backup og meta

ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ

    ဝက်ခြံ ထွက်လာပြီဆိုရင် လက်နဲ့ သွားသွားမထိဖို့၊ မလိုအပ်ဘဲ မညှစ်ဖို့ အရေပြားဆရာဝန်တွေက သတိပေးလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုမျိုး ညှစ်တာက ဝက်ခြံကို ပိုဆိုးစေပြီး လက်က ပိုးတွေ ဝင်သွားခဲ့ရင် ရောင်ရမ်းပြီး ပိုဆိုးစေလို့ပါ။ ဒါပေမယ့် ထူးထူးခြားခြား ဝက်ခြံမညှစ်ရမနေနိုင် တဲ့ လူတွေလည်း ရှိပါတယ်။ ဒါကြောင့် ဝက်ခြံက ပိုပိုဆိုးလာပါတယ်။ ဒီလိုဝက်ခြံ အမျိုးအစားကို Acne excoriee လို့ ခေါ်ပါတယ်။

    ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ

    ဟုတ်ပါတယ်။ ဒီဝက်ခြံက ပြောရမယ်ဆိုရင် Obsessive-Compulsive Disorder (OCD) လို့ခေါ်တဲ့ တစ်ခုခုကို မလုပ်ရ မနေနိုင်တဲ့ စိတ်ရောဂါကနေ  စဖြစ်လာတာပါ။ ပစ္စည်းတွေ မညီရင် အတင်းညီအောင် လိုက်ညှိချင်သလိုမျိုး ဝက်ခြံတွေ့ရင်လည်း ညှစ်လိုက်ရမှဆိုတဲ့ လူမျိုးတွေပါ။

    သာမန်လူတွေနဲ့ မတူတာက သာမန်လူတွေက ဝက်ခြံတိုင်းကို ညှစ်ချင်မှ ညှစ်မှာပါ။ အမာရွတ်ကျန်မယ်လေဆိုပြီး စိတ်ထိန်းလို့ ရပါသေးတယ်။ OCD သမားတွေကျတော့ သူတို့ဆီမှာ ဝက်ခြံရယ်လို့ မရှိဘဲ အမာရွတ်တွေပဲ ကျန်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝက်ခြံတွေ့တာနဲ့ ညှစ်လိုက်လို့ပါပဲ။ ဒါကြောင့် သူတို့မျက်နှာမှာ ဝက်ခြံ ညှစ်ထားတဲ့ ဒဏ်တွေ၊ ရောင်ရမ်းနေတာတွေကိုပဲ တွေ့ရမှာပါ။

    ဘယ်သူတွေမက ဝက်ခြံမညှစ်ရမနေနိုင် တာလဲ။

    ဘယ်သူမဆို ဖြစ်နိုင်ကြပါတယ်။ အချိုးကျကြည့်မယ်ဆိုရင် အမျိုးသမီးတွေက အမျိုးသားတွေထက် ၃ဆလောက် ပိုများတာကို တွေ့ရပါတယ်။ ၁၅-၄၅နှစ်ကြားမှာ တွေ့ရပြီး ၂၀ကျော်အရွယ်တွေမှာ အဖြစ်အများဆုံးပါ။

    ဒါ့ပြင် ဒီလိုမျိုး ကုတ်ဖဲ့တတ်တဲ့ အကျင့်က စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်မှုများတဲ့ ရောဂါတွေနဲ့လည်း ဆက်စပ်နေပါသေးတယ်။ အထူးသဖြင့် တစ်ချိန်လုံး မှန်ကြည့်နေပြီး မျက်နှာမှာ ဝက်ခြံထွက်တာနဲ့ စိတ်ဖိစီးလာတာမျိုးပါ။ စိတ်ကျန်းမာရေးပညာရှင်တွေက ဒါကို ပြစ်မျိုးမှဲ့မထင်ချင်တဲ့ စိတ်ရောဂါလို့ ပြောကြပါတယ်။

    သင့်မှာ ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါရှိနေပြီလား။

    အောက်ကအချက်တွေနဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။

    • ခဏခဏ အရေပြားကို ဆိတ်ဆွနေတာကြောင့် ပွန်းပဲ့နေတာ
    • ဒီလို ကုတ်ဖဲ့တာက မကောင်းမှန်းသိတာကြောင့် ဖြတ်ဖို့ ခဏခဏ ကြိုးစားဖူးတာ
    • ကုတ်ဖဲ့တာကြောင့် စိတ်ဖိစီးရတာ၊ မျက်နှာမှာ အမာရွတ်တွေ၊ ဒဏ်ရာဒဏ်ချက်တွေ ရှိတာကြောင့် ကိုယ့်ကိုယ်ကို သိမ်ငယ်လာတာ
    • ဝက်ခြံမြင်ရင် ညှစ်ချင်၊ ကုတ်ဖဲ့ချင်တာက တခြားအကြောင်းရင်းကြောင့် မဟုတ်တာ (ဥပမာ ဆေးသုံးထားလို့၊ ဝဲလို ယားနာရောဂါရှိလို့)
    • စိတ်ရောဂါကြောင့်လို့ ပြောပေမယ့် ဝက်ခြံမညှစ်ရမနေနိုင်တာက လွဲပြီး တခြားလက္ခဏာတွေ ရှိမနေတာ (ဥပမာ ထင်ယောင်မြင်မှား ဖြစ်တာမျိုး)

    ဝက်ခြံမညှစ်ရမနေနိုင် တဲ့ စိတ်ရောဂါ

    နောက်ပြီး OCD ကြောင့် ဖြစ်လာတဲ့ ဝက်ခြံတွေက သိသာပါတယ်။

    • အရွယ်မျိုးစုံ ဖြစ်မယ်။ ဝက်ခြံမြင်တာနဲ့ ညှစ်တာကြောင့် သေးတာရော၊ ကြီးတာရော ရှိတတ်ပါတယ်။
    • ပုံစံကလည်း မျိုးစုံပါပဲ။
    • လက်လှမ်းမီတဲ့ နေရာက ဝက်ခြံတွေမှာ အတွေ့ရများပါတယ်။ ညှစ်ဖို့၊ ကုတ်ဖဲ့ဖို့ လက်လှမ်းမီလို့ပါ။
    • အတွေ့ရအများဆုံးကတော့ မျက်နှာပါ။ ပြီးရင် ဦးရေပြား၊ ကျောဆိုရင်လည်း လက်လှမ်းမီတဲ့ အပေါ်ပိုင်း၊ လက်မောင်း စတာတွေမှာ တွေ့ရတတ်ပါတယ်။
    • ခဏခဏ ကုတ်ဖဲ့နေတာကြောင့် အနာတွေ၊ ရုပ်ဆိုးဆိုး အမာရွတ်တွေ၊ ဝက်ခြံချိုင့်ခွက်တွေ၊ အသားရောင် မညီဘဲ အမည်းစက်တွေ ထွက်လာတတ်ပါတယ်။

    ဝက်ခြံမညှစ်ရမနေနိုင်တဲ့ ပြဿနာကို ဘယ်လိုကုသနိုင်မလဲ။

    ကုသတဲ့ နေရာမှာ ဝက်ခြံကိုလည်း ကုသရမှာ ဖြစ်သလို မညှစ်ရမနေနိုင်တဲ့ စိတ်ပြဿနာကိုပါ ကုသရမှာ ဖြစ်ပါတယ်။  ဒါပေမယ့် ဒီပြဿနာရှိတဲ့ လူနာတွေက ရှက်လို့ ဒါမှမဟုတ် မသိလို့ ကုသမှု ခံယူဖို့ ဝန်လေးကြပါတယ်။

    သူတို့ကို စကုမယ်ဆိုရင် အရင်ဆုံး စိတ်ရောဂါအခံရှိနေလားဆိုတာကို ရှာဖွေရပါတယ်။ ဥပမာ OCD လိုမျိုး မလုပ်ရမနေနိုင်တာမျိုးပေါ့။ ဒါမှမဟုတ် စိတ်ကျရောဂါ ရှိနေတာလား။ စိုးရိမ်ပူပန်မှုတွေ များနေတာလား စသဖြင့် အကြောင်းရင်းပေါ် မူတည်ပြီး ကုသပေးရပါတယ်။

    နောက်တစ်ခုက ဝက်ခြံပြဿနာပါ။ အရင်က ဝက်ခြံကို ကုတ်ဖဲ့ထားတာကြောင့် အနာတွေ၊ အမာရွတ်တွေ ကျန်ခဲ့ရင် ကုသရပါမယ်။ တစ်ဆက်တည်းမှာပဲ နောက်ထပ် ဝက်ခြံမပေါက်အောင် ထိန်းရပါမယ်။ မဟုတ်ရင် စိတ်မနိုင်ဘဲ သွားသွားညှစ်မိနေပါလိမ့်မယ်။ ဝက်ခြံတွေကို လွယ်လွယ်ကူကူ သတိမထားမိအောင် acne patch ကပ်တာမျိုး၊ မှန်ခဏခဏ မကြည့်တာမျိုးတွေလည်း လုပ်နိုင်ပါတယ်။

    လတ်တလောမှာ စိတ်ဖိစီးပြီး စိုးရိမ်ပူပန်မှုများတာကြောင့်ဆိုရင်တော့ ကုသရလွယ်ပါတယ်။ ဒီလိုပဲ အကျင့်တစ်ခုလို ဖြစ်နေတာဆိုရင်တော့ အချိန်လိုပါတယ်။ ပြန်ပြီးလည်း ဖြစ်တတ်ပါတယ်။ ကုသပြီးရင်တောင် ဝက်ခြံတွေ့ရင် မသိလိုက်ဘဲ သွားပြီး ကုတ်ဖဲ့ချင်စိတ်လေး ရှိနေတတ်ပါသေးတယ်။ ဒါကြောင့် အကျင့်ကိုပါ ပြင်ပေးဖို့ လိုပါတယ်။

    အနှစ်ချုပ်

    Acne excoriee ဆိုတာ ဝက်ခြံမညှစ်ရ မနေနိုင်တဲ့ စိတ်ရောဂါကြောင့် ဖြစ်လာတဲ့ ဝက်ခြံတွေပါ။ ကုသတဲ့ နေရာမှာ ဝက်ခြံရော၊ စိတ်ရောဂါကိုပါ ကုသရမှာပါ။ လူနာအများစုက ရှက်ပြီး ကုသမှု ခံယူဖို့ ဝန်လေးတတ်ပါတယ်။ ဒီဝက်ခြံပြဿနာက သေချာအချိန်ပေးပြီး ကုတ်ဖဲ့တတ်တဲ့ အကျင့်ကိုပါ ကုသရမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement