backup og meta

အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Sandar Lin မှ ရေးသားသည်။ · 01/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ

    သင့်မှာ အသည်းရောင် အသားဝါဘီပိုး ရှိနေရင် ဒီရောဂါနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို သိထားသင့်ပါတယ်။ ဒီလို သိထားတာက ရောဂါကို မြန်မြန်သက်သာစေပြီး တခြားသူများကို မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါဆို အသည်းရောင် အသားဝါဘီပိုး နဲ့ပတ်သက်ပြီး သင်ဘာတွေသိထားသင့်ပါသလဲ။ အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ က ဘာတွေလဲ။

    အသည်းရောင် အသားဝါဘီပိုး ကူးစက်တာက ပြန်ကောင်းလာနိုင်ပါသလား။

    အရွယ်ရောက်ပြီးတဲ့သူတွေမှာ ပြန်ကောင်းနိုင်တဲ့ အခွင့်အလမ်းပိုများပြီး ကလေးငယ်တွေနဲ့  မွေးခါစကလေးအများစုမှာဆိုရင်တော့ နာတာရှည် အသည်းရောင်အသားဝါ ဘီရောဂါ ဖြစ်သွားနိုင်ပါတယ်။ အသက်အရွယ်အလိုက် ရောဂါပြန်လည် ပျောက်ကင်းနိုင်တဲ့ ရာခိုင်နှုန်းတွေကို အောက်မှာ ဖော်ပြထားပါတယ်။

    • အရွယ်ရောက်ပြီး သူများတွင် ၉၀%မှာ ခုခံအားကြောင့် အလိုလိုပျောက်ကင်းနိုင်ပြီး ၁၀%မှာ နာတာရှည်အသည်းရောင်ရောဂါ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လတ်တလောမှာ လောလောလတ်လတ် အကူးခံထားရတဲ့ သူတွေကို ဘီပိုးကုဆေးတွေ မပေးဘဲ ၆လစောင့်ကြည့်တာ ဖြစ်ပါတယ်။
    • ကလေးငယ်တွေမှာ ၄၀% လောက်က အလိုလို ပျောက်ကင်းနိုင်ပြီး ၆၀%မှာ နာတာရှည် အသည်းရောင်ရောဂါ ဖြစ်နိုင်ပါတယ်။
    • မွေးကင်းစကလေးငယ်များမှာ ၉၀%က နာတာရှည်ကူးစက်ခံရနိုင်ပြီး ၁၀%လောက်ကပဲ ပြန်ကောင်းလာနိုင်ပါတယ်။

    အခြားသူများကို အသည်းရောင် အသားဝါဘီပိုး မကူးစက်အောင် ဘယ်လိုကာကွယ်မလဲ။

    သင့်မှာ ဘီပိုးကူးစက်ခံရပါက အခြားသူများကိုလည်း ကူးစက်စေနိုင်ပါတယ်။ မိမိနဲ့ လိင်ဆက်ဆံသူ၊ တစ်အိမ်တည်းနေတဲ့ သူများကို ဘီပိုးရှိမရှိ စစ်ဆေးသင့်ပြီး မရှိပါက ကာကွယ်ဆေး ထိုးထားသင့်ပါတယ်။ အသည်းရောင်အသားဝါဘီပိုးရှိတဲ့ မိခင်မှ မွေးဖွားလာတဲ့ ကလေးငယ်များကို မွေးပြီး၁၂နာရီအတွင်းကာကွယ်ဆေးထိုးရပါမယ်။

    ဒါ့ပြင် ထိခိုက်ဒဏ်ရာများရှိရင် အုပ်ထားသင့်ပြီး မုတ်ဆိတ်ရိတ်ဓား၊ သွားပွတ်တံများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ ဝေမျှသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအရာတွေကနေတဆင့် သွေးချင်းထိပြီး ရောဂါပိုး ကူးစက်နိုင်တာကြောင့် ဖြစ်ပါတယ်။

    အသည်းရောင် အသားဝါဘီပိုးကို ကုသနိုင်ပါသလား။

    အမြစ်ပြတ်ပျောက်ကင်းနိုင်တော့ မကုသနိုင်သေးပါဘူး။ လောလောလတ်လတ် ကူးစက်ခံထားရသူတချို့မှာတော့ အလိုလို ပျောက်ကင်းတတ်ပါတယ်။ နာတာရှည်ဖြစ်သွားရင်တော့ ဆေးဝါးများနဲ့ ထိန်းထားနိုင်ပါတယ်။

    သင့်မှာ အသည်းရောင် အသားဝါဘီပိုး ရှိပါက ဘာလုပ်သင့်ပါသလဲ။

    ၆လနဲ့ အထက် ဘီပိုးရှိပါက နာတာရှည် အသည်းရောင် အသားဝါဘီပိုး ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ဒီအခါမှာ အသည်းအထူးကုနဲ့ ပြသပြီး အသည်းအခြေအနေကို သိရှိရန် သွေးစစ်ခြင်း၊ အာထရာဆောင်းရိုက်ခြင်းများ ပြုလုပ်သင့်ပါတယ်။ နာတာရှည် အသည်းရောင်အသားဝါဘီပိုးရှိတဲ့သူတွေက သေချာကုသမှု ခံယူရင် သက်တမ်းစေ့နေနိုင်ပါတယ်။

    နာတာရှည် အသည်းရောင်အသားဝါဘီပိုး ရှိပါက ပိုးသည် သွေးနဲ့ အသည်းမှာ အချိန်အကြာကြီးတသက်လုံးရှိနေမှာ ဖြစ်ပါတယ်။ သင့်မှာ ရောဂါလက္ခဏာမပြရင်တောင်မှ အခြားသူများကို ကူးစက်နိုင်ပါတယ်။ ဒါကြောင့် မိမိနဲ့ အတူနေသူများနဲ့  လိင်ဆက်ဆံဖော်များကို ဘီပိုးရှိမရှိစစ်ဆေးပြီး ကာကွယ်ဆေးထိုးထားသင့်ပါတယ်။

    နာတာရှည် အသည်းရောင် အသားဝါဘီပိုးရှိသူအတွက် ဘာအကြံဉာဏ်များ ပေးသင့်ပါသလဲ။

    အသည်းရောင် အသားဝါဘီပိုးရှိသူ ပြုလုပ်သင့်သော အရာများ ကတော့ အရက်က အသည်းကို ဘေးဖြစ်စေနိုင်တာကြောင့် အရက်သောက်ခြင်းမှ လုံးဝရှောင်ကြဉ်ပါ။ ဒီလိုပဲ ဆေးလိပ်သောက်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဆေးဝါးများ၊ အားဆေးများ၊  သဘာ၀ ဆေးဖက်ဝင်ဆေးများ မသောက်မီ ဆရာဝန်နဲ့ အရင်ဆွေးနွေးသင့်ပါတယ်။

    နာတာရှည်အသည်းရောင်အသားဝါဘီပိုးရှိသူများအတွက် စားသောက်မှုပုံစံသက်သက်မရှိပေမယ့် သင့်တင့်မျှတတဲ့ အစားအသောက်၊ အဆီနည်းပြီး အသီးအရွက်များတဲ့ စားသောက်မှု ပုံစံများ မှီဝဲသင့်ပါတယ်။ ပင်လယ်စာအစိမ်းမှာ အသည်းကို ထိခိုက်စေနိုင်တဲ့ ဘက်တီးရီးယားပိုးများ ပါဝင်တာကြောင့် ပင်လယ်စာအစိမ်းစားခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

    အားကစားများပုံမှန်လုပ်တာက ကျန်းမာသောဘဝကို ရရှိစေနိုင်ပါတယ်။  ဒါက ဆေးကုသမှုမဟုတ်ပေမယ့် သင့်ရောဂါကို သက်သာစေရန် ကူညီပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Sandar Lin မှ ရေးသားသည်။ · 01/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement