ပန်းနာရင်ကျပ်ရှိတဲ့သူတွေဟာ အမှုန်အမွှားလေးတွေကအစ ပန်းနာပိုဆိုးစေနိုင်မယ့်အရာတွေကိုရှောင်ဖို့ ဂရုစိုက်ရပါတယ်။ အစားအေသောက်၊ အနေအထိုင်လည်း အမှားမခံသလို အချိန်အခါမရွေး၊နေရာမရွေးမှာ ပန်းနာရင်ကျပ်ထလာနိုင်ပါတယ်။ ဒီလိုထိခိုက်လွယ်တဲ့ရောဂါပိုင်ရှင်တွေအတွက်ရှောင်သင့်၊ဆောင်သင့်တဲ့ အစားအစာတွေအကြောင်း ဒီမှာ အကြံပြုပေးလိုက်ပါတယ်နော်။
ဆောင်သင့်တဲ့အချက်
အသီးနဲ့ ဟင်းသီးဟင်းရွက်
ပန်းနာသမားအတွက် အသက်ရှူလမ်းကြောင်းပြဿနာကိုသက်သာစေမယ့် သီးသန့်အစားအစာတွေ မရှိပါဘူး။ ဒါပေမယ့် အစားအစာတချို့မှာတော့ အကျိုးကျေးဇူးတွေရှိပါတယ်။ ဥပမာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေပေါ့။ သူတို့မှာ ဘီတာကယ်ရိုတင်းလို ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ဗီတာမင် အီး၊ ဗီတာမင် စီ တို့ပါဝင်နိုင်တယ်။ ဒီဓါတ်တွေက ဆဲလ်တွေကိုပျက်စီးစေပြီး အဆုတ်ကိုရောင်ရမ်းစေနိုင်၊ ထိုးဆွနိုင်တဲ့free radicalsတွေကို တားဆီးနိုင်ပါတယ်။
ဗီတာမင် ဒီ
ဗီတာမင်ဒီကိုနေရောင်ခြည်ကနေ အများစုရရှိနိုင်ပေမယ့် အစားအစာထဲမှာလည်း ရှိပါတယ်။ အကောင်းဆုံးက ဆယ်လ်မွန်ငါးနဲ့ ဓါးရှည်နှုတ်သီးငါးတို့ဖြစ်ပြီး နွားနို့၊ ကြက်ဥတို့ကနေ အနည်းငယ်ရရှိနိုင်တယ်။ ဗီတာမင် ဒီက ကိုယ်ခံအားစနစ်ရဲ့တုံု့ပြန်နိုင်စွမ်းကို အားကောင်းစေပြီး အသက်ရှူလမ်းကြောင်းရောင်ရမ်းမှုကိုလျော့စေနိုင်တယ်။ ဗီတာမင် ဒီ ချို့တဲ့ရင် ပန်းနာရင်ကျပ်ရောဂါထဖို့ ပိုလွယ်စေပါတယ်။
အစေ့အဆန်
ပန်းနာရင်ကျပ်အတွက်ကောင်းကျိုးပေးနိုင်တဲ့နောက်ထပ်ဓါတ်တစ်မျိုးကတော့ ဗီတာမင် အီးဖြစ်ပါတယ်။ ဗာဒံစေ့၊ သစ်ကြားသီးနဲ့ အစေ့အဆန်တွေက ဗီတာမင် အီး ကြွယ်ဝတဲ့အရင်းအမြစ်တွေဖြစ်သလို ပန်းဂေါ်ဖီစိမ်းနဲ့ ကိုက်လန်တို့လို အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေကနေလည်း ရရှိနိုင်ပါတယ်။ ဗီတာမင် အီးမှာ ပန်းနာရင်ကျပ်ကြောင့်ချောင်းဆိုးတာ၊ တရွှီရွှီဖြစ်တာတွေကို သက်သာစေနိုင်တဲ့tocopherol ဆိုတာ ပါဝင်ပါတယ်။
ငါး
အကျိုးပြုအဆီဓါတ်omega-3 fatty acidsကြောင့်ပါပဲ။ ဒီအဆီဓါတ်ပါဝင်တဲ့ ဆယ်လ်မွန်၊ တူနာ၊ ဆာဒင်း တို့လို ငါးတွေကို စားသုံးသင့်ပါတယ်။ သူတို့က ပန်းနာရင်ကျပ်သမားတွေမှာ အသက်ရှူလမ်းကြောင်းပြဿနာဖြစ်စေတဲ့ ပဋိပစ္စည်းIgE ထုတ်လုပ်မှုပမာဏကိုလျော့နည်းစေပါတယ်။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီး နဲ့လုပ်တဲ့ အစားအစာတွေက ပန်းနာရင်ကျပ်သမားအတွက် အထောက်အကူဖြစ်စေပါတယ်။ ခရမ်းချဉ်သီးရဲ့ လိုင်ကိုပင်းဓါတ်ကြောင့်လို့ ပညာရှင်တွေကပြောကြပေမယ့် သုတေသနတွေထပ်လုပ်ဖို့လိုအပ်နိုင်ပါတယ်။ ခရမ်းချဉ်သီးစားရင် ရေရှည်မှာ အသက်ရှူရပိုကောင်းလာတာတွေ့ရတယ်လို့လေ့လာမှုတချို့က ဆိုပါတယ်။
သတိထားရမယ့်အချက်
သစ်သီးခြောက်
ကိုယ့်မှာ ပန်းနာရင်ကျပ်ရှိတယ်ဆိုရင်ရှောင်သင့်တဲ့အစားအစာထဲမှာ သစ်သီးခြောက်တွေပါဝင်ပါတယ်။ လတ်ဆတ်တဲ့အသီးတွေ၊ အထူးသဖြင့် လိမ္မော်သီးနဲ့ပန်းသီးတွေက ပန်းနာကို သက်သာစေနိုင်ပေမယ့် သစ်သီးခြောက်တွေကိုတာရှည်ခံအောင်လုပ်ပေးတဲ့ ဆာလ်ဖိုက်တွေကြောင့် ပန်းနာရင်ကျပ်ကို ပိုဆိုးစေနိုင်ပါတယ်။ အယ်လ်ကိုဟော(အထူးသဖြင့် ဝိုင်နီ)၊ ပုဇွန်၊ နှပ်ထားတဲ့အသီးအရွက်တို့မှာ ဆာလ်ဖိုက်တွေပါဝင်တတ်ပါတယ်။
ကော်ဖီ
Salicylates ဟာ ကော်ဖီ၊ လက်ဖက်ရည်၊ ဟင်းခတ်အမွှေးအကြိုင်တွေနဲ့ အရောင်ကျဆေးတချို့မှာ သဘာဝအလျောက်ပါဝင်တဲ့ ဓါတုပစ္စည်းဖြစ်ပါတယ်။ အများစုက ဘာမှမဖြစ်ပေမယ့် ပန်းနာရင်ကျပ်သမားကတော့ အသက်ရှူရခက်လာ၊ မွန်းကျပ်လာနိုင်ပါတယ်။
ဓါတ်မတည့်ဖြစ်စေနိုင်တဲ့အစားအစာ
ပန်းနာရင်ကျပ်ရှိတယ်ဆိုရင် အစားအသောက်ကိုလည်းဓါတ်မတည့်မှုတွေ ပိုဖြစ်နိုင်ပါတယ်။ အစားအသောက်ကြောင့် ဓါတ်မတည့်တုံ့ပြန်မှုတွေဖြစ်ရင် တရွှီရွှီမြည်တာအပါအဝင် တခြားပန်းနာရင်ကျပ်လက္ခဏာတွေဖြစ်လာနိုင်တယ်။ ဓါတ်မတည့်မှုအဖြစ်များတဲ့ အစားအစာတွေကတော့ အစေ့အဆန်တွေ၊ ဂျုံ၊ နို့ထွက်ပစ္စည်း၊ အခွံမာငါး တို့ပါဝင်ပါတယ်။ လူတစ်ယောက်နဲ့တစ်ယောက်မတူကြတော့လည်း ဒါတွေစွတ်ရှောင်ဖို့မလိုပါဘူး။ ကိုယ်နဲ့ဓါတ်မတည့်ဖြစ်တတ်တဲ့အစားအသောက်ကို မှတ်သားပြီးရှောင်တာပဲကောင်းပါတယ်။