backup og meta

ကျန်းမာရေးနဲ့မညီတဲ့ သရေစာ ဘယ်လိုရှောင်ရှားစေမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးနဲ့မညီတဲ့ သရေစာ ဘယ်လိုရှောင်ရှားစေမလဲ

    သိတတ်ကာစအရွယ် ကလေးတွေအတွက်တော့ အရာရာအသစ်အဆန်းတွေချည်းပဲမို့ ဟိုမုန့်စားချင်၊ဒီမုန့်စားချင်၊ လူကြီးစားသမျှ လိုက်စားချင်တတ်ကြတာပဲ။ အရောင်နဲ့ဒီဇိုင်းအသွင်အပြင် လှရမယ်၊ အရသာချိုမယ်၊မွှေးမယ်ဆို ဘာဖြစ်ဖြစ် လာထား။ ဝယ်ကျွေးဖို့ ပူဆာတော့တာ။ ဒီအရွယ်မှာ သူတို့ကိုယ်တိုင်ပြေးမဝယ်နိုင်သေးတော့ သရေစာမုန့်တွေက ကလေးအတွက် ကျန်းမာရေးနဲ့ညီဖို့က ဝယ်ကျွေးတဲ့ မိဘတာဝန်ဖြစ်ပါတယ်။ သူတို့ကြိုက်တဲ့မုန့်တွေ၊စားစရာတွေချည်း ဝယ်ပေးလို့ကတော့ဆေးလိုက်ကုလို့ကိုဆုံးမှာမဟုတ်ဘူးလေ။ဈေးကွက်မှာက အမှတ်တံဆိပ်အစုံ၊ အရည်အသွေးစုံ၊ အမျိုးအစားစုံတွေပေါများလွန်းပါတယ်။ အခုမှဖွံ့ဖြိုးကာစ ခန္ဓာကိုယ်လေးတွေကို အဆိပ်အတောက်ဖြစ်စေမယ့် အစားအစာတွေတော့ စိတ်ကြိုက်စားခွင့်မပေးထားသင့်ပါဘူး။

    သရေစာ ဆိုတာ မကောင်းတဲ့အမူအကျင့်တော့မဟုတ်ပါဘူး။ ရွေးချယ်လိုက်တဲ့ သရေစာက ကျန်းမာရေးအတွက်သင့်တော်ပြီးဘေးကင်းနေဖို့ပဲလိုတာပါ။ ဘာလို့ဆို တစ်ခါတည်းနဲ့ပမာဏအများကြီးမစားနိုင်သေးတဲ့ ကလေးတစ်ယောက်အတွက် သရေစာကနေ အာဟာရဓာတ်တွေဖြည့်စွက်ပေးနိုင်လို့ပါပဲ။ မုန့်တွေပဲစားချင်နေပြီး ထမင်းချိန်ကျ လုံးဝငြင်းဆန်နေတတ်တဲ့ကလေးတွေဆို ဖြည့်စွက်အာဟာရပိုတောင်လိုအပ်နေပါသေးတယ်။ ဒါ့ကြောင့် ထမင်းထက် သရေစာမုန့်ကိုတစွတ်စွတ်စားဖို့ ပိုခုံမင်တတ်တဲ့ ကလေးတွေအတွက် အာဟာရေပးမယ့်သရေစာတွေ စီစဉ်ပေးနိုင်ဖို့အရေးကြီးပါတယ်။ ဒါနဲ့ ဘယ်သရေစာတွေက ကလေးအတွက်မကောင်းတာလဲဆိုတာ အရင်ပြောကြည့်ရအောင်။

    • အချိုများတဲ့ အချိုရည်တွေ – အချိုရည်လေးပိုက်တပ်ပြီးပေးထားရင်ကျေနပ်နေတတ်တဲ့မျက်နှာလေးတွေကို အမြဲကြည့်မနေပါနဲ့။ အချိုရည်တွေနဲ့အားဖြည့်အချိုရည်တွေမှာပြုပြင်စီမံထားသမျှဟာ နုနယ်တဲ့ကလေးအတွက် အဆိပ်အတောက်တွေပါ။
    • ဆီကြော်မုန့်၊ အဆီများတဲ့စားစရာ တွေက အဝလွန်ခြင်းအန္တရာယ်အပြင် ဆီမသန့်ရင် တခြားဆိုးကျိုးတွေများတာကြောင့် လူကြီးအတွက်တောင် မသင့်တော်တာ ကလေးအတွက်ဆို ဘယ်လိုရှိမလဲတွေးကြည့်ပါနော်။
    • သကြားလုံး၊ ကိတ်မုန့်(ခရင်မ်တွေ၊အရောင်ဆိုးဆေးတွေပါတဲ့)၊ရေခဲမုန့်၊ ရေခဲထုပ်စတာတွေကိုလည်း ဗိုက်မဝဘဲ ခဏခဏစားဖို့ စွဲလမ်းတတ်ကြပါတယ်။
    • ကုန်ပစ္စည်းအရည်အသွေးမပြည့်မီတဲ့ ရယ်ဒီမိတ်စားစရာတွေ– ပါဝင်ပစ္စည်းထဲမှာ စားအုန်းဆီအခဲတွေ၊ အရသာအတု၊ အရောင်အတုနဲ့ အရည်အသွေးမမီတဲ့ကုန်ကြမ်းတွေနဲ့ ထုတ်လုပ်ထားတဲ့ မုန့်ထုပ်တွေဝယ်ကျွေးထားမိရင် ကျန်းမာရေးဆိုးကျိုးတွေမသိမသာရော၊ သိသိသာသာပါ ရှိလာနိုင်ပါတယ်။
    • အချဉ်ပေါင်း – ဆီးထုတ်သိပ်စားချင်တဲ့အရွယ်ဆိုပေမယ့် မကျွေးသင့်ပါဘူး။ ချိုချဉ်အရသာ အသီးအစစ်နဲ့ ကိုယ်တိုင်ယိုထိုးကျွေးရင်တောင် ကလေးအတွက်အာဟာရ ရရှိမှုနည်းပါလိမ့်မယ်။ သူ့နေရာမှာ သီးစုံပူတင်းလုပ်ကျွေးတာမျိုးက အာဟာရအစုံပါဝင်နိုင်ပါတယ်။

    ဒါဆို သရေစာကြိုက်တဲ့ကလေးကိုဘေးကင်းပြီးအာဟာရပြည့်အောင် ဘယ်လိုစီစဉ်ပေးလို့ရမလဲ စဉ်းစားကြည့်ကြရအောင်။ အဓိကအားဖြင့် ဒီသုံးချက်နဲ့ပြည့်စုံနိုင်ပါတယ်။

    (၁) ငြိမ်ဆေးအဖြစ်နဲ့ သရေစာမကျွေးပါနဲ့

    မိဘတော်တော်များများက ကလေးကိုမုန့်ထုပ် သို့မဟုတ် အချိုရည်လိုမျိုး စားစရာတစ်ခုခုပေးထားတာဟာ ကလေးကဆာနေလို့မဟုတ်၊ ဗိုက်ပြည့်စေမယ့်အရာလည်းမဟုတ်ဘဲ ကလေးစိတ်ကျေနပ်အောင်၊ငြိမ်နေအောင်လို့ အာရုံစိုက်စရာပေးထားတာဖြစ်ပါတယ်။ ကလေးက မုန့်တွေကို စားချင်လည်းစားမယ်၊ဆော့ရင်လည်းဆော့ပစ်မယ်၊ ဒီလိုပေးထားခြင်းအားဖြင့် ကလေးကလျောက်ပြေးဆော့တာ၊ စူးစမ်းလှုပ်ရှားတာတွေမလုပ်ဖြစ်တော့ ထိန်းရသက်သာပေမယ့် ရလဒ်ကျ အဝလွန်ခြင်းကိုအားပေးသလိုဖြစ်စေတဲ့အပြင် ကလေးရဲ့လှုပ်ရှားနိုင်စွမ်း၊ ဦးနှောက်နဲ့ခန္ဓါကိုယ်ဖွံ့ဖြိုးကြီးထွားမှုကို အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒီလိုကျွေးမယ်ဆို ကျန်းမာရေးအတွက်ဘေးကင်းမယ့်၊ အားရှိစေမယ့်စားစရာဖြစ်ဖို့ ဂရုစိုက်ပါ ဒါမှမဟုတ် ကစားစရာအရုပ်၊ ကစားနည်းတစ်ခုခုနဲ့အာရုံပြောင်းပါ။

    (၂) အချိန်က သော့ချက်ပါ

    လမ်းလျှောက်တတ်စအရွယ်တွေ ထမင်းစားချိန်တိုင်း ပတ်ပြေးတဲ့ပြဿနာက မသေးပါဘူး။ သူတို့အကြိုက်ကလည်း တစ်ရက်နဲ့တစ်ရက် မတူဘဲ အမြဲပြောင်းလဲနေတာကရှိသေးတယ်။ ဒီလိုဖြစ်ရတဲ့ကြားထဲ ပိုဆိုးစေတာက သရေစာမုန့်တွေလျှောက်စားထားတဲ့ကလေးတွေဟာ ထမင်းကောင်းကောင်းမစားတော့တာမျိုးပါ။ သရေစာမုန့်ကကျွေးလို့ရပေမယ့် ထမင်းစားချိန်ကိုအနှောင့်အယှက်မဖြစ်စေဖို့ အချိန်ရွေးချယ်မှုမှန်ကန်ရပါမယ်။ ထမင်းကျွေးချိန်နီးရင် ဘာမုန့်မှမကျွေးပါနဲ့။ ဘယ်အချိန်မှာ မုန့်စားလို့ရမလဲဆိုတာ အချိန်တစ်ခုကို အလေ့အကျင့်လေးလုပ်ပေးထားဖို့ အရေးကြီးပါတယ်။

    (၃) အာဟာရပြည့်တဲ့ သရေစာပဲကျွေးပါ

    စီမံထုပ်ပိုးထားတဲ့ သရေစာမုန့်တွေဟာ အချိုနဲ့အငန်ပါဝင်တဲ့အပြင် အရသာရှိအောင်ပြုပြင်ဖန်တီးထားတာများပါတယ်။ ရံဖန်ရံခါလောက်တော့ပြဿနာမရှိပေမယ့် ကလေးအတွက် လိုအပ်တဲ့အာဟာရေတွပါဝင်ဖို့ မသေချာပါဘူး။ ဒါ့ကြောင့် သရေစာချိန်မှာ အပြင်မုန့်တွေထက် ပူတင်း၊ အသီးဖျော်ရည်(အချိုလျှော့) တို့လို ကိုယ်တိုင်လုပ်ကျွေးတဲ့စားစရာတွေကဘေးလည်းကင်း၊ အာဟာရလည်းပြည့်စေနိုင်ပါတယ်။ ဖွံ့ဖြိုးကြီးထွားမှုအတွက် အထောက်အကူပေးနိုင်တဲ့ အာဟာရနို့မှုန့်တွေ၊ဖြည့်စွက်အာဟာရတွေလည်း တိုက်ကျွေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement