှာ ဝက်ခြံတွေ တစ်လုံးပြီး တစ်လုံး အဆက်မပြတ် ထွက်လာတာ ကြုံဖူးကြမယ်ထင်ပါတယ်။ ဒါဆိုရင် ဘာလို့များ အငန်စားလိုက်မိရင် ဝက်ခြံထွက်လာတာလဲဆိုပြီး သိချင်နေပြီလား …… ဒါဆိုရင် အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား ဆိုတဲ့အကြောင်းလေးကို ပြောပြပေးမယ့် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

    အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား

    လေ့လာချက်တွေအရ အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာနိုင်ပါတယ်။ အကြောင်းကတော့ ဆား အစားများတာ၊ အငန်ပါတာတွေကို စားတာက ခန္ဓာကိုယ်မှာ ရောင်ရမ်းတာတွေကို ဖြစ်စေနိုင်တာကြောင့်ပါ။

    သာမန်အချိန်တွေဆို ပြဿနာမရှိပေမဲ့ လောလောလတ်လတ်မှာ ဝက်ခြံထွက်နေမယ်။ ဝက်ခြံက ရောင်ချင်သလိုလို ဖြစ်နေတယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အငန် ဆားဓာတ်က

  • အရေပြား တစ်ရှူးတွေကို ရောင်ရမ်းစေနိုင်လို့ပါ

  • အငန်ဓာတ်ကို စားသုံးလိုက်တာက အရေပြားတစ်ရှူးတွေကို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပြီး ရှိရင်းစွဲ ဝက်ခြံတွေကို ရောင်ရမ်းတာမျိုး ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဆားအစားများတာက အရေပြားကျန်းမာရေးကို ထိခိုက်စေနိုင်ပြီး ဝက်ခြံ အပါအဝင် အရေပြားပြဿနာ အမျိုးမျိုးကို ပြင်းထန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    အငန် အစားများတာက T-cell တွေကို ပြောင်းလဲမှု ဖြစ်စေပြီး အရေပြားတစ်ရှူးတွေကို ရောင်ရမ်းစေပါတယ်။ ဒါကြောင့်ပဲ ရှိရင်းစွဲ ဝက်ခြံတွေ ပိုဆိုးလာပြီး အရေပြားမှာ နောက်ထပ် ဝက်ခြံတွေပါ ဖြစ်လာရတာပါ။ ဒါကြောင့် အငန်လျော့စားတာက အရေပြား ကျန်းမာရေးကို ဂရုစိုက်လိုက်တာပါပဲ။

    အငန်စားတာကြောင့် ဝက်ခြံဖြစ်စေနိုင်တဲ့ နောက်ထပ် အကြောင်းအရင်းတစ်ရပ်ကတော့ ဆားအစားများတာက ကိုယ်တွင်းက ရေဓာတ်ကို ခမ်းခြောက်စေနိုင်တာကြောင့်ပါ။ ရေဓာတ် ခမ်းခြောက်မှုကလည်း ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ဒါကြောင့် ဝက်ခြံသက်သာချင်ရင် ရေများများ သောက်ပါလို့ အကြံပြုချက်တွေ ရှိနေတာပေါ့။

    ဆား အပါအဝင် အငန် အစားများတာက အရေပြားကို ရေဓာတ်ပြည့်ဝစေရာမှာ အနှောင့်အယှက်ဖြစ်စေနိုင်တာကြောင့် အရေပြား ခြောက်သွေ့တာ၊ ချွေးပေါက်တွေ ကျယ်စေတာလိုမျိုး အရေပြား ပြဿနာတွေကို ဖြစ်စေပြီး ချွေးပေါက်တွေကနေတဆင့် ဝက်ခြံဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ အလွယ်အကူ ဝင်ရောက်သွားတာကြောင့် ဝက်ခြံတွေကို ပိုဆိုးစေတာ နဲ့ ဝက်ခြံ အသစ်ဖြစ်တာတွေကို ဖြစ်စေတာပါ။

    ဒါကြောင့် ဝက်ခြံကင်းချင်တယ်ဆိုရင် ဆား အပါအဝင် ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့ အငန်ကဲတဲ့ အသင့်စား အစားအစာတွေ နဲ့ အမြန်စား အစားအစာတွေကို တတ်နိုင်သမျှ လျှော့စားဖို့ လိုပါမယ်။

    ဒါဆိုရင် မေးစရာရှိတာက အငန်စားရင် ဝက်ခြံထွက်တယ်ဆိုတော့ ဝက်ခြံ ကင်းချင်တယ်ဆိုရင် အငန် မစားရတော့ဘူးလားပေါ့။ ဒီလိုလည်း မဟုတ်သေးပါဘူး။

    အငန်အရသာကို ပေးစွမ်းနိုင်တဲ့ ဆားဓာတ် [ဆိုဒီယမ်]က ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒီတော့ ဆားဓာတ်က ခန္ဓာကိုယ် ကျန်းမာစေဖို့ ဘာတွေ လုပ်ဆောင်ပေးလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် ဆားဓာတ် [ဆိုဒီယမ်]ရဲ့ အခန်းကဏ္ဍ

    ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ လုပ်ငန်းစဉ်တွေ ကောင်းကောင်း လည်ပတ်နိုင်စေဖို့အတွက် ဆားဓာတ်ကို လိုအပ်ပါတယ်။ ဒါကြောင့် ဆားဓာတ်ကို ထိုက်သင့်တဲ့ ပမာဏတော့ စားသုံးဖို့ လိုပါမယ်။

    ဆားဓာတ် [ဆိုဒီယမ်]က အာရုံကြောစနစ်ကို ကျန်းမာစေသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပါတယ်။ ကိုယ်တွင်းက ဓာတ်ဆားပမာဏ ညီမျှစေဖို့လည်း လုပ်ဆောင်ပေးပါတယ်။ ချွေးထွက်များတာကြောင့် ရေဓာတ်နဲ့ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးတာမျိုး မဖြစ်စေဖို့လည်း ဆားဓာတ်က ဟန်ချက်ထိန်းပေးပါသေးတယ်။

    ဒါကြောင့် စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ တစ်နေ့တာမှာ လုံလောက်တဲ့ ဆားဓာတ်ကို စားသုံးမိဖို့တော့ လိုပါမယ်။

    လိုလည် မကောင်း ပိုလည်း မကောင်းတဲ့ ဆားစားသုံးမှု

    အငန် အစားများရင် ဝက်ခြံတွေ ပိုဆိုးလာသလား

    ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် မပိုမလိုတဲ့ ဆိုဒီယမ် ပမာဏ ရရှိဖို့ လိုအပ်ပါတယ်။ ကိုယ်တွင်းမှာ ဆိုဒီယမ် နည်းတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ဆိုဒီယမ်က အာရုံကြောတွေ ကျန်းမာစေဖို့၊ ကျန်းမာတဲ့ သွေးပေါင်ချိန် ရရှိစေဖို့နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ စုပ်ယူနိုင်စေဖို့အတွက် ထောက်ကူပေးပါတယ်။

    ဆားစားသုံးမှု များလွန်းမယ်ဆိုရင်လည်း သွေးတိုးတာ၊ ဖောတာရောင်တာ၊ နှလုံးပျက်စီးတာ နဲ့ နှလုံးရောဂါတွေ ခံစားရနိုင်ပါတယ်။ ရေဓာတ် ခမ်းခြောက်တာကြောင့် အသားအရေ ခြောက်သွေ့တာကိုလည်း ခံစားရနိုင်ပါတယ်။ ဆားဓာတ်ကို တစ်နေ့တာမှာ လိုအပ်မယ့် ပမာဏလောက်တော့ စားသုံးပေးဖို့ လိုပါမယ်။

    ဆားလျှော့စားတယ်ဆိုတဲ့နေရာမှာလည်း ဆားကိုတင် လျှော့တာ မဟုတ်ဘဲ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကစလို့ အချိုမှုန့် နဲ့ အသင့်စား၊ အမြန်စား အစားအစာတွေ အားလုံးကို လျှော့စားရမှာပါ။

    ဆားကြောင့်ချည်းသက်သက်တော့ ဝက်ခြံဖြစ်နိုင်ခြေ နည်းပါတယ်။ အလွန်အကျွံ စားသုံးတာနဲ့ ပြုပြင်ထားတဲ့ အစားအစာတွေမှာပါတဲ့ ဓာတုပစ္စည်းတွေနဲ့ အသားအရေနဲ့ နေ့စဉ် ထိတွေ့နေတဲ့ အညစ်အကြေးတွေကြောင့်လည်း ဝက်ခြံဖြစ်ရတာပါ။

    ဆား အစားများတာက အသားအရေ ထိခိုက်စေသလား

    ဆားစားရုံသက်သက်ကတော့ ဝက်ခြံဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဝက်ခြံထွက်တတ်တဲ့သူတွေက ဆားအစားများတဲ့သူတွေ ဖြစ်နေကြတာကြောင့် ဒီနှစ်ခုကြားမှာ ဆက်စပ်မှုရှိနိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဆားစားသုံးမှုများတာက ဝက်ခြံမှမဟုတ် တခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်တာကြောင့် အလွန်အကျွံမစားဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 22/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement