Chlamydia ရောဂါကြောင့် နေ့မစေ့လမစေ့မွေးခြင်း၊ ပေါင်မပြည့်ခြင်း၊ ရေမြွာရည်စောပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။ မွေးဖွားချိန်မှာလည်း ကူးစက်နိုင်ပါတယ်။ ကလမိုင်းဒီးယားရောဂါပိုး ကူးစက်ခံရသူ မွေးကင်းစကလေးလေးက မျက်လုံးမှာ ရောဂါပိုးဝင်ခြင်းနဲ့ နမိုးနီးယား အဆုတ်ရောင်ရောဂါကို ခံစားရနိုင်ချေရှိပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါကူးစက်ခံရတာကို မကုသဘူးဆိုရင် နေ့မစေ့လမစေ့မွေးခြင်း၊ အသေမွေးခြင်း၊ တစ်ခါတရံ မွေးမွေးပြီးချင်း ကလေးသေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ်မှာ ကလေးထံကူးနိုင်ပြီး မွေးလာတဲ့ကလေးကို သေချာမကုသရင်လည်း ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေနိုင်ပါတယ်။
အသည်းရောင်အသားဝါဘီပိုးရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို ကာကွယ်ဆေးတွေ သေချာမထိုးပေးဘူးဆိုရင် ၄၀%က ရောဂါပိုး ကူးစက်ခံရနိုင်ပါတယ်။ ဒီကလေးတွေထဲက ၄ယောက်မှာ ၁ယောက်က နာတာရှည် အသည်းရောဂါဖြစ်လာပြီး အသည်းပျက်စီးတတ်ပါတယ်။ ဒါကြောင့် အသည်းရောင်အသားဝါဘီပိုး ရှိတဲ့ မိခင်က မွေးလာတဲ့ ကလေးကို မွေးပြီးပြီးချင်း ၁၂နာရီအတွင်း အသည်းရောင်အသားဝါ ဘီပိုးကာကွယ်ဆေးနဲ့ Immunoglobulin ဆိုပြီး ၂မျိုးထိုးပေးဖို့ လိုပါတယ်။
- Trichomoniasis ကပ်ပါးကောင်ကြောင့် ဖြစ်တဲ့ရောဂါ
ဒီရောဂါခံစားရပါက မိန်းမကိုယ်ကနေ စိမ်းဝါရောင်အရည်တွေ ဆင်းပြီး လိင်ဆက်ဆံတဲ့အခါနဲ့ ဆီးသွားတဲ့အခါ နာကျင်ခြင်းတွေ ခံစားရတတ်ပါတယ်။ နေ့မစေ့လမစေ့ဘဲ ကလေး မွေးဖွားတတ်ပါတယ်။ မီးဖွားနေစဉ်မှာ ကူးစက်တတ်ပေမဲ့ ကူးစက်ဖို့ရာခိုင်နှုန်းတော့ နည်းပါးပါတယ်။
ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို စောစောသိနိုင်ဖို့ ဘာလုပ်နိုင်မလဲ။
လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေက ကိုယ်ဝန်ကို အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ကိုယ်ဝန်စအပ်တည်းက လိုအပ်တဲ့ ဆေးစစ်မှုတွေ ကုသမှုတွေ လုပ်ပေးပါတယ်။ ဒါကြောင့် ကိုယ်ဝန်စောစောအပ်ကြပါ။ လိင်ကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေက လက္ခဏာမပြတတ်တာကြောင့် ဘာမှမခံစားရပေမယ့် ကိုယ့်မှာ လိင်ကတဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ ရှိနေမယ်လို့ သံသယရှိတယ်ဆိုရင်လည်း ဆရာဝန်ကို ပြောပြသင့်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို ကုသနိုင်ပါသလား။
ကိုယ်ဝန်ဆောင်ချိန်မှာ ဆေးတွေသောက်တဲ့အခါ သတိထားရတယ်ဆိုပေမယ့် လိင်ကတဆင့်ကူးစက်ရောဂါတွေကိုတော့ ကုသနိုင်ပါသေးတယ်။ တချို့ရောဂါတွေကို အပြီးပြတ်အောင် ကုသနိုင်ပါတယ်။ ဥပမာ− ဆီးပူညောင်းကျ၊ ကာလသားရောဂါလိုမျိုး ဘက်တီးရီးယားကူးစက်ရောဂါတွေ။ HIVတို့ အသည်းရောင် အသားဝါ ဘီပိုးတို့ကိုတော့ ကလေးကိုကူးမသွားအောင် ထိန်းချုပ်လို့ပဲ ရပါတယ်။
ကိုယ်ဝန်ဆောင်စဉ် လိင်မှတဆင့် ကူးစက်နိုင်သောရောဂါများကို ဘယ်လိုကာကွယ်မလဲ။
ကိုယ်ဝန်ဆောင်ချိန်မှာလည်း အတူနေလို့ ရပါတယ်။ ရောဂါမကူးစက်ဖို့ဆိုရင်တော့
- လိင်ဆက်ဆံတိုင်းမှာ ကွန်ဒုံးသုံးပါ။
- အမျိုးသားမှာ လိင်ကတဆင့်ကူးစက်ရောဂါလက္ခာတွေ ရှိနေရင် လိင်ဆက်ဆံခြင်းကို ရှောင်ပါ။ ပျောက်ကင်းအောင် ကုသပြီးမှ ပြန်နေပါ။
- ကိုယ်ဝန်ဆောင်မိခင်မှာ လိင်ကတဆင့် ကူးစက်ရောဂါရှိတယ်ဆို အတူနေအမျိုးသားကိုပါ စစ်ပါ။ ရှိရင်တစ်ခါတည်း ကုပါ။ မဟုတ်ရင် အချင်းချင်း အပြန်ပြန်အလှန်လှန် ကူးနေပါလိမ့်မယ်။
ရေးသားသူ-ဒေါက်တာမှူးခင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။