backup og meta

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ အကြောင်း ပြောပြပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း အမျိုးသမီးတွေက လိင်ကတဆင့်ကူးစက်နိုင်သောရောဂါများ ဖြစ်နိုင်ခြေရှိပါတယ်။ ပိုဆိုးတာက ကိုယ်ဝန်ဆောင်ချိန်မှာဆိုရင် ဒီရောဂါပိုးတွေက မိခင်ရော ကလေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ တချို့ရောဂါတွေဆို ကလေးဆီကိုရောက်သွားပြီး ကလေးမှာပါ ဆက်ပြီး ကူးစေတာ ရှိပါတယ်။ ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကြောင့် ကိုယ်ဝန်ပျက်တာ၊ လမစေ့ဘဲမွေးတာ၊ ကလေးအသေမွေးတာတွေ ဖြစ်နိုင်သလို ကလေးမှာ မွေးရာပါ ချို့ယွင်းချက်တွေလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်  မိခင်အနေနဲ့ ဒီလိုကူးစက်ရောဂါတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသင့်လဲဆိုတာ သိထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများ ကတော့

  •  HIV ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ခုခံအားကျဆင်းမှု အေအိုင်ဒီအက်စ်ရောဂါ

HIVက ကလေးဆီကို ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်နဲ့ နို့တိုက်ချိန်တွေမှာ ကူးစက်နိုင်ပါတယ်။ တိုးတက်လာတဲ့ ဒီခေတ်ကြီးမှာတော့ ဆေးဝါးတွေလည်း ရှိနေပြီဖြစ်လို့ ကံကောင်းတယ်လို့ ဆိုရမှာပါပဲ။ မိခင်မှာ HIV ပိုးရှိပေမယ့် ရင်သွေးကို မကူးစက်အောင်၊ ကူးစက်နှုန်း နည်းပါးအောင် သောက်လို့ရတဲ့ ဆေးတွေရှိနေပါပြီ။ ဒါကြောင့် မိခင်မှာ HIV ပိုးရှိနေမယ်ဆိုရင် ကိုယ်ဝန်ယူဖို့ စပြင်ဆင်တည်းက ဆရာဝန်နဲ့ သေချာတိုင်ပင်ထားသင့်ပါတယ်။

  • ရေယုန်

ရေယုန်ရောဂါဟာ ကိုယ်ဝန်ဆောင်စဉ်မှာတော့ ပြဿနာမရှိနိုင်ပေမဲ့ မျိုးပွားအင်္ဂါမှာ စုဝေးပေါက်ရောက်နေတဲ့ ရေယုန်ရောဂါ အနာတွေကတစ်ဆင့် မီးဖွားစဉ်မှာ ကလေးကို ကူးစက်သွားနိုင်ပါတယ်။ ဒါကြောင့် ရေယုန်ပေါက်နေတယ်ဆိုရင် အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။

ဆီးပူညောင်းကျရောဂါဟာလည်း အဖြစ်များတဲ့ လိင်မှ တဆင့်ကူးစက်တဲ့ ရောဂါပါပဲ။ ကိုယ်ဝန်ဆောင်မိခင်မှာ ဆီးပူညောင်းကျ ရောဂါရှိတဲ့အခါ မိန်းမကိုယ်က ပုံမှန်မဟုတ်တဲ့  အဖြူဆင်းခြင်း၊ ဆီးကျင်ခြင်း၊ ဗိုက်နာခြင်း စတဲ့ လက္ခဏာတွေ ဖြစ်တတ်ပါတယ်။ တစ်ခါတလေလည်း လက္ခဏာမပြတတ်ပါဘူး/ဆီးပူညောင်းကျရောဂါက မကုသဘူးဆိုရင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲ ကလေးမွေးဖွားခြင်း စတာတွေ ကြုံရတတ်ပါတယ်။

Chlamydia ​ရောဂါကြောင့် နေ့မစေ့လမစေ့မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ရေမြွာရည်စောပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ မွေးဖွားချိန်မှာလည်း ကူးစက်နိုင်ပါတယ်။ ကလမိုင်းဒီးယားရောဂါပိုး ကူးစက်ခံရသူ မွေးကင်းစကလေးလေးက မျက်လုံးမှာ ရောဂါပိုးဝင်ခြင်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ခံစားရနိုင်ချေရှိပါတယ်။

ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါကူးစက်ခံရတာကို မကုသဘူးဆိုရင် နေ့မစေ့လမစေ့မွေးခြင်း၊ အသေမွေးခြင်း၊ တစ်ခါတရံ မွေးမွေးပြီးချင်း ကလေးသေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးထံကူးနိုင်ပြီး မွေးလာတဲ့ကလေးကို သေချာမကုသရင်လည်း ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။

အသည်းရောင်အသားဝါဘီပိုးရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို ကာကွယ်ဆေးတွေ သေချာမထိုးပေးဘူးဆိုရင် ၄၀%က ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒီကလေးတွေထဲက ၄ယောက်မှာ ၁ယောက်က နာတာရှည် အသည်းရောဂါဖြစ်လာပြီး အသည်းပျက်စီးတတ်ပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါဘီပိုး ရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို မွေးပြီးပြီးချင်း ၁၂နာရီအတွင်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးနဲ့ Immunoglobulin ဆိုပြီး ၂မျိုးထိုးပေးဖို့ လိုပါတယ်။

  •  Trichomoniasis ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ရောဂါ

ဒီရောဂါခံစားရပါက မိန်းမကိုယ်ကနေ စိမ်းဝါရောင်အရည်တွေ ဆင်းပြီး လိင်ဆက်ဆံတဲ့အခါနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတွေ ခံစားရတတ်ပါတယ်။ နေ့မစေ့လမစေ့ဘဲ ကလေး မွေးဖွားတတ်ပါတယ်။ မီးဖွားနေစဉ်မှာ ကူးစက်တတ်ပေမဲ့ ကူးစက်ဖို့ရာခိုင်နှုန်းတော့ နည်းပါးပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို စောစောသိနိုင်ဖို့ ဘာလုပ်နိုင်မလဲ။

လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက ကိုယ်ဝန်ကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်စအပ်တည်းက လိုအပ်တဲ့ ဆေးစစ်မှုတွေ ကုသမှုတွေ လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်စောစောအပ်ကြပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေက လက္ခဏာမပြတတ်တာကြောင့် ဘာမှမခံစားရပေမယ့် ကိုယ့်မှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ရှိနေမယ်လို့ သံသယရှိတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို ကုသနိုင်ပါသလား။

ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေသောက်တဲ့အခါ သတိထားရတယ်ဆိုပေမယ့် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုတော့ ကုသနိုင်ပါသေးတယ်။ တချို့ရောဂါတွေကို အပြီးပြတ်အောင် ကုသနိုင်ပါတယ်။ ဥပမာ− ဆီးပူညောင်းကျ၊ ကာလသားရောဂါလိုမျိုး ဘက်တီးရီးယားကူးစက်ရောဂါတွေ။ HIVတို့ အသည်းရောင် အသားဝါ ဘီပိုးတို့ကိုတော့ ကလေးကိုကူးမသွားအောင် ထိန်းချုပ်လို့ပဲ ရပါတယ်။

ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို ဘယ်လိုကာကွယ်မလဲ။

ကိုယ်ဝန်ဆောင်ချိန်မှာလည်း အတူနေလို့ ရပါတယ်။ ရောဂါမကူးစက်ဖို့ဆိုရင်တော့

  • လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးသုံးပါ။
  • အမျိုးသားမှာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခာတွေ ရှိနေရင် လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ ပျောက်ကင်းအောင် ကုသပြီးမှ ပြန်နေပါ။
  • ကိုယ်ဝန်ဆောင်မိခင်မှာ လိင်ကတဆင့် ကူးစက်ရောဂါရှိတယ်ဆို အတူနေအမျိုးသားကိုပါ စစ်ပါ။ ရှိရင်တစ်ခါတည်း ကုပါ။ မဟုတ်ရင် အချင်းချင်း အပြန်ပြန်အလှန်လှန် ကူးနေပါလိမ့်မယ်။

ရေးသားသူ-ဒေါက်တာမှူးခင်

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

STDs and pregnancy: Get the facts. http://www.mayoclinic.org/healthy-lifestyle/pregnancy- week-by- week/in-depth/stds-and- pregnancy/art-20115106. Accessed March 18, 2017.

STDs during Pregnancy – CDC Basic Fact Sheet https://www.cdc.gov/std/pregnancy/stdfact-pregnancy.htm Accessed July 3, 2020

Prevention of  Perinatal transmission of HBV https://www.cdc.gov/hepatitis/hbv/perinatalxmtn.htm Accessed July 3, 2020

Sexually transmitted infections, pregnancy, and breastfeeding https://www.womenshealth.gov/a-z-topics/stis-pregnancy-and-breastfeeding Accessed July 3, 2020

Sexually Transmitted Diseases (STDs) during Pregnancy https://americanpregnancy.org/healthy-pregnancy/pregnancy-complications/stds-and-pregnancy/ Accessed July 3, 2020

ယခုပုံစံ

24/01/2023

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင်စဉ် လိုက်နာသင့်တဲ့ အရေးကြီးတဲ့ health tips

ကိုယ်ဝန်ဆောင်စဉ် မိန်းမကိုယ်ယားယံခြင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 24/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement