brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်နဲ့ အော်တစ်ဇင်ရောဂါတို့အကြောင်း

ကိုယ်ဝန်ဆောင်ချိန်မှာ မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ မေမေက အနေအထိုင် အစားအသောက် အားလုံးကို ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ မေမေရဲ့ နေထိုင်စားသောက်မှုက ဘေဘီလေးမှာ ရောဂါကင်းပြီး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်လို့ပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အစစအရာရာ ဂရုစိုက်ဖို့ ပြောရတာပါ။ ဒီတစ်ခေါက်တော့ မေမေတိုင်း သတိထားနိုင်စေဖို့ သိထားသင့်တဲ့ အကြောင်းအရာလေး တစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆောင်နဲ့ အော်တစ်ဇင်ရောဂါတို့အကြောင်း ပြောပြပေးချင်ပါတယ်။ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

ကိုယ်ဝန်ဆောင်နဲ့ အော်တစ်ဇင်ရောဂါတို့အကြောင်း

ကိုယ်ဝန်ဆောင်နဲ့ အော်တစ်ဇင်ရောဂါတို့အကြောင်း

ကိုယ်ဝန်ဆောင်ချိန်မှာ အော်တစ်ဇင်ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းမျိုးစုံကို တွေ့ကြုံရနိုင်ပါတယ်။ တစ်ခါတလေမှာ မိဘတွေက အသက်အရွယ် ကြီးရင့်နေတာမျိုး ရှိသလို စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေသောက်သုံးနေရတာကြောင့်လည်း မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်ရောဂါ ပါလာတာမျိုး ရှိနိုင်ပါတယ်။ အခြားသော အကြောင်းအရာတွေကတော့ ကိုယ်ဝန်ဆောင်ကာလမှာ acetaminophen ပါတဲ့ ဆေးတစ်မျိုးမျိုး အသုံးပြုမိတာ၊ ပတ်ဝန်းကျင်က အဆိပ်အတောက် ဖြစ်စေနိုင်တဲ့ အရာတွေလို့ ဆိုကြပါတယ်။

ဒီလို အကြောင်းအရင်းတွေကြောင့် မွေးလာမယ့် ဘေဘီလေးမှာ အော်တစ်ဇင်ရောဂါ ပါလာနိုင်တယ်ဆိုပေမယ့် ဒီအချက်က ကိုယ်ဝန်ဆောင်တိုင်းအတွက် မှန်မယ်လို့တော့ မဆိုနိုင်ပါဘူး။ ဥပမာ ပြောပြရရင် လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေက နေ့စေ့လစေ့မှာ မွေးဖွားတဲ့ ကလေးတွေထက် အော်တစ်ဇင်ရောဂါ ခံစားရနိုင်ခြေ ပိုများတယ် ဆိုပေမယ့် လမစေ့ဘဲ မွေးတိုင်း ကလေးက အော်တစ်ဇင် ဖြစ်မယ်လို့တော့ ပြောလို့ မရပါဘူး။ အော်တစ်ဇင် ဖြစ်တယ်ဆိုတာက လမစေ့ဘဲ မွေးဖွားတာအပြင် မျိုးဗီဇ၊ လူမှုစီးပွား အခြေအနေနနဲ့ မိဘတွေရဲ့ အပြုအမူတွေနဲ့လည်း သက်ဆိုင်နေပါတယ်။

ဒီတော့ ဘယ်လို အချက်တွေက ဘေဘီလေးတွေမှာ အော်တစ်ဇင် ဖြစ်စေနိုင်လဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

လေ့လာတွေ့ရှိချက်တွေအရ အခုလို အချက်တွေက မွေးဖွားလာမယ့် ဘေဘီလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဆက်စပ်နေတယ်လို့ ပြောလို့ရပါတယ်။ ဒီအချက်တွေရှိတိုင်း အော်တစ်ဇင်ဖြစ်မယ်လို့ ပုံသေသတ်မှတ်ထားလို့ မရပါဘူး။ အော်တစ်ဇင်ဆိုတာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

  •  အတက်ရောဂါ သက်သာစေဖို့ သောက်ရတဲ့ဆေးတွေ

အတက်ရောဂါ သက်သာစေဖို့ သောက်ရတဲ့ဆေးတွေ အထူးသဖြင့် valproate တွေက ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးမိမယ်ဆိုရင် မွေးဖွားလာတဲ့ ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေ တိုးစေပါတယ်။ Valporateက ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း ပိုတိုးစေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ အစီအစဉ် ရှိတယ်ဆိုရင် အာရုံကြော ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးရပ်တာကို လုပ်ဖို့ လိုပါမယ်။ ဒါမှ ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို လျှော့ချနိုင်မှာပါ။

  • စိတ်ကျရောဂါ သောက်ဆေးတွေ

စိတ်ကျရောဂါ သောက်ဆေးတွေ သောက်သုံးမှုကလည်း ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ကျရောဂါ သောက်ဆေး SSRI နဲ့ ထိတွေ့မှု များတဲ့ ကလေးတွေမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေက များနေပါတယ်။

  • မိဘ ၂ ပါး အသက်ကြီးရင့်နေတာ

လေ့လာမှု အချို့အရတော့ မိဘ ၂ ပါးက အသက်ကြီးမှ ကလေးမွေးဖွားတာကလည်း ကလေးမှာ အော်တစ်ဇင်ရောဂါ ဖြစ်နိုင်ခြေ များစေနိုင်ပါတယ်။ မိဘ ၂ ပါးမှာ ဖခင်ဖြစ်သူ အိုမင်းနေတာက ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

  • လမစေ့ဘဲ မွေးဖွားတာ

လမစေ့ဘဲ မွေးဖွားတာက အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်သလို အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရစေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတဲ့ ကလေးတွေရဲ့ ၇ ရာခိုင်နှုန်းက အော်တစ်ဇင်ရောဂါကို ခံစားကြရပါတယ်။

ပေါင်မပြည့်တာကလည်း ကလေးကို အော်တစ်ဇင် ဖြစ်စေနိုင်ပါတယ်။ လမစေ့ဘဲ မွေးဖွားတာကို ရှောင်လွှဲဖို့ မဖြစ်နိုင်ဘူးဆိုရင် ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို လျှော့ချဖို့ ခက်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ သေချာ တိုင်ပင်ပါ။

  • ကိုယ်ဝန်ဆောင် ဆီးချို

မိခင်မှာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားနေရမယ်ဆိုရင်လည်း မွေးဖွားလာမယ့် ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေ ရှိပါတယ်။ ပုံမှန်ထက် ဖြစ်နိုင်ခြေ ပိုများနေတဲ့ အခြေအနေပါ။ မိခင်မှာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားရတဲ့အခါ လမစေ့ဘဲ မွေးဖွားတာ၊ ကိုယ်ဝန်ဆိပ်တက်တာတွေကို ခံစားရနိုင်သလို ကလေးမှာ အာရုံစူးစိုက်ဖို့ခက်ခဲတဲ့ ပြဿနာ (ADHD) ခံစားရနိုင်ပါတယ်။

အခြားသော ဆက်စပ်နေတဲ့ အကြောင်းအရင်းတွေ အနေနဲ့ကတော့

  • ကိုယ်ဝန်ဆောင်ချိန်မှာ Acetaminophen ပါတဲ့ဆေး သောက်တာ

Acetaminophen ဆိုတာက ပါရာစီတမောပါ။ တချို့လေ့လာချက်တွေမှာ ကိုယ်ဝန်ဆောင်ချိန်မှာ ပါရာစီတမောသောက်တာက အော်တစ်ဇင်ဖြစ်တာနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပါရာစီတမောက ကိုယ်ဝန်ဆောင်တွေအတွက် စိတ်အချရဆုံး အကိုက်အခဲပျောက်ဆေးဖြစ်ပါတယ်။

ဒီလေ့လာချက်တွေက လုံလုံလောာက်လောက် သက်သေမပြနိုင်သေးတဲ့အတွက် American College of Obstetricians and Gynecologists (ACOG)က နောက်ထပ်သေချာတဲ့ လေ့လာချက်တွေ မထွက်မချင်း ကိုယ်ဝန်ဆောင်တွေအတွက် ပါရာစီတမောအစား တခြားအကိုက်အခဲပျောက်ဆေးပြောင်းပေးတာမျိုး မလုပ်ဖို့ အကြံပြုထားပါတယ်။

  • သံဓာတ် ချို့တဲ့တာ

သံဓာတ်က ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ ၂၀၁၄က ထုတ်ဝေခဲ့တဲ့ American Journal of Epidemiologyမှာ ပါဝင်တဲ့ လေ့လာချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့တာကလည်း ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်တယ်လို့ ဆိုပါတယ်။

  • ပတ်ဝန်းကျင်က အဆိပ်အတောက်တွေ

ပလပ်စတစ် ပစ္စည်းတွေ၊ ဆောက်ပြီးစ အိမ်အသစ်၊ ကော်ဇောအသစ်တွေ နဲ့ အချို့သော အစားအစာတွေ ထုပ်ပိုးရာမှာ ပါနေတဲ့ အရာတွေက မွေးလာမယ့်ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ လေထုထဲက ညစ်ညမ်းမှုတွေ၊ ပိုးသတ်ဆေးတွေနဲ့ သန့်ရှင်းရေးသုံး ပစ္စည်းတွေမှာပါဝင်နေတဲ့ အချို့သော အရာတွေကလည်း မွေးလာမယ့်ကလေးကို အော်တစ်ဇင် ဖြစ်စေနိုင်တယ်လို့ ဆိုပါတယ်။ အရင်တုန်းက လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာ ဆက်စပ်မှုရှိတယ်လို့ ပြောပေမယ့် နောက်ပိုင်းလေ့လာချက်တွေမှာတော့ ဒီလောက် ဆက်စပ်မှုမရှိတာကို တွေ့ရပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ရောဂါပိုး တစ်ခုခု ကူးစက်ခံရတာ၊ စိတ်ဖိစီးရမှု များတာ၊ မိဘတွေမှာ Autoimmune ပြဿနာ တစ်ခုခု ခံစားနေရတာကလည်း မွေးဖွားလာမယ့် ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေများစေတယ်လို့ တချို့သောလေ့လာချက်တွေက ဆိုပါတယ်။

မွေးလာမယ့် ကလေးမှာ အော်တစ်ဇင် ဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချမလဲ!

လေ့လာမှုတွေအရ မွေးဖွားလာမယ့် ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့

  • ကလေးယူမယ့် မိဘ ၂ ပါးစလုံးက အသက် ၂၁ နှစ် ကနေ ၃၅ နှစ်အတွင်းမှာ ရှိရပါမယ်။
  • အတက်ရောဂါ နဲ့ စိတ်ကျရောဂါအတွက် ဆေးသောက်နေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး စိတ်ချရမယ့် ဆေးကို ရွေးပါ။
  • ဆေးလိပ် မသောက်ပါနဲ့။ တဆင့်ခံဆေးလိပ်ငွေ့ အပါအဝင် အဆိပ်အတောက် ဖြစ်စေနိုင်တာတွေကို ရှောင်ပါ။
  • ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ရောဂါတွေ ဝင်မလာအောင် ကာကွယ်ပါ။
  • ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းပါ။
  • စိတ်ဖိစီးမှု လျှော့ချပါ။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။