သန္ဓေတား ကပ်ခွာကို ဘယ်လိုသုံးရမလဲ ။ ။
၁ လကို ကပ်ခွာ ၃ ခု သုံးပေးရမှာဖြစ်ပါတယ်။ သုံးရမယ့် ပုံကတော့ ကပ်ခွာကို ၇ရက်တိတိကပ်ပြီး ၁ပတ်ပြည့်တဲ့ ၈ရက်မြောက်နေ့မှာ ကပ်ခွာအသစ်တစ်ခု လဲရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကပ်ခွာကို ၁ပတ် တစ်ခုနှုန်းနဲ့ ၃ ပတ်ဆက်တိုက် သုံးပေးရမှာ ဖြစ်ပြီး နောက်ဆုံး ၄ပတ်မြောက်မှာတော့ ကပ်ခွာကို ၁ပတ် မသုံးဘဲနေရပါမယ်။ ဒီလို ကပ်ခွာ မသုံးတဲ့ အပတ်မှာ ရာသီသွေးပေါ်တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ရာသီသွေးပေါ်ခဲ့မယ်ဆိုရင် ရာသီသွေး မပြီးသေးပေမယ့် နောက်လ ကပ်ခွာကပ်ရမယ့် အချိန်ပြန်ရောက်တာနဲ့ ရာသီပြီးတာကို မစောင့်ဘဲ ကပ်ခွာကို ကပ်ပေးရမှာဖြစ်ပါတယ်။
ဒီလိုနဲ့ ကိုယ်ဝန်မယူချင်သေးသရွေ့ နောက်လနောက်လတွေမှာလည်း အပေါ်မှာ ပြောသလိုပုံစံမျိုးနဲ့ပဲ ၁ပတ် တစ်ခုနှုန်းနဲ့ ကပ်ခွာ ၃ပတ်ဆက်တိုက် ကပ်ပေးသင့်ပြီး နောက်ဆုံးပတ်မှာတော့ ကပ်ခွာ ကပ်စရာမလိုပေ။ ။
ဘယ်နေ့မှာ စသုံးရမလဲ ။ ။
ကပ်ခွာကို ရာသီသွေးစပေါ်တဲ့ ပထမနေ့ ( ဒါမှမဟုတ်) ရာသီသွေးပေါ်နေစဉ် ၅ရက်မြောက်နေ့အထိ ကြိုက်တဲ့တစ်ရက်ရက်မှာ စကပ်ပေးရင် ကိုယ်ဝန်ကိုတန်းပြီး ကာကွယ်ပေးမှာဖြစ်ပါတယ်။
ရာသီလာနေစဉ် မဟုတ်ဘဲ အခြားရက်မှာ ကပ်ခွာကို စသုံးမယ်ဆိုရင်တော့ ကပ်ခွာကပ်တဲ့ ပထမ စစချင်း ၇ရက်မှာ အတူနေတိုင်း ကွန်ဒုံးကို သုံးပေးသင့်ပါတယ်။ ဒုတိယပတ်စရင်တော့ ကပ်ခွာ အာနိသင်စပြပြီဖြစ်တာကြောင့် အတူနေရင် အကာအကွယ် သုံးစရာ မလိုတော့ပါဘူး။ ပိုပြီး အသေးစိပ်တဲ့ အချက်အလက်တွေ အတွက်ကတော့ သင့်ရဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်စေချင်ပါတယ်။ ။
ကပ်ခွာကို ဘယ်နေရာတွေမှာ ကပ်ပေးရတာလဲ ။ ။
ကပ်ခွာ ကပ်မည့် အရေပြားက သန့်နေသင့်ပြီး စိုစွတ်နေတာမျိုး အမွေးအမျှင်တွေ များတဲ့ နေရာမျိုးတွေက လွဲလို့ ကိုယ်ခန္ဓာက ကြိုက်တဲ့နေရာမှာ ကပ်လို့ရပါတယ်။ လုံးဝ မကပ်သင့်တဲ့နေရာတွေကတော့
- အနာရှိပြီး အရေပြားတွေ ပေါက်ပြဲနေတဲ့ နေရာမျိုး နဲ့
- ရင်သားတို့မှာ မကပ်သင့်ပါဘူး။
- ကပ်ခွာကို ကွာအောင်လုပ်နိုင်တဲ့ အဝတ်ကျပ်ကျပ်တွေ ဝတ်ဆင်ထားတဲ့နေရာမှာလည်း ကပ်ခွာကို မကပ်သင့်ပါဘူး။
ဒါတွေကတော့ ခုနောက်ပိုင်း သုံးရလည်း လွယ်ကူတဲ့၊ သုံးလို့လည်း အဆင်ပြေပြီး ပြောထားတဲ့ နည်းတွေ အတိုင်း မှန်မှန်ကန်ကန်သား သုံးရင် ကိုယ်ဝန် ရရှိမှုကို ၉၉ ရာခိုင်နှုန်း အထိ ထိရောက်စွာ ကာကွယ်ပေးတဲ့ သန္ဓေတား ကပ်ခွာ အကြောင်းပဲ ဖြစ်ပါတယ်။ ။
ရေးသားသူ – Dr. Thin Yadanar
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။