အစားနဲ့ ပတ်သက်လာရင် ဟိုဟာမစား၊ ဒီဟာမစား အရမ်းကြေးများတဲ့ ကလေးတွေကို ကိုယ့်ပတ်ဝန်းကျင်မှာ အမြဲ မြင်တွေ့နေရမှာပါ။ တကယ်တမ်းတော့ ကလေးတွေအရွယ်မှာ အစားကြေးများတယ်ဆိုတာ ပုံမှန် တွေ့ရတတ်တဲ့ လက္ခဏာတစ်ခုပါ။ ဒါကို အကြောင်းပြပြီး မိဘတွေအနေနဲ့ လိုတာထက်ပိုတဲ့ အတင်းအကြပ် ဖိအားပေးပြီး စားခိုင်းတာမျိုး၊ သူတို့ စားချင်တာတွေကို လုံးဝ ပိတ်ပင်တာမျိုးတော့ လုံးဝ မလုပ်သင့်ပါဘူး။
ဘယ်အချိန်မှာ ကလေးတွေ အစားရွေးတတ်နေပြီလဲ။
အသက် ၂ နှစ်အထက် ကြီးလာတဲ့အခါ ကလေးတွေကို အမာစာတွေ နည်းနည်းချင်း စပြီး ကျွေးလာရပါတယ်။ အစပိုင်းမှာတော့ ကလေးတွေအတွက် စားရတာ နည်းနည်း အခက်အခဲ ဖြစ်နိုင်ပေမယ့် ကျင့်သားရလာတဲ့အခါမှာ အဆင်ပြေသွားမှာပါ။ အဲဒီနောက်ပိုင်း အသက် ၄ နှစ်ဝန်းကျင်အရွယ်မှာ ကလေးတွေအနေနဲ့ ကိုယ်စားနေတဲ့ အစားအစာနဲ့ ပတ်သက်ပြီး အရသာ၊ အရောင်၊ ပုံစံ၊ အနံ့တွေကို ကောင်းကောင်း ခွဲခြားတတ်နေပြီဖြစ်ပြီး ကိုယ် ဘယ်အစားအစာကို ကြိုက်လဲ၊ မကြိုက်ဘူးလဲဆိုတဲ့ အပြုအမူတွေ စတင်တွေ့လာရနိုင်ပါတယ်။
အစားကြေးများတဲ့ အမူအကျင့်တွေဟာ ထိန်းချုပ်ဖို့ လိုအပ်လား။
လူကြီးတွေတောင် ဟိုဟာ မစားရဘူး၊ ဒီဟာ မစားရဘူးဆိုရင် စိတ်က စားချင်စိတ် ဖြစ်မိသေးတာပဲမလား။ ကလေးအရွယ်ဆိုတော့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘာမှလည်း သေချာ နားလည်နိုင်သေးတာ မဟုတ်တဲ့အတွက် အဲ့လိုမျိုး ဖိအားပေးပြီး အတင်းအကြပ် မစားချင်တာကို ကျွေးတာမျိုးတော့ ရှောင်ဖို့ လိုပါတယ်။ ကိုယ့်ကလေး စားချင်နေတဲ့ အစားအစာ၊ မုန့်တွေက အာဟာရ မဖြစ်ဘူးမလား၊ ဒါဆိုရင် လုံးဝ မစားနဲ့လို့ ပြောတာမျိုးထက် မုန့်ပဲ သရေစာအနေနဲ့ ကျွေးတာ၊ တစ်နေ့ တစ်ခု၊ နှစ်ခုလောက် ကျွေးတာမျိုးတော့ လုပ်ပေးပါ။ ကလေး စိတ်ချမ်းသာရင် ပြီးရော၊ စားချင်တာ စား ဆိုပြီးတော့လည်း လွှတ်တော့ မပေးထားလိုက်ပါနဲ့။ ကလေးအရွယ်မှာ ကတည်းက အာဟာရ မပြည့်ဝခဲ့ရင် ကြီးလာတဲ့အခါ တခြားကလေးတွေနဲ့ ယှဉ်လိုက်လို့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှု နှေးကွေးတာ၊ ဖျားနာ၊ ရောဂါတွေဖြစ်ဖို့ အရမ်းလွယ်ပါတယ်။
အသား အရမ်းကြိုက်တဲ့ ကလေးတွေဆိုရင် ပရိုတင်းဓာတ်တော့ များများရနိုင်ပေမယ့် တခြား ဟင်းသီးဟင်းရွက်တွေက ဗီတာမင်ဓာတ်တွေ လစ်ဟင်းသွားနိုင်ပါတယ်။ ဒီတော့ အသားဟင်းထဲကို အရွက်တွေ ထည့်ချက်တာ၊ မုန့်ပဲသရေစာ အနေနဲ့ ဟင်းသီးဟင်းရွက်၊ အစေ့အဆန် ကျွေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ အရွက်ပဲ ကြိုက်ပြီး အသားမစားချင်တဲ့ ကလေးဆိုရင်လည်း အရွက်ပြုတ်ရည်၊ အရွက်ကြော်တွေကိုမှ အသားလေး နည်းနည်း ရောချက်တာ၊ ဒါမှမဟုတ် ကြက်စွပ်ပြုတ်ကို ဟင်းရည်အနေနဲ့ တိုက်တာမျိုး၊ ပဲများများ ကျွေးတာ၊ အိပ်ခါနီး နွားနို့ တိုက်ပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။ အဓိက မိဘတွေ သိထားဖို့ လိုတာက ကိုယ့်ကလေးတွေ ကြိုက်တာ ဘာလဲ၊ သူတို့ စားနေတဲ့ အစားအစာကနေ ဘယ် အာဟာရဓာတ်တွေ ရနိုင်ပြီး ဘယ်လိုဓာတ်တွေတော့ လိုအပ်နေမလဲ စတာတွေကို သိထားဖို့လိုပါတယ်။
နောက်တစ်ခုက အချို အရမ်းကြိုက်တဲ့ ကလေးပါ။ ကလေးဆိုတဲ့ အရွယ်တွေသည် အချို အရမ်းကြိုက်တတ်ပါတယ်။ ဒီအတွက်ကြောင့် တတ်နိုင်ရင် အချိုကျွေးတဲ့ အကျင့်ကို လုံးဝလုပ်မပေးပါနဲ့။ အကယ်လို့ ကျွေးမယ်ဆိုရင်လည်း ကန့်သတ်ထားပါ။ အလွန်အကျွံ မဖြစ်ပါစေနဲ့။ အချိုတွေပဲ စားပြီး အဓိက အာဟာရဖြစ်တာတွေကို မစားဘဲ နေတာမျိုး လုံးဝ မလုပ်ပါနဲ့။
မိဘတွေရော ဘာတွေ ပြင်ဆင်ဖို့ လိုမလဲ။
ကလေးတွေဆိုတာ အတုမြင် အတတ်သင်တဲ့ အရွယ်ဖြစ်တာကြောင့် ကျန်းမာရေးနဲ့ အာဟာရအကြောင်း ဒီအတိုင်းကြီး ပြောနေရင် သူတို့ ကောင်းကောင်း နားလည်သဘောပေါက်နိုင်မှာ မဟုတ်ပါဘူး။ အဲဒီတော့ မိဘတွေက စံပြအနေနဲ့ ကလေးတွေရှေ့မှာ အာဟာရဖြစ်မယ့် အစားအစာတွေကို စားပြပါ။ စားနေရင်းနဲ့ ဒါတွေ စားရင် ဘယ်လိုကျန်းမာနိုင်လဲဆိုတာကို ကလေး နားလည်လွယ်လောက်မယ့် ပုံစံမျိုးနဲ့ ရှင်းပြပါ။ ချက်ချင်းကြီး ဖိအားပေးပြီး အတင်းစားခိုင်းတာမျိုးတော့ မလုပ်ပါနဲ့။ ပြီးတော့ ကိုယ့်ကလေးက အစားနဲ့ ပတ်သက်လာရင် အရမ်းကြေးများတာ၊ ဓာတ်မတည့်တာတွေ ရှိရင် ဆရာဝန်နဲ့ သေချာပြသပြီး ကိုယ့်ကလေး ဘယ်လိုအာဟာရဓာတ်တွေ လိုအပ်နေမလဲ၊ လိုအပ်ရင် ဖြည့်စွက်အားဆေးတွေ တိုက်ကျွေးဖို့ကိုလည်း အကြံဉာဏ်တောင်းကြည့်လို့ ရပါတယ်။
Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
[embed-health-tool-vaccination-tool]