- အန္တရာယ်ကင်းပြီး စိတ်ချရတဲ့ ကွန်ဒုံးတစ်ခု ဘယ်လိုရွေးချယ်မလဲ။
အမျိုးသားတိုင်း ကွန်ဒုံးဝယ်တော့မယ်ဆိုရင် အောက်မှာပြထားတဲ့အချက်တွေအတိုင်း သေချာစစ်ကြည့်ဖို့ အရေးကြီးပါတယ်။
၁။ ကွန်ဒုံးရဲ့ ကုန်ဆုံးမယ့်သက်တမ်းကို စစ်ကြည့်ပါ။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေ၊ ကုန်ဆုံးသက်တမ်း မပါဝင်တဲ့ ပစ္စည်းတွေကို လုံးဝ မဝယ်ပါနဲ့။
၂။ ကွန်ဒုံးဖောက်ပြီးသွားတဲ့အခါ လက်နဲ့ စမ်းကြည့်ပါ။ ကြွပ်ဆတ်ဆတ် ဖြစ်နေတာ၊ စေးကပ်နေတာ၊ အရောင်ပြောင်းနေတာ၊ အနံ့ထွက်နေတာ အစရှိတဲ့ ပုံမှန်မဟုတ် လက္ခဏာတွေ တွေ့ရရင် မသုံးပါနဲ့။
၃။ ကွန်ဒုံးကို အသုံးမပြုခင်မှာ ပေါက်နေတာ၊ ပြဲနေတာမျိုး ရှိ၊ မရှိ သေချာစစ်ကြည့်ပါ။ အထူးသဖြင့် အပြင်ဘက်က ပိတ်ထားတဲ့ ပါကင်မှာ ပြဲနေတာမျိုး တွေ့ရင် ဆက်မသုံးပါနဲ့တော့။
၄။ လိင်တံနဲ့ ကွန်ဒုံးအရွယ်အစား ထပ်တူကျဖို့ လိုပါတယ်။ ကြီးနေရင်လည်း ဆက်ဆံနေရင်း ကျွတ်ဖို့ လွယ်နိုင်သလို သေးလွန်းရင်လည်း စွပ်ဖို့ အဆင်မပြေတာ၊ ပေါက်ပြဲသွားတာမျိုး ဖြစ်နိုင်ပါတယ်။
၅။ ပူလွန်းတဲ့ နေရာတွေမှာ ကွန်ဒုံးကို မထားပါနဲ့။ အပြင်သွားစရာ မရှိဘူးဆိုရင် ကွန်ဒုံးကို အခန်းအပူချိန်မှာပဲ ထားထားပါ။ ဘောင်းဘီအိတ်၊ ပိုက်ဆံအိတ်ထဲ အကြာကြီးထည့်ထားရင် ပူလွန်းတဲ့အတွက် ပြဲသွားနိုင်ပါတယ်။
- အမျိုးသားသုံး ကွန်ဒုံးကို ဘယ်လိုမှန်ကန်စွာ အသုံးပြုမလဲ။
အမျိုးသားတွေ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ရောက်နေစဉ် သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်တွေ မိန်းမကိုယ်တွင်း မဝင်သွားစေဖို့၊ အပြင်ကို ထွက်မလာစေဖို့ အထိန်းအစွပ်အနေနဲ့ အသုံးပြုရတာ ဖြစ်ပါတယ်။ ဒီကွန်ဒုံးကို မိန်းမကိုယ်၊ စအိုအတွင်း ထိုးသွင်းဆက်ဆံခြင်းသာမက ပါးစပ်ဖြင့် လိင်ဆက်ဆံတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။
ကွန်ဒုံးကို ဘယ်လိုအသုံးပြုရမလဲဆိုရင်
၁။ ကွန်ဒုံးထည့်ထားတဲ့ အထုပ်ကို သတိထားပြီး ဖွင့်ပါ။ သွားနဲ့ ကိုက်ဖွင့်လိုက်တာ၊ ကပ်ကြေးနဲ့ ညှပ်တာမျိုးမလုပ်ပါနဲ့။ အခန့်မသင့်ရင် ကွန်ဒုံးပါ ပေါက်ပြီးပြဲသွားနိုင်ပါတယ်။
၂။ ကွန်ဒုံးကို မစွပ်ခင်မှာ ပေါက်ပြဲနေတာ၊ ထိခိုက်မှု တစ်စုံတစ်ရာ ရှိ၊ မရှိ အရင်စစ်ဆေးပါ။
၃။ ကွန်ဒုံးရဲ့ ဖုဖောင်းနေတဲ့ ထိပ်ကလေးကို လက်မနဲ့ လက်ညှိုးဖြင့် ဖိထားပါ။
၄။ ထောင်မတ်နေတဲ့ လိင်တံထိပ်ကနေ ကွန်ဒုံးအနားသားတွေကို အောက်ကို ဖြည်းဖြည်းချင်း ဆွဲချပါ။ ဆွဲလို့ အဆင်မပြေတာ၊ အရမ်းကျပ်နေတာ၊ ဆွဲနေရင်းနဲ့ ပြဲသွားတာဆိုရင် လွှင့်ပစ်ပြီး အသစ်တစ်ခု ယူသုံးပါ။
၅။ ထိခိုက်ပွန်းပဲ့မှု နည်းစေဖို့နဲ့ ထိုးသွင်းဆက်ဆံတာ ပိုလွယ်သွားအောင် ရေအခြေပြု (Water-based) ချောဆီနည်းနည်းကို ကွန်ဒုံးအပြင်ဘက်ကို သုတ်လိမ်းထားပါ။
၆။ သုက်လွှတ်ပြီးသွားချိန် လိင်တံမပျော့သွားခင် အမြန်ဆွဲထုတ်ပြီး ကွန်ဒုံးကို လွှင့်ပစ်ပါ။ လိင်တံပျော့သွားတဲ့အခါ စွပ်ထားတဲ့ ကွန်ဒုံးက ချောင်ပြီး အပြင်ကို ကျွတ်ထွက်သွားနိုင်သလို သုက်ရည်တွေပါ စိမ့်သွားနိုင်တာကြောင့်ပါ။
၇။ ကွန်ဒုံးကို ဆွဲချွတ်တဲ့အခါ ထိပ်နားကို လက်နဲ့ထိန်းပြီး ကျန်လက်တစ်ဖက်ဖြင့် ဖြည်းဖြည်းချင်း ဆွဲချွတ်ပေးရပါမယ်။
၈။ ပြီးတာနဲ့ သုက်ရည်တွေကို အပြင်ဘက် မဖိတ်ကျအောင် သေချာဂရုစိုက်ပြီး အမှိုက်ပုံးထဲ ကွန်ဒုံးကို ပစ်လိုက်ရုံပါပဲ။
လိင်ဆက်ဆံနေစဉ် ကွန်ဒုံးပေါက်ပြဲသွားတယ်လို့ သံသယရှိရင် အမြန်ဆုံးဆွဲချွတ်ပြီး အသစ်တစ်ခု ပြန်တပ်ပါ။ ပြဲနေတဲ့ကွန်ဒုံးကို ဆက်ပြီး သုံးနေတာမျိုးတော့ မလုပ်သင့်ပါဘူး။ ဒီနည်းလမ်းတွေအတိုင်း ကွန်ဒုံးတွေကို မှန်ကန်စွာ အသုံးပြုမယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ကိုယ်ဝန်အပြင် လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေကို ထိရောက်စွာ တားဆီးပေးနိုင်မှာပါ။ ပွဲမဝင်ခင် အပြင်က ကျင်းပဆိုသလို တကယ့်အရေးအကြောင်းရယ်မှ ကွန်ဒုံးနဲ့ ပတ်သက်ပြီး အခက်အခဲတစ်စုံတစ်ရာ မဖြစ်ရလေအောင် ဒီနည်းလမ်းတွေနဲ့ ကြိုတင်လေ့ကျင့်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။