ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ

    ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ

    ဝက်ခြံမညှစ်မိအောင် ထိန်းရတာက တော်တော်ခက်ပါတယ်။ ကိုယ့်မျက်နှာမှာ သိသာနေတဲ့ အဖုလေးတွေက ညှစ်ပစ်ချင်စရာပါ။ ဒါပေမယ့်လည်း ညှစ်လိုက်လို့ မတော်တဆ ပိုးဝင်သွားရင် ဝက်ခြံပိုဆိုးလာမှာ၊ အမာရွတ်တွေ ကျန်ခဲ့မှာကလည်း ကြောက်ရပါသေးတယ်။ ညှစ်ချင်ပေမယ့် မညှစ်မိအောင် အတင်းထိန်းချုပ်ထားရတာက ဝက်ခြံသမားတွေ မကြာခဏ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုပါပဲ။

    ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ

    ဒီတော့ ဝက်ခြံမညှစ်မိအောင် ကိုယ့်စိတ်ကိုယ်ကို လှည့်စားဖို့ လိုလာပါပြီ။ ဝက်ခြံက စညှစ်မိရင် နောက်အလုံးတွေပါ ညှစ်မိနိုင်တာကြောင့် ကိုယ့်စိတ်ကိုယ်ထိန်းပြီး ဝက်ခြံပျောက်တဲ့အထိ ငြိမ်ငြိမ်နေသင့်ပါတယ်။

    ဝက်ခြံမညှစ်မိအောင် ထိန်းဖို့ ဒီနည်းလမ်းတွေကို လုပ်ကြည့်ရအောင်။

    • ရက်သတ်မှတ်ထားပါ။

    ဥပမာ ဒီရက်ကစလို့ ၃ရက်အတွင်း ငါဝက်ခြံမညှစ်ဘူးဆိုတဲ့ ဆုံးဖြတ်ထားလိုက်ပါ။ တစ်ခုရှိတာက ရက်ကို ဝေးဝေးမှာ ထားလေလေ၊ စိတ်မရှည်ဘဲ ညှစ်မိဖို့ များလေလေပါ။ ကိုယ်သတ်မှတ်ထားတဲ့ ရက်ရောက်လို့ ဝက်ခြံမသက်သာသေးဘူးဆိုရင်လည်း စိတ်ဓာတ်မကျပါနဲ့။ ဝက်ခြံသေးသွားတာပဲ။ ရောင်တာလျော့သွားတာပဲဆိုပြီး ကိုယ့်ကိုယ်ကို အားပေးပါ။

    • မှန်ခဏခဏ မကြည့်ပါနဲ့။

    ဝက်ခြံက မမြင်ရရင် သူ့လည်း သူ့ဘာသူနေ၊ ကိုယ့်လည်း ကိုယ့်ဘာကိုယ်နေဖြစ်လို့ ညှစ်ဖို့ သတိမရတတ်ပါဘူး။ ဝက်ခြံညှစ်တာက စွဲလမ်းတတ်ပါတယ်။ ဆိုလိုတာက အဖုလေးကို တွေ့ရင် ညှစ်ချင်တယ်။ စညှစ်မိရင် ဆက်ကာဆက်ကာ ညှစ်ချင်သွားပါတယ်။ ဒါကြောင့် ခဏခဏ မှန်ကြည့်တာမျိုး၊ အထူးသဖြင့် ဝက်ခြံကို အသေးစိတ်ကြည့်နေတာမျိုးကို ရှောင်ပါ။

    ဝက်ခြံမညှစ်မိအောင် ဘယ်လိုထိန်းကြမလဲ
    • လက်သည်းတိုတို ညှပ်ထားပါ။

    မတော်တဆ လက်နဲ့ ကုတ်မိရင်တောင် ပိုးဝင်တာ၊ ထိခိုက်ဒဏ်ရာရတာ နည်းဖို့ လက်သည်းကို တိုတိုညှပ်ထားပါ။ နိုးနေချိန်ဆို မသိသာပေမယ့် အိပ်နေချိန်မှာ ယောင်ယမ်းပြီး ကုတ်မိတာမျိုး ဖြစ်လာနိုင်ပါတယ်။

  • နှာခေါင်းစည်း တပ်ထားပါ။
  • အထူးသဖြင့် ဝက်ခြံညှစ်ချိန်စိတ်တွေ ထိန်းမရဖြစ်နေပြီဆိုတဲ့ အချိန်မှာပါ။ Surgical mask လိုမျိုး ခပ်ပါးပါး နှာခေါင်းစည်းကို တပ်ထားတာက ကိုယ့်စိတ်ကိုယ်မနိုင်ဘဲ ဝက်ခြံညှစ်မိမှာကို အကာအကွယ်ပေးနိုင်ပါတယ်။ စိတ်ထဲသက်သောင့်သက်သာရှိပြီး စိတ်ငြိမ်လာရင် ပြန်ချွတ်နိုင်ပါတယ်။

    • ဝက်ခြံညှစ်တတ်တဲ့ အချိန်တွေကို သတိထားပါ။

    တချို့က ကိုယ့်ဟာကိုယ်တောင် မသိလိုက်ဘဲ ဝက်ခြံညှစ်မိလိုက်တဲ့ အချိန်တွေ ရှိတတ်ပါတယ်။ ဥပမာ ကိုရီးယားကားလေး ကြည့်နေတုန်း၊ ဖုန်းလေး သုံးနေတုန်းမှာ သတိလွတ်ပြီး ဝက်ခြံကို သွားဆွနေမိတာမျိုးပါ။ ဒီလိုအကျင့်မျိုး ရှိတယ်ဆိုရင် လက်ထဲမှာ Stress ballလို ညှစ်လို့ရတဲ့ ဘောလုံးလေး ကိုင်ထားပါ။ ဒါမှ လက်က မျက်နှာကို ရောက်မသွားမှာပါ။

    ခုဆိုရင် ဝက်ခြံကိုပဲ ကွက်ပြီး ကပ်ထားလို့ရတဲ့ စတစ်ကာလေးတွေ၊ bandagesလေးတွေ ရှိနေပါပြီ။ ဒီထဲမှာ ဝက်ခြံကို သက်သာစေပြီး ရောင်ရမ်းမှုတွေ လျော့ကျစေတဲ့ အာနိသင်ပါ ရှိတာကြောင့် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ ဝက်ခြံလည်း မကုတ်မိ၊ မြန်မြန်လည်း သက်သာပါတယ်။ ဒါတွေ မရှိဘူးဆိုရင်လည်း ဝက်ခြံရှိတဲ့နေရာကို သနပ်ခါး အုံပေးနိုင်ပါတယ်။ ဝက်ခြံသက်သာဖို့ ဆိုတာထက် ဝက်ခြံမကုတ်မိအောင် ပြင်ပကနေ အကာအရံသဘောမျိုး ဖြစ်ပါတယ်။

    ဝက်ခြံကို ညှစ်ပစ်ချင်ရတဲ့ အကြောင်းရင်းတွေထဲမှာ ဝက်ခြံကြောင့် ကြည့်လို့ မလှဘူးလို့ ခံစားရလို့ပါ။ ဒီလိုမဖြစ်အောင် ကိုယ့်ရဲ့ အတွေးအမြင်ကို ပြောင်းကြည့်ပါ။ ဝက်ခြံက ဒီနေ့ဆိုရင် မနေ့ကထက် ပိုသက်သာလာပြီ။ နောက်နေ့ဆို ပိုသက်သာလာတော့မှာ။ ဒီနေ့ ဝက်ခြံမညှစ်တဲ့အတွက် အမာရွတ်ကျန်မှာ မဟုတ်ဘူး စသဖြင့် ကိုယ့်ကိုယ်ကို အားပေးစကားပြောပါ။

    ဝက်ခြံမညှစ်မိစေဖို့

    ဝက်ခြံအများစုက ၁ပတ်၊ ၁၀ရက်လောက်ဆိုရင် သက်သာသွားကြပါတယ်။ ဒီအတောတွင်းမှာ လက်ငြိမ်ငြိမ်ထားပြီး မညှစ်မိလို့ လိုပါတယ်။ ကိုယ့်ဘာသာကိုယ် ဝက်ခြံညှစ်တာက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေပါတယ်။ အခန့်မသင့်ရင် ပိုးဝင်တာ၊ အမာရွတ်ကျန်တာတွေ ဖြစ်တတ်လို့ ဒီရက်လေးတွေမှာ ဝက်ခြံမညှစ်မိအောင် ကိုယ့်စိတ်ကိုယ် ထိန်းထားသင့်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement
    advertisement
    advertisement
    advertisement