brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ပြုပြင်စီမံထားတဲ့အစားအသောက်တွေ ကိုယ်ဝန်ဆောင်မေမေစားရင် မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေပိုများ

ပြုပြင်စီမံထားတဲ့အစားအသောက်တွေစားတဲ့ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေမှာမွေးလာတဲ့ကလေးအော်တစ်ဇင်ဖြစ်လာနိုင်ခြေပိုများတယ်လို့ သုတေသနအသစ်က ဖော်ပြလိုက်ပါတယ်။

ပြုပြင်စီမံထားတဲ့အစားအသောက်တွေ ကိုယ်ဝန်ဆောင်မေမေစားရင် မွေးလာတဲ့ကလေးမှာ အော်တစ်ဇင်ဖြစ်နိုင်ခြေပိုများ

အစားအစာတွေကိုပြုပြင်စီမံတဲ့အခါပမာဏအများကြီးသုံးထားတတ်ကြတဲ့propionic acidကြောင့် သန္ဓေသားရဲ့ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေပြီးအော်တစ်ဇင်ဖြစ်လာစေနိုင်တာပါလို့Scientific Reports မှာဖော်ပြခဲ့တဲ့ သုတေသနက ဆိုပါတယ်။

အော်တစ်ဇင်ကလေးငယ်တွေရဲ့ ဝမ်းနမူနာထဲမှာ Propionic acid( PPA) ပမာဏများနေတာတွေ့ရပြီး ဒီကလေးတွေရဲ့အူတွင်းဘက်တီးရီးယားတွေကလည်း ထူးခြားနေတယ်လို့University of Central Florida ရဲ့သုတေသီSaleh Naser ကပြောပါတယ်။

အော်တစ်ဇင်ရှိတဲ့ကလေးတွေဟာ အူလမ်းကြောင်းလှုပ်ရှားမှုမူမမှန်တဲ့ရောဂါစုလက္ခဏာနဲ့ အစာအိမ်ပြဿနာတွေ မကြာခဏ ခံစားရတာတွေ့ရပါတယ်။ သာမန်လူတွေနဲ့နှိုင်းယှဉ်တဲ့အခါအော်တစ်ဇင်ကလေးတွေရဲ့ အူတွင်းဘက်တီးရီးယားကျန်းမာရေးကွာခြားမှုဖြစ်စဉ်မှာPPA ကအဓိကပါဝင်နေတာတွေ့ရပါတယ်။

PPA ကို အသင့်ထုပ်ပိုးထားတဲ့အစားအစာတွေ တာရှည်ခံစေဖို့၊ပေါင်မုန့်နဲ့ချိစ်တွေ မှိုမတက်စေဖို့ အသုံးပြုကြပါတယ်။ ဒါပေမယ့် ဒီ acid က သန္ဓေသားရဲ့ဦးနှောက်ကို ဖွံ့ဖြိုးစေနိုင်တဲ့ အာရုံကြောဆဲလ်တွေအရေအတွက်ကိုလျော့နည်းစေနိုင်ပါတယ်။

အစာအိမ်ထဲမှာ သဘာဝအတိုင်းထုတ်ပေးတဲ့PPA ဟာ အမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ ပမာဏများများထွက်ရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးကသာပြုပြင်စီမံထားတဲ့အစားအစာတွေစားလိုက်မယ်ဆိုရင်PPA ထုတ်လုပ်မှုပိုတိုးလာပြီး အဲဒီအက်စစ်တွေက သန္ဓေသားဆီရောက်လာနိုင်ပါတယ်။

ဒီအက်စစ်ကglial ဆဲလ်တွေထုတ်လုပ်မှုလွန်ကဲစေပြီး ဦးနှောက်အာရုံကြောဆဲလ်တွေကိုလျော့နည်းစေတာကြောင့် ဦးနှောက်အတွင်း ဆဲလ်တွေထိန်းညှိမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

Glial ဆဲလ်တွေက ဦးနှောက်ဆဲလ်ရဲ့လုပ်ဆောင်ချက်ကို ပိုကောင်းမွန်အောင် ကူညီပေးတာဖြစ်ပါတယ်။ ဒါပေမယ့် သူတို့တွေသိပ်များလွန်းတဲ့အခါ ဦးနှောက်ဆဲလ်တွေရဲ့ချိတ်ဆက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။

PPA များလွန်းတဲ့အခါ ဦးနှောက်ဆဲလ်တွေကို ထိခိုက်စေတာကြောင့် ကလေးတွေမှာ ဆက်သွယ်ပြောဆိုနိုင်စွမ်းပြဿနာတွေ၊ ထပ်ကာထပ်ကာပြုလုပ်တတ်တဲ့ အပြုအမူတွေမှာပြဿနာဖြစ်စေနိုင်တာဖြစ်ပါတယ်။

“ဒီသုတေသနဟာအော်တစ်ဇင်ရောဂါအကြောင်း ပိုမိုနားလည်လာစေတဲ့ ပထမခြေလှမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့်အော်တစ်ဇင်ရဲ့အကြောင်းရင်းကိုဖော်ထုတ်နိုင်ဖို့ နည်းလမ်းမှန်နေပြီလို့ ယုံကြည်ပါတယ်”လို့ သုတေသီ Naser ကပြောပါတယ်။

Dr. Thurein Hlaing Win
Dr. Thurein Hlaing Win
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
မှ ရေးသားသည်။ Yun Sandi Nan Mon · 20/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။