backup og meta

အသီးအရွက်စားဖို့ ကလေးကို ဖိအားပေးသင့်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသီးအရွက်စားဖို့ ကလေးကို ဖိအားပေးသင့်သလား

    မိဘတိုင်းက ကိုယ့်သားသမီးကို အာဟာရဓါတ်ေတွပြည့်ဝအောင်ကျွေးမွေးစောင့်ရှောက်နိုင်ဖို့ အဓိကကြိုးစားကြမှာပါပဲ။ ခန္ဓါကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓါတ်တွေဆိုတာ အစားအစာတစ်မျိုးတည်းကမရနိုင်သလို အသား၊ငါးတွေအပြင် အသီးအရွက်၊ အသီးအနှံမျိုးစုံကို စားသုံးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကလေးဆိုတာ သူကြိုက်တာတွေချည်းရွေးစားမှာပဲ။ စားသင့်တာတွေ စားဖြစ်ပါ့မလား ပူရပြန်ရော။

    အများစုကတော့ အချိုကြိုက်တယ်၊ သရေစာတွေကြိုက်တယ်၊ အသားငါးနဲ့လုပ်တဲ့စားစရာတွေစားရင်စားမယ်၊ အသီးအရွက်ကျတော့ ဖယ်စားတာများပါတယ်။ တချို့အသားမကြိုက်ဘဲ အသီးအရွက်ပဲစားတဲ့ကလေးတွေကတော့ခြွင်းချက်ပေါ့လေ။

    အသီးအရွက်က ဘာကြောင့်အရေးကြီးတာလဲ

    ကလေးအာဟာရမှာ အသားနဲ့အသီးအရွက်ညီညွတ်မျှတဖို့လိုအပ်တာက လူတိုင်းသိပါတယ်။ အသီးအရွက်တွေမှာ ဗီတာမင်နဲ့သတ္တုဓါတ်အမျိုးစုံအပြင် အမျှင်ဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာမို့ နေ့စဉ်အာဟာရမှာ မပါလို့မဖြစ်ပါဘူး။ မေမေတို့ဖြစ်စေချင်တဲ့ ဖွံ့ဖြိုးကြီးထွားမှုနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေဆိုတာ အသွေးအရောင်စုံတဲ့ အာဟာရအစားအသောက်တွေဆီက အများဆုံးအရင်းခံလာတာ မမေ့ပါနဲ့နော်။

    ဒါဆို ကလေးကို အသီးအရွက်စားဖြစ်အောင် ဘယ်လိုကျွေးမလဲဆိုတာပြဿနာပါ။ အတင်းအကျပ်ဖိအားပေးပြီးကျွေးတာတော့ လုံးဝမလုပ်သင့်ပါဘူး။ အစားစားဖို့ဖိအားကိုမပေးသင့်တာပါ။ အတင်းအကျပ်စားခိုင်းရင် ကလေးက အဲဒီအစားအစာကို ပိုလို့တောင်မုန်းသွားနိုင်ပါတယ်။ အစားအသောက်နဲ့ပတ်သက်ပြီး မကောင်းတဲ့ခံစားချက်ဖြစ်သွားစေတာက နည်းလမ်းကောင်းတစ်ခုမဟုတ်ပါဘူး။

    အသီးအရွက်စားဖြစ်အောင် ဘယ်လိုဆွဲဆောင်မလဲ

    ကိုယ်က အရှေ့က စားပြမယ်

    ထမင်းစားတဲ့အခါဖြစ်ဖြစ်၊ အဆာပြေအနေနဲ့ဖြစ်ဖြစ် အသီးအရွက်လေးတွေ ကိုယ်ကစားပြတယ်ဆို ကလေးကလိုက်စားကြည့်ချင်လာမှာပဲလေ။ ကလေးဆိုတာ လူကြီးတွေဆီက အတုမြင်အတတ်သင်တဲ့အရွယ်မို့ ဒီနည်းက အသုံးဝင်တာပါ။

    အချိန်ပေးပါ

    စစချင်းစားဖူးကာစမှာ ဘယ်အသီးအရွက်ကိုမှ ကလေးက ကြိုက်မယ်လို့မမျှော်လင့်ထားပါနဲ့။ စိတ်ရှည်ရှည်ထားပြီး ကလေးကိုချော့ကျွေးပါ။

    အလှဆင်ပါ

    ကလေးဆိုတာ အပြင်အဆင်လေးလှရင်၊ အရောင်စုံရင်၊ ချစ်စရာကောင်းတဲ့ဒီဇိုင်းလေးဆိုရင် မက်မောတတ်ကြတာသဘာဝပါ။ မုန်လာဥနီလေးကို ပန်းပွင့်ပုံစံ၊ အရုပ်လေးတွေပုံစံဖော်ပြီးပြင်ဆင်ပေးရင် လက်ကလေးလှမ်းပြီး ယူစားပါလိမ့်မယ်။ သခွားသီးကို အလွှာလေးတွေနဲ့ လုပ်ပေးတာတို့၊ မုန်လာဥနီကို အချောင်းလေးတွေလှီးပြီးပြင်ဆင်ပေးတာလည်းရပါတယ်။

    သူတို့ကိုရွေးချယ်ခွင့်ပေးပါ

    ဟင်းသီးဟင်းရွက်ချက်မယ်ဆိုတိုင်း ဘယ်ဟာလေးရွေးမလဲဆိုတာ တစ်ခါတလေ ကလေးကိုဝင်ဆုံးဖြတ်ခိုင်းပါ။ အသီးအရွက်နာမည်တွေနဲ့ ရင်းနှီးကျွမ်းဝင်လာပြီး လွတ်လပ်စွာရွေးချယ်ခွင့်ရှိတဲ့စိတ်ခံစားချက်ကိုရစေပါတယ်။

    ချက်ပြုတ်ရာမှာ ကူညီခိုင်းပါ

    မီးဖိုခန်းထဲ ကလေးကိုခေါ်တာ အန္တရာယ်များနိုင်တယ်၊ အလုပ်ပိုရှုပ်နိုင်တာမို့ အသီးအရွက် လှီးဖြတ်၊ အရွက်သင်တဲ့အခါ အပြင်ကိုယူလာပြီး ကလေးနဲ့အတူလုပ်ပါ။ပြောသာပြောရတာပါ ကလေးကိုပေးဆော့ထားသလိုပါပဲ။ အသီးအရွက်တွေ တချို့ကို ကလေးလက်ထဲထည့်ပေးထားပြီး အတူအလုပ်လုပ်ခိုင်းပါ။

    ချီးကျူးစကားပြောပါ

    ကလေးက စားလိုက်တဲ့အခါတော်လိုက်တာ၊ လိမ်မာလိုက်တာစသည်ဖြင့် ချီးကျူးစကားပြောပေးပါ။ ဒီလိုစကားလေးတွေက အသီးအရွက်နောက်တစ်မျိုးကို ထပ်စားကြည့်ဖို့ ကလေးကို လှုံ့ဆော်ပေးလိုက်သလိုပါပဲ။

    ဒီနည်းလမ်းလေးတွေနဲ့ အသီးအရွက်မစားတဲ့ ကလေးကို အာဟာရပြည့်အောင်ဖြည့်ဆည်းထောက်ပံ့လို့ရပြီနော်မေမေတို့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement