backup og meta

ဝက်ခြံ ဖြစ်လွယ်သူတွေ Mask တပ်ကြတဲ့အခါ


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံ ဖြစ်လွယ်သူတွေ Mask တပ်ကြတဲ့အခါ

    Covid-19 ရောဂါ အန္တရာယ် ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ဖို့ လူတိုင်း Mask တပ်ကြဖို့ အရေးကြီးပါတယ်။ ဒီလိုအခြေအနေမှာ အစာစားချိန်၊ ရေသောက်ချိန်ကလွဲလို့ Mask ကို မချွတ်တမ်း တပ်ထားဖို့ လိုအပ်လာပါတယ်။

    ဝက်ခြံ ပိုင်ရှင်တို့အတွက် ပြဿနာက အဲဒီမှာ စတော့တာပါပဲ။ နဂိုကမှ မျက်နှာပေါ် ဆံပင်လေးတစ်မျှင်ကျတာတောင် ဝက်ခြံထပေါက်ရတဲ့အထဲ ချွေးတလုံးလုံးနဲ့ အလုံပိတ် Mask ကို တစ်နေကုန် တပ်ထားရမယ်တဲ့လား။

    ဝက်ခြံ ပိုများမလာအောင် ဘာတွေ သတိထားရမလဲ

    Mask တပ်တိုင်း ဝက်ခြံ မဖြစ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဘက်က ဂရုစိုက်ပေးရတာလေးတွေတော့ ရှိတာပေါ့။ အရေးကြီးတဲ့ အချက်လေးတွေ အကြံပေးလိုက်မယ်နော် –

    (၁) သုံးပြီးသား Mask ကို အခါခါ ပြန်မသုံးပါနဲ့။

    တစ်ခါသုံး Mask ပဲ ဖြစ်ဖြစ်၊ အဝတ် Mask ပဲ ဖြစ်ဖြစ် ဒီတစ်ခုတည်း ကိုပဲ ကြာကြာ သုံးလို့ မရပါဘူး။ Mask တစ်ခုကို အများဆုံး ၈ နာရီပဲ အသုံးပြုသင့်ပါတယ်။ ချွေးတွေနဲ့ Mask ကို ခဏ ချိတ်ထားလိုက်ပြီး လိုမှ ပြန်တပ်သွားတာမျိုးက ဝက်ခြံထက် ရောဂါအန္တရာယ် ကို ပိုစိတ်ပူရပါတယ်။

    အဝတ် Mask ဆိုရင်တောင် လျှော်ပြီးသား တစ်ခုနဲ့ မကြာခဏ အသစ် လဲသုံးပါ။ ဘယ် Mask  မဆို ချွေးတွေ သိပ်ရွှဲလာတာနဲ့ အသစ်တစ်ခု လဲပါ။

    (၂) Mask ကို မေးစေ့မှာ ဆွဲချမထားပါနဲ့။

    မေးစေ့အောက် အရေပြားမှာ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက ချွေးနဲ့အတူ ကပ်ငြိနေတတ်ပါတယ်။ ဒီလိုနေရာကိုမှ Mask ကို ဆွဲချကပ်ထားပြီး မျက်နှာမှာ ပြန်ဖုံးအုပ်တဲ့အခါ ဝက်ခြံတွေက ပျော်မြူးလို့တောင် နေပါလိမ့်ဦးမယ်။

    မေးစေ့အောက် အရေပြားမှာ ရောဂါပိုးက ကပ်တွယ်နေခဲ့ရင် Mask ပြန်ဆွဲတင်တဲ့အခါ ပိုးတွေကို ရှူသွင်းသလို ဖြစ်စေနိုင်ပါတယ်။ ဒီအချက်က သတိထားသင့်တဲ့ အရေးကြီးအချက်ပါ။

    (၃) Mask ကို ချွတ်ပြီး တွေ့ကရာမချပါနဲ့။

    အထူးသဖြင့် အစာစားတဲ့အချိန်၊ အသက်ရှူမဝလို့ ခဏချွတ်တဲ့အချိန် မှာပေါ့။ အသာလေးချွတ်ပြီး တစ်နေရာချထားလိုက်တယ်၊ ပြီးရင် ပြန်ကောက်တပ်တယ်။

    ရောက်လေရာမှာ Mask ကို ချွတ်ပြီး ဘေးချထားတတ်တာ၊ လက်ထဲမှာ ဆုပ်ကိုင်ထားတတ်တာလည်း ဝက်ခြံ ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုပါပဲ။ ချလိုက်တဲ့နေရာက သို့မဟုတ် ကိုယ့်ရဲ့လက်က ရှိသမျှ ပိုးမွှားတွေ Mask မှာ အကုန်ကပ်ပါသွားပါရောလား။

    ဒီလိုမဖြစ်ရအောင်၊ ရောဂါပိုးလည်း ကာကွယ်နိုင်အောင် ခဏချွတ်မယ်ဆို Mask ကို အတွင်းဘက်ခေါက်ချိုးပြီး ဘူးလေး၊ အိတ်လေးနဲ့ သို့မဟုတ် တစ်ရှူးနဲ့ ပတ်ပြီး ချထားပါ။

    (၄) Mask မတပ်ခင် မျက်နှာကို သန့်စင်အောင်ထားပါ။

    Mask မတပ်ခင် မျက်နှာကို သန့်စင်အောင် အရင်လုပ်ပါ။ အစတည်းက မသန့်စင်ထားတဲ့ မျက်နှာ အသားအရေ မှာ Mask တပ်ပြီး လှောင်ပိတ်ထားတဲ့အခါ ပိုးမွေးသလို ဖြစ်စေနိုင်လို့ပါပဲ။

    (၅) မျက်နှာမှာ အလှကုန်တွေ သိပ်မတင်ပါနဲ့။

    မျက်နှာမှာ မိတ်ကပ်တွေ၊ ပေါင်ဒါတွေလို လိမ်းကျံရတဲ့ အလှကုန် အဆင့်ဆင့်ကြောင့် ချွေးပေါက် ပိတ်ဆို့ပြီး Mask အောက်မှာ ဘက်တီးရီးယားတွေ ပိုဖြစ်စေနိုင်ပါတယ်။ မျက်နှာ အသားအရေ ယားယံတာ၊ ဝက်ခြံထွက်တာတွေ ပိုဆိုးစေနိုင်ပါတယ်။

    ရှင်းရှင်းပြောရရင် အမြဲတပ်ထားရမယ့် Mask အောက်မှာ အလှပြင်ထားလို့ သိပ်တော့မထူးလှဘူးလေ။ ဝက်ခြံသာ အမြတ်ထွက် ကျန်ရစ်ခဲ့မယ်ဆို အလှကုန်စရိတ်သာ ဆုံးရမှာပေါ့။

    (၆) Moisturizer သုံးပါ။

    ဝက်ခြံ ကာကွယ်၊ ကုသနိုင်တဲ့ Moisturizer (အစိုဓာတ်ထိန်းခရင်မ်)တွေကို မဖြစ်မနေ သုံးပေးပါ။ မျက်နှာ အသားအရေ မှာ အစိုဓာတ် ထိန်းနိုင်ဖို့ Moisturizer သုံးတာက အသားအရေထိန်းသိမ်းမှု မှာ မပါမဖြစ် အဆင့်တစ်ခု ဖြစ်ပါတယ်။

    (၇) Mask ချွတ်တာနဲ့ မျက်နှာသန့်စင်၊ ဆဲလ်သေ ဖယ်ရှားပါ။

    လေဝင်လေထွက် မကောင်းတဲ့ အနေအထားနဲ့ တစ်နေကုန် နေခဲ့ရတဲ့ မျက်နှာ အသားအရေမှာ အဆီ၊ ဆဲလ်သေတွေနဲ့ တခြား အညစ်အကြေးတွေ ကပ်ငြိနေမှာပါပဲ။ ဒါ့ကြောင့် အိမ်ပြန်ရောက်တာ နဲ့ ခန္ဓာကိုယ် သန့်စင်ပြီး မျက်နှာ ကိုပါ သေချာ သန့်စင်ပါ။

    ပြီးရင်တော့ Toner နဲ့ Moisturizer ပြန်သုံးပေးပါ။ လိုအပ်ရင် ညဘက် မျက်နှာ ပေါင်းတင်ပါ၊ Sheet Mask ကပ်ပြီး အားဖြည့်ပေးနိုင်ပါတယ်။

    ဒီလောက်ဆို ဝက်ခြံဖြစ်လွယ်သူတွေ Mask တပ်တဲ့အခါ သိသင့်တဲ့ ဆောင်ရန် ရှောင်ရန်လေးတွေ လုံလောက်ပြီထင်ပါတယ်နော်။ ကျန်းမာရေးကို ဂရုစိုက်ပါ၊ အသားအရေကိုလည်း စောင့်ရှောက်ပါလို့ သတိပေးလိုက်ပါရစေ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement