backup og meta

အသက်အရွယ်အလိုက်ကလေးတစ်ယောက်ဖွံ့ဖြိုးမှုတွေနဲ့ မိဘတွေဘက်က သင်ပေးသင့်သည်များ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်အရွယ်အလိုက်ကလေးတစ်ယောက်ဖွံ့ဖြိုးမှုတွေနဲ့ မိဘတွေဘက်က သင်ပေးသင့်သည်များ ။

    ကလေးဆိုတာကလည်း မွေးဖွားပြီးအပြင်ရောက်လာတာနဲ့ ငယ်တဲ့ အရွယ်မှာပဲ အမြဲတမ်း တန့်မနေပါဘူး။ သူ့အသက် အပိုင်းအခြားအလိုက် ဖွံဖြိုးလာမယ်။ ပတ်ဝန်းကျင်ကို စူးစမ်းမယ်။ လေ့လာသင်ယူမယ်။ ကြီးထွားဖွံ့ဖြိုးမှု စံနှုန်းတွေက ကလေးတိုင်းမှာ ပုံသေဖြစ်မနေတဲ့အတွက် ကလေးတစ်ယောက်နဲ့ တစ်ယောက်ရဲ့ ဖွံဖြိုးမှုတွေက မတူကြပါဘူး။

    တချို့ဆို ငယ်ငယ်လေးထဲက စကားတွေ အရမ်းတတ်နေတာ ဖြစ်နိုင်သလို စကားပြောနောက်ကျနေတဲ့ ကလေးတွေလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် သူများကလေးက အကုန်တတ်နေပြီး ကိုယ့်ကလေး ဘာမှ မလုပ်နိုင်သေးဘူးဆိုရင် ကိုယ့်ကလေးက ဖွံ့ဖြိုးမှုများနောက်ကျနေတာလားလို့ စိုးရိမ်နေကြတဲ့ မိဘတွေ အတွက် ဒီဆောင်းပါးကို ရည်ရွယ်ပါတယ်။ ဒီဆောင်းပါးလေးထဲမှာ ကလေးတစ်ယောက် မွေးစကနေ အသက် ၃ နှစ်အထိ သူ့အသက်လိုက် ဖွံ့ဖြိုးမှုတွေက ဘာတွေလဲ။ မိဘတွေက ဘာတွေ ပံ့ပိုးပြီး ဘယ်လိုသင်ပေးရမလဲဆိုတာ အဓိကထားပြောပေးမှာပါ။

    ကလေးတစ်ယောက် အသက်အလိုက်ဖွံ့ဖြိုးမှု စံနှုန်းများ နဲ့ သင်ပေးသင့်သည်များ။ ။

    မွေးစကနေ ၄လ
    • ခေါင်းထောင်တတ်ပြီ။
    • လက်ထဲမှာ တစ်ခုခုကို ဆုပ်နေတတ်ပြီ။ အသံတစ်သံကြားရင် ငြိမ် နေတတ်ပြီ။
    • ချော့ရင် ပြုံးပြနေတတ်ပြီး မေမေ့မျက်နှာကို မှတ်မိနေပြီ။ မေမေ့မျက်နှာကို လိုက်ကြည့်နေတတ်ပြီ။

    ဒီ အသက်အရွယ်ကိုယ့်ရင်သွေးလေးရောက်နေပြီဆိုရင် မေမေတို့ သင်ပေးရမှာက ကလေးခေါင်းထောင်တတ်အောင် ကလေးကို မှောက်လျက်ထားပေးပါ။ ကလေးလက်ထဲကို ကိုယ့်လက်ချောင်းလေးတွေထည့်ပြီး ဆုပ်ကိုင်ခိုင်းပါ။ ကိုယ့်ကို မှတ်မိနေပြီလားသိရအောင် တစ်ခါတစ်ခါ သူ့ရှေ့ကပျောက်သွားကြည့်လိုက်ပါ။ သင်ပျောက်လို့ငိုနေပြီဆိုရင် သင့်ကလေး သင့်ကို မှတ်မိနေပါပြီ။

    အသက် ၆လ ဝန်းကျင်
    • မေမေတို့ အကူအညီနဲ့ ဟိုဘက်ဒီဘက် လှိမ့်တတ်နေပြီ။
    • လိုချင်တဲ့ ပစ္စည်းဆီရောက်အောင်သွားပြီး လက်နှစ်ဘက်နဲ့ ကိုင်ကာ ပါးစပ်ထဲထည့်တတ်နေပြီ။ အဖတ်တွေ စစားတတ်နေပြီ။
    • အသံကြားတဲ့နေရာကို လိုက်ကြည့်နေတတ်ပြီ။

    ဖြည့်စွက်စာစားလို့ရတဲ့ အရွယ် ကလေးအသက် ၆ လရောက်ပြီဆိုတာနဲ့ မေမေတို့ ကလေးကို သင်ပေးရမှာက မိခင်နို့အပြင်အခြား ထမင်းတွေ စားတတ်ဖို့ပါ။ အသံတွေကို သိနေပြီဆိုတော့ အသံထွက်တဲ့ ကစားစရာလေးတွေ ဝယ်ပေးပြီး ကိုယ့်ကလေး အသံတွေကြားရင် လှည့်ကြည့်တတ်အောင် သင်ပေးပါ။ တစ်ခု သတိထားရမှာက ပစ္စည်းတွေကို လက်နှစ်ဘက်နဲ့ ကိုင်ပြီး ပါးစပ်ထဲထည့်တတ်တဲ့အတွက် အန္တရာယ် ရှိတာတွေကို ကလေးလက်လှမ်းမှီတဲ့နေရာမှာ မထားမိဖို့ပါ။

    ကလေး အသက် ၉လ
    • ကလေးက တွားသွားတတ်နေပြီ။
    • လိုချင်တာတွေကို လက်ညိုးထိုးပြီး ပြတတ်နေပြီ။
    • မေမေ၊ ဖေဖေလို့ တစ်စွန်းတစ်စ ခေါ်တတ်နေပြီ။ သူ့နာမည်ကို သူသိနေပြီ။
    • တာ့တာ ပြတတ်နေပြီ။

    ကလေး အသက် ၉ လရောက်ပြီဆိုတာနဲ့ ကလေးအခန်းထဲမှာ နည်းနည်းပျော့တဲ့ ဖယောင်းပုဆိုးလေးတွေခင်းပေးပြီး ကလေးတွားသွားတတ်အောင် သင်ပေးပါ။ ကလေးချီထားတဲ့ အခါတိုင်းလည်း ပတ်ဝန်းကျင်ကို ကိုယ်က လက်ညိုးလေးတွေထိုးပြပြီး သားသား ဟိုမှာ ကြည့်စမ်း။ သားသားဘယ်ဘက်သွားချင်လဲဆိုပြီး မေးပေးပါ။ ဒါမှ ကလေးက သွားချင်တာတွေ၊ လိုချင်တာတွေရှိရင် လက်နဲ့ ညွှန်ပြရတယ်ဆိုတာ နားလည်လာမှာပါ။ ကလေးအသက် ၉ လရောက်ပြီဆိုတာနဲ့ နေ့တိုင်း သင်ပေးရမှာက ဒါက မေမေ၊ ဒါက ဖေဖေဆိုပြီး ခေါ်ကြည့်ပါဦး ဆိုတာမျိုးပေ့ါ။ ကိုယ့်ရင်သွေးက မေမေ၊ ဖေဖေလို့ ပထမဆုံးခေါ်တဲ့နေ့ဆို အတိုင်းမသိ ဝမ်းသာတတ်ကြတာ မိဘတိုင်းပါ။

    အသက် ၁နှစ်
    • အသက် ၁ နှစ်အရွယ် ကလေးတွေက ထူပေးရင် မတ်တပ်ရပ်နေတတ်ပါပြီ။
    • အကူအညီတွေနဲ့ လမ်းလျှောက်နေတတ်ပါပြီ။ လက်မနဲ့ လက်ညိုးသုံးပြီး ပစ္စည်းတွေကို ကိုင်တတ်နေပါပြီ။
    • စကားတော်တော်များများကိုလည်း နားလည်နေပါပြီ။ လက်ခုပ်တီးတတ်ပြီး လူစိမ်းမြင်ရင် ငိုတတ်နေပါပြီ။

    မေမေတို့ဘက်က သင်ပေးရမှာက စကားအသုံးအနှုန်းတွေနဲ့ ပစ္စည်းနာမည်တွေ၊ တိရိစ္ဆာန်လေးတွေ နာမည်တွေ၊ အရောင်လေးတွေ ကို ဘယ်လိုခေါ်ရမလဲ စသင်ပေးပါ။ ကလေးလမ်းလျှောက်တတ်အောင်လည်း ဘီးပါတဲ့ လမ်းလျှောက်အကူပစ္စည်းလေးတွေဝယ်ပေးပြီး ကလေးကို လမ်းလျှောက်သင်ပါ။ ချိုမိုင်မိုင် သားချော့တေးတွေကို ကလေးရှေ့ကနေ လက်ခုပ်တီးပြီး ဆိုပြပါ။

    ၁ နှစ်ခွဲ
    • ခုံတွေပေါ်ဖက်တက်နေတတ်ပြီ။ ပြေးတတ်နေပြီ။
    • စကား သုံးလေးခွန်းလောက်ပြောတတ်နေပြီ။ နား၊ မျက်စိ၊ နားရွက်တွေကို လက်ညိုးထိုးပြတတ်နေပြီ။
    • အပေါ့၊ အလေးသွားချင်တာကို ဖော်ပြတတ်နေပြီ။ ပြောစကားတွေ နားထောင်ပြီး လိုက်လုပ်နေတတ်ပြီ။

    ကဲ ဒီအချိန်ကတော့ မေမေတို့ အပင်ပန်းရဆုံးအချိန်ပါ။ တောက်တောက်၊ တောက်တောက်လျှောက်ပြေးနေတဲ့ ကလေးကို သေချာသာလိုက်ထိန်းကြပေတော့။ ထမင်းစားရင် ခုံပေါ်မှာစားတတ်ဖို့ ကလေးအတွက် သီးသန့်ထိုင်ခုံလေးတွေဝယ်ပေးပါ ။ သေးခံထဲပါချတာ မဟုတ်ဘဲ ဆီးခွက်တွေထဲ ကလေး အပေါ့ အလေးသွားတတ်အောင် သင်ပေးပါ။ မျက်နှာပေါ်က အစိတ်အပိုင်းတွေ ကလေးနားလည်ဖို့ဆိုတာ မေမေတို့ သင်ပေးမှ ဖြစ်မှာပါ။ ကိုယ့်ကလေးကို သားသားလက်ခုပ်တီးပါဦး၊ မေမေ၊ဖေဖေလို့ခေါ်ပါဦးဆိုပြီး ကလေးကို ခိုင်းပေးမှ ဒါမျိုးတွေ လုပ်ရတယ်ဆိုတာ သူတို့နားလည်မှာ ဖြစ်ပါတယ်။

    အသက် ၂ နှစ်
    • လှေကားတွေကို ခြေထောက်နှစ်ဘက်သုံးပြီး တစ်ထစ်ချင်းတက်တတ်နေပြီ။
    • စကားကို ပြည့်စုံအောင် အကြောင်းလိုက်ပြောတတ်နေပြီ။
    • ကိုယ့်နာမည်ကိုယ်သိနေပြီ။
    • စာရွက်တွေကို လှန်တတ်နေပြီ။

    ကိုယ့်အိမ်မှာ လှေကားရှိတယ်ဆိုရင် စိုးရိမ်လို့ဆိုပြီး ၂ နှစ်အရွယ်ကလေးကို ချီပြီး မတက်ပါနဲ့တော့။ အဲဒီအစား ကလေးလှေကားတက်တတ်အောင် ဘေးကနေ သင်ပေးပါ။ အားပေးပါ။ ကလေးအတွက် သင့်တော်တဲ့ စာအုပ်တွေဝယ်ပေးပြီး ပုံပြင်တွေပြောပြပါ။ သားသားနာမည် ဘယ်လိုခေါ်လဲလို့သူများတွေမေးရင် ပြန်ဖြေတတ်အောင် အိမ်မှာ ကလေးကို နာမည်လေးတွေ ခေါ်ခေါ်ပေးပါ။

    အသက် ၃ နှစ်
    • လှေကားကို ခြေထောက် တစ်ဘက်ချင်းစီနဲ့ တစ်လှမ်းချင်းတက်တတ်နေပြီ။
    • အထိန်းပါတဲ့ စက်ဘီးစီးတတ်နေပြီ။
    • ဝလုံးဆွဲတတ်နေပြီ။
    • ကိုယ့်နာမည်၊ အသက်နဲ့ သားသားလား မီးမီးလားဆိုတာ သူများတွေမေးရင် ပြောပြတတ်နေပြီ။
    • သေးပေါက်ချတာတွေလည်း နည်းသွားလို့သေးခံတွေလည်း ခဏ ခဏ လဲစရာ မလိုတော့ဘူး။ ။

    အသက် ၃ နှစ်ဆိုတာ မူကြိုကျောင်းတက်လို့ ရနေတဲ့ အရွယ်ပါ။ မူကြိုကျောင်းထားပြီး ဝလုံးရေးတတ်အောင်၊ စာရေးတတ်အောင် သင်ပေးလို့ရနေပါပြီ။ အထိန်းပါတဲ့ စက်ဘီးလေးဝယ်ပေးပြီး ကလေးစက်ဘီးစီးတတ်အောင် ဘေးကနေ လိုက်ထိန်းပြီး သင်ပေးလို့ရနေပါပြီ။

    ကိုယ့်ကလေးက သူများကလေးတွေထက် မသာနေရင်တောင် အရာရာမှာနောက်ကျ ကျန်မနေခဲ့စေချင်ကြတာ မိဘတိုင်းရဲ့ စေတနာပါ။ သားသားမီးမီးလေးတွေ ဗိုက်ထဲမှာရှိနေတည်းက သူတို့လေးတွေ အပြင်ရောက်လာရင် ဘယ်လိုသင်ပေးမယ်၊ ဘယ်လိုပြုစုပေးမယ်၊ ဘယ်လိုထိန်းကျောင်းမယ်ဆိုတဲ့ စိတ်ကူးတွေ မိဘတိုင်းမှာရှိကြပါတယ်။ ဒီလို စိတ်ကူးရှိကြတဲ့ မိဘတိုင်း အတွက် ခုဆောင်းပါးလေးက အထောက်အကူဖြစ်စေမယ်လို့ ရည်ရွယ်ပါတယ်။ ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement