backup og meta

ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာကို ချစ်ရသူထံ ဘယ်လိုဖွင့်ပြောမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုတာကို ချစ်ရသူထံ ဘယ်လိုဖွင့်ပြောမလဲ

    HIV ပိုးရှိမှန်း သိလိုက်ရတဲ့အချိန်ဆိုတာ ကာယကံရှင်အတွက် သိပ်ကို စိတ်တုန်လှုပ်ခြောက်ခြားစရာပါပဲ။ ဒါ့ထက်ပိုဆိုးတာကတော့ ကိုယ်ချစ်ရတဲ့သူတွေကို ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေအကြောင်း ဖွင့်ပြောတဲ့အခါ သူတို့တွေ ဘယ်လိုတုံ့ပြန်မလဲဆိုပြီး တွေးမိတဲ့အချိန်ပေါ့။ ဘယ်လောက်ပဲ စိတ်ဓါတ်ကြံ့ခိုင်ေနတဲ့ သူတစ်ယောက် ဖြစ်နေပါစေ ဒီလိုအခြေအနေမျိုးမှာ ဒွိဟဖြစ်စရာတွေ၊ စိတ်ညစ်စရာ၊ ရင်ထဲပူနေရမှာတွေ တော်တော်များမှာပါ။ ဒါပေမယ့်လည်း ဒီကိစ္စဆိုတာ မပြောဘဲ နေလို့ရတဲ့ အရာ မဟုတ်ပါဘူး။

    ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူတွေမှာ သိပိုင်ခွင့်ရှိလဲ။

    အထူးသဖြင့် အတူနေနေတဲ့ မိသားစုဝင်ေတွ၊ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကို မဖြစ်မနေ ဖွင့်ပြောပြဖို့ လိုအပ်ပါတယ်။ ဒီအကြောင်းကို သိထားမှ သူတို့အနေနဲ့ ကိုယ့်ကို စိတ်ပိုင်းဆိုင်ရာ အားပေးကူညီမှုတွေ လုပ်ပေးနိုင်သလို ရောဂါပိုးမပျံ့နှံ့စေဖို့ ကာကွယ်ရမယ့် နေပုံထိုင်ပုံတွေကို သေချာလေ့လာထားလို့ ရမှာပေါ့။

    နောက်တစ်ချက်အနေနဲ့ကတော့ ကိုယ်သဘောကျပြီး မတွဲဖြစ်သေးတဲ့သူ၊ ဘဝလက်တွဲဖော်အဖြစ် ရည်ရွယ်ထားတဲ့သူကို ပြောပြရမှာပါ။ ဒါဟာ ကိုယ့်ရဲ့ အခြေအနေကို အသိပေးတာလည်း ဟုတ်သလို သူ့အတွက် ရွေးချယ်ပိုင်ခွင့်ကို ပေးလိုက်တာပါပဲ။

    မပြောခင်မှာ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ။

    အထူးသဖြင့် ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အဆင်သင့်ပြင်ထားရမှာပါ။ ကိုယ့်ရဲ့ အခြေအနေကို နားလည်လက်ခံပေးနိုင်တာလည်း ဖြစ်နိုင်သလို ခါးခါးသီးသီး ငြင်းပြီး ကိုယ့်ဘဝထဲက ထွက်သွားဖို့ ကြိုးစားသူတွေလည်း ရှိမှာပါ။ ဒါကို ကိုယ်က နားလည်လက်ခံထားဖို့ အရေးကြီးပါတယ်။

    ထပ်ပြီးတော့ ကိုယ်တိုင်ကလည်း ကိုယ့်ရဲ့ အခြေအနေကို နားလည်သဘောပေါက်ထားရပါမယ်။ HIV ကို လက်ရှိမှာ ကုသပျောက်ကင်းနိုင်တဲ့ ဆေးဝါးတွေ မထွက်ပေါ်လာသေးပေမဲ့ ရောဂါပိုးကို ထိရောက်စွာ ထိန်းထားနိုင်တဲ့ ART ဆေးတွေ ရှိပါတယ်။ ဒီဆေးတွေကိုသာ နေ့စဉ် အချိန်မှန် မပျက်မကွက်သောက်မယ်ဆိုရင် သာမန်လူတစ်ယောက်လိုပဲ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေသွားနိုင်မှာပါ။

    ဘယ်လိုပုံစံနဲ့ ဖွင့်ဟဝန်ခံကြမလဲ။

    ၁။ အရင်ဆုံး ကိုယ့်ရဲ့ စိတ်ကိုတည်ငြိမ်သွားတဲ့အထိ စောင့်ပါ။ ဒီသတင်းကို စသိတဲ့အချိန်မှာ ကိုယ့်ရဲ့ စိတ်ထဲမှာ စိုးရိမ်မှု၊ ပူလောင်မှု၊ သောကဝေဒနာတွေ ဖြစ်တယ်ဆိုတာ သဘာဝပါပဲ။ ဒီတော့ အချိန်အတိုင်းအတာတစ်ခု ပြီးသွားလို့ ကိုယ့်စိတ်က တည်ငြိမ်သွားပြီဆိုမှ စပြောရပါမယ်။

    ၂။ ကိုယ့်ရဲ့ အခြေအနေဖွင့်ပြောတဲ့အခါမှာ သူတို့မေးမယ့် မေးခွန်းတွေအတွက် စိတ်ထဲမှာ ကြိုတင်ပြင်ဆင်ထားပါ။ အရှင်းဆုံးနဲ့ နားလည်ဖို့ အလွယ်ကူဆုံး အဖြေတွေကိုပဲ ပေးပါ။

    ၃။ သူတို့ကို HIV ရှိနေကြောင်း ပြောဖို့ ကိုယ်တိုင်က ဒီရောဂါပိုးအကြောင်း သေသေချာချာ ဂဃဏနသိထားမှ သူတို့တွေ နားလည်အောင် ရှင်းပြနိုင်မှာဖြစ်ပါတယ်။

    ၄။ ကိုယ့်ရဲ့ ဖြစ်တည်မှုကို လက်ခံဖို့၊ နားလည်ပေးဖို့ ဖွင့်ပြောပြနေချိန်မှာ ကိုယ့်ကိုယ်ကိုယ်လည်း နားလည်ခွင့်လွှတ်ဖို့၊ တန်ဖိုးထားဖို့၊ စိတ်ဓါတ်ကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။

    အချစ်ရေးအသစ်စဖို့ မျှော်လင့်ထားသူကို ဖွင့်ပြောတဲ့အခါမှာ ပိုပြီးတောင် စိတ်လှုပ်ရှားပူပန်ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကို နားလည်ပေးနိုင်မလား၊ လက်မခံဘဲ ထားသွားမလားဆိုတာ သေချာမသိနိုင်တဲ့ သူတွေ ဖြစ်နေတာကြောင့်ပါပဲ။ ဒီတော့ သူတို့ကို ပထမဆုံးအကြိမ်တွေ့ပြီးတာနဲ့ နောက်တစ်ကြိမ်ချိန်းတွေ့တဲ့အခါမှာ ဖွင့်ပြောပြရပါမယ်။

    ၁။ ဖွင့်ပြောတဲ့အခါမှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေ၊ ရောဂါရဲ့ ကူးစက်ပျံ့နှံ့ပုံ၊ တားဆီးနိုင်ပုံ အစရှိတာတွေကို အရင်ဆုံး ပြောပြပါ။

    ၂။ စိတ်ကို အေးအေးထားပြီး ကိုယ်ပြောရမယ့် အကြောင်းအရာကို ဖြည်းဖြည်းချင်းစီ နားထဲဝင်အောင် ပြောပါ။

    ၃။ ကိုယ့်မှာ ရောဂါပိုးရှိတာမှန်တယ်၊ ဒါပေမယ့် လက်ရှိအချိန်မှာ နေထိုင်စားသောက်မှုပုံစံကို ပြောင်းလဲနေတယ်၊ ဆေးကို မှန်မှန်သောက်တယ်၊ ကျန်းမာရေးကို ဂရုစိုက်တယ်၊ ချစ်ရတဲ့သူဆီကိုလည်း မကူးစက်စေဖို့ ဘယ်လိုကာကွယ်လို့ရမလဲဆိုတာတွေကိုလည်း သိထားတဲ့အကြောင်း ပြောပြပါ။

    ၄။ သူတို့ကို သေချာစဉ်းစားဖို့ အချိန်ပေးပါ။ မလောလိုက်ပါနဲ့။ သူတို့အနေနဲ့လည်း ကိုယ့်ရဲ့ အခြေအနေ၊ ကိုယ့်အပေါ်မှာ မေတ္တာဘယ်လောက်ရှိလဲ၊ ဘဝတစ်ခုကို အတူတည်ဆောက်ဖို့ အသင့်တော်ဆုံး လူတစ်ယောက်လား၊ သူတို့ကိုရော ကူးစက်နိုင်မလားဆိုပြီး တွေးပူနေရတာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ အချိန်ပေးလိုက်ပါ။

    ဒီအကြောင်းအရာကို ဖွင့်ဟဝန်ခံခြင်းဖြင့် ကိုယ်ချစ်ရတဲ့သူတွေနဲ့ ပိုပြီး နီးကပ်စေနိုင်သလို ဝေးကွာသွားတဲ့ အခြေအနေလည်း ဖြစ်နိုင်ပါတယ်။ ဒါကို နားလည်လက်ခံထားပြီး ကိုယ့်ဘဝအတွက် မရှိမဖြစ် အရေးပါတဲ့သူတွေကို ကိုယ့်ရဲ့ အကြောင်းကို သေချာနားလည်အောင် ပြောပြပေးမှ သူတို့အနေနဲ့လည်း ဘယ်လိုဆုံးဖြတ်လို့ ရမလဲဆိုတာကို ပြန်ပြီး စဉ်းစားကြည့်နိုင်မှာပါ။ အကယ်လို့ ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ရင်လည်း မမုန်းလိုက်ပါနဲ့။ ဒါဟာ သူတို့ဘဝ၊ သူတို့ရွေးချယ်မှု၊ သူတို့ရဲ့ အနာဂတ်ကို သူတို့ကိုယ်တိုင် ပုံဖော်တာပါပဲ။ ကိုယ့်အခြေအနေကို ဖုံးကွယ်ထားတာထက်ဆိုရင် ပွင့်ပွင့်လင်းလင်း ပြောပြထားတာ အကောင်းဆုံးပါပဲ။

    HIV ပိုးရှိပြီဆိုတာနဲ့ သေရမယ့်အချိန်ကို လက်ချိုးပြီး စောင့်နေရတဲ့ ခေတ်ဆိုတာ ကုန်လွန်သွားခဲ့ပါပြီ။ ဆေးကို မှန်မှန်သောက်မယ်။ ဆရာဝန်တွေ ပြောထားတဲ့အတိုင်း နေထိုင်စားသောက်မှု ပုံစံကို ပြုပြင်မယ်။ လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်။ သွေးကို ၃လ တစ်ကြိမ်စစ်ပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို မျက်ခြေမပြတ် စောင့်ကြည့်လေ့လာနေမယ်ဆိုရင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement